စီးပွားရေးကြီးထွားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု

စီးပွားရေးကြီးထွားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု
Published 26 October 2018

 

စီးပွားရေးကြီးထွားမှုသည် ထုတ်လုပ်မှုအဆင့်အတန်း တိုးတက်မှုနှင့် ပတ်သက်သော်လည်း စီးပွားရေးဖွံ့ဖြိုးမှုသည် ထုတ်လုပ်မှုအဆင့်အတန်း တိုးတက်မှုသာမက နိုင်ငံအတွင်း၌ ပြည်သူတို့၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကောင်းကျိုးချမ်းသာ တိုးတက်မှုနှင့်ပါ ပတ်သက်နေသည်။ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုသည် စီးပွားရေးကြီးထွားမှုနှင့် ပြည်သူတို့၏ ကောင်းကျိုးချမ်းသာ တန်ဖိုးများ နှစ်ရပ်ပေါင်းဖြစ်သည်။

အချို့သဘောတရားရေးရာ ပညာရှင်များက ဆင်းရဲသောနိုင်ငံများသည် တစ်ခါတစ်ရံ စီးပွားရေးကြီးထွားမှုရှိသော်လည်း စီးပွားရေးဖွံ့ဖြိုးမှု ခြေလှမ်းများ မရှိသလောက် နည်းပါးသည်ဟု ဆိုကြသည်။ ဥပမာအားဖြင့် ယင်းနိုင်ငံတို့သည် အဓိအားဖြင့် ချမ်းသာကြွယ်ဝသော ဖွံ့ဖြိုးပြီးနိုင်ငံများအား ရင်းမြစ်ထောက်ပံ့သည့် နိုင်ငံများအဖြစ်သာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ သို့သော် ယင်းအဆိုနှင့် ဆန့်ကျင်ဘက် အဆိုပြုချက်တစ်ရပ်လည်း ရှိနေသည်။ ယင်းမှာ စီးပွားရေးကြီးထွားမှုသည် စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်စေသည်ဟူသည့် အဆိုဖြစ်သည်။ ဝင်ငွေတိုးတက်မှုအချို့က ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကဲ့သို့သော လူသားဖွံ့ဖြိုးမှုကိစ္စရပ်များ၌ ငွေကြေးပိုမိုသုံးစွဲနိုင်စေသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

Ranis နှင့်အဖွဲ့တို့၏ စာတမ်းအရ စီးပွားရေးကြီးထွားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့သည် နည်းလမ်းနှစ်ရပ်အားဖြင့် ဆက်နွှယ်နေကြောင်း သိရသည်။ ပထမဆက်နွှယ်ချက်တွင် လူသားဖွံ့ဖြိုးမှုအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေသော စီးပွားရေးကြီးထွားမှုပါဝင်သည်။ စီးပွားရေးကြီးထွားမှုသည် မိသားစုများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့အား ဝင်ငွေတိုးတက်မှုနှင့်အညီ သုံးစွဲမှုတိုးတက်ခြင်းဆီသို့ ဦးတည်သွားနိုင်စေဖွယ်ရှိသောကြောင့် နောက်ထပ်လူသားဖွံ့ဖြိုးမှုကို ဖြစ်စေသည်ဟု ဆိုသည်။ တစ်ချိန်တည်းမှာပင် သုံးစွဲမှု တိုးတက်ခြင်းနှင့်အတူ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံစနစ်များ ကြီးထွားလာပြီး ယင်းသည် စီးပွားရေးကြီးထွားမှုထဲသို့ ထည့်ဝင်နိုင်သည်ဟု ဆိုသည်။

တစ်သီးပုဂ္ဂလဆိုင်ရာ ဝင်ငွေတိုးတက်မှုများအပြင် စီးပွားရေးကြီးထွားမှုသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိမှုကဲ့သို့သော လူမှုရေး ဝန်ဆောင်မှုများ တိုးတက်စေရေး၌ အသုံးပြုနိုင်သည့် ရင်းမြစ်များကိုပါ ထပ်မံထုတ်လုပ်နိုင်သည်ဟု ဆိုသည်။ လူမှုရေးဝန်ဆောင်မှုများအတွက် အပိုရင်းမြစ်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် လူမှုရေးဝန်ဆောင်မှုများကို လူ့အသိုက်အဝန်း အသီးအသီးအကြား ညီမျှစွာ ဖြန့်ကျက်ပေးခြင်းကဲ့သို့သော နည်းလမ်းအားဖြင့် မညီမျှသော ဝင်ငွေခွဲဝေပုံကို သက်သာလျော့ပါးစေနိုင်သည်။ ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် အကျိုးကျေးဇူးရှိစေသည်ဟု ဆိုသည်။ အတိအကျဆိုလျှင် လူသားဖွံ့ဖြိုးမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုအကြား ဆက်နွှယ်ချက်ကို နည်းလမ်းသုံးရပ်အားဖြင့် ရှင်းပြနိုင်သည်။ ပထမဆုံးအနေဖြင့် ပျမ်းမျှဝင်ငွေတိုးတက်ခြင်းသည် ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးမှု တိုးတက်ခြင်းဆီသို့ ဦးတည်စေနိုင်သည်။ ဒုတိယအနေဖြင့် လူမှုရေးဆိုင်ရာရလဒ်အား ဝင်ငွေအရ ဆင်းရဲမွဲတေမှုကို လျှော့ချခြင်းဖြင့်သာ တိုးတက်အောင်ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ တတိယအနေဖြင့် လူမှုရေးဆိုင်ရာရလဒ်ကို ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးကဲ့သို့သော မရှိမဖြစ်ဝန်ဆောင်မှုများဖြင့်သာ တိုးတက်အောင် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးကြီးထွားလာရုံဖြင့် မလုံလောက်ဘဲ စီးပွားရေးဖွံ့ဖြိုးအောင် ပြုလုပ်နိုင်မှသာ ပြည်သူတို့၏ဘဝများ မြင့်တက်လာနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent