မက်ဆီမပါသော်လည်း El Clásico တွင် အနိုင်ရရန် ဘာစီလိုနာအသင်းလုံလောက်သည့်အင်အားရှိကြောင်း ဂရီးဇ်မန်း ဆို

မက်ဆီမပါသော်လည်း El Clásico တွင် အနိုင်ရရန် ဘာစီလိုနာအသင်းလုံလောက်သည့်အင်အားရှိကြောင်း ဂရီးဇ်မန်း ဆို
Published 28 October 2018

 

အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး ဂရီးဇ်မန်းက El Clásico တွင် မက်ဆီမပါဝင်သော်လည်း ဘာစီလိုနာအသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ကစားရန်လုံလောက်သည့် အင်အားရှိကြောင်း ပြောကြားခဲ့သည်။

လာလီဂါပွဲစဉ် (၁၀) ၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဘာစီလိုနာ နှင့် ရီးယဲလ်မက်ဒရစ်တို့၏ El Clásico ပွဲကို အောက်တိုဘာလ (၂၈) ရက်နေ့ မြန်မာစံတော်ချိန် ည (၉း၄၅) နာရီတွင် ဘာစီလိုနာအသင်း၏ အိမ်ကွင်းနူးကမ့်၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်နှင့်ပတ်သက်ပြီး ဂရီးဇ်မန်းကို ESPN သတင်းဌာနက ၄င်း၏ထင်မြင်ချက်ကိုပြောပြရန် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဂရီးဇ်မန်းက ” El Clásico ပွဲဟာ အရင်တုန်းက El Clásico ပွဲတွေလိုပဲ စိတ်ဝင်စားစရာကောင်းပြီး လှပတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာဦးမှာပါ။ ဘာစီလိုနာအသင်းမှာ မက်ဆီမကစားနိုင်တာကတော့ စိတ်မကောင်းစရာပေါ့ဗျာ။ ဒါပေမဲ့ ဘာစီလိုနာအသင်းမှာ ရီးယဲလ်မက်ဒရစ်ကို အနိုင်ကစားဖို့ ကစားသမားအင်အား အလုံအလောက်ရှိပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းကလည်း အမှတ်ပေးဇယားမှာ အပေါ်ရောက်ဖို့အတွက် ဒီပွဲကိုအနိုင်ရဖို့လိုအပ်နေပါတယ်။ ဘာပဲပြောပြော ဒီပွဲကတော့ လှပတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ” ဟုပြောကြားခဲ့သည်။

တနင်္ဂနွေညတွင် ကစားမည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ El Clásico ပွဲစဉ်မှာ (၁၁) နှစ်အတွင်း မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ တစ်ဦးမှ မပါဝင်သည့် El Clásico ပွဲစဉ်အဖြစ်မှတ်တမ်းဝင်မည်ဖြစ်ပြီး ၄င်းတို့ (၂) ဦးမပါဝင်ခြင်းကြောင့် ပရိသတ်များ၏ စိတ်ဝင်စားမှုလျော့ကျသွားဖွယ်ရှိနေကြောင်း ကမ္ဘာ့မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent