ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စသည် ထောင်ဖမ်းခံရသည်ဟုထင်ကြောင်း ဦးဝင်းထိန် ပြောကြား

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စသည် ထောင်ဖမ်းခံရသည်ဟုထင်ကြောင်း ဦးဝင်းထိန် ပြောကြား
Published 19 December 2017

ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ မင်္ဂလာဗျူဟာခန်းမတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် နေပြည်တော်ခရိုင်နှင့် ရှစ်မြို့နယ် အလုပ်အမှုဆောင်များ တွေ့ဆုံပွဲအား တွေ့ရစဉ် (ဓာတ်ပုံ - ကျော်မျိုး)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စသည် ထောင်ဖမ်းခံရသည်ဟုထင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီဇင်ဘာ ၁၈ ရက်က ပြောကြားသည်။

ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ မင်္ဂလာဗျူဟာခန်းမတွင် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် နေပြည်တော်ခရိုင်နှင့် ရှစ်မြို့နယ် အလုပ်အမှုဆောင်များ တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းချက်အား ၎င်းကဖြေကြားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းချက်အပေါ် ဦးဝင်းထိန်က''အဲဒီလိုအဖမ်းခံရတာ မကောင်းဘူး။ ဒါပေမယ့် ကိုယ်ထင်တာတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာတမ်းတွေနဲ့ မိတယ်လေ။ အဲဒီစာရွက်စာတမ်းတွေက သူနဲ့အတူ ထမင်းစားပြီးကတည်းက အဲဒီရဲတွေဆီက ရတယ်လို့ သိရတယ်။ ထွက်သွားပြီး တစ်နေရာကျတော့မှ အဖမ်းခံရတယ်။ လက်ပူးလက်ကျပ် မိတယ်။ သတင်းထောက်လုပ်ပြီး အဲဒီလောက် အ ရလား ကိုယ်မေးချင်တယ်။ လျှင်ရမယ်လေ''ဟု ပြောကြားသည်။

''၂၀၁၁ တုန်းက တိုင်းမ်မဂ္ဂဇင်းက ဟန်နာဘိရှ်စ် ဆိုတဲ့ကောင်မလေး ကင်မရာမန်းရယ်၊ အသံဖမ်းရယ် သူရယ်လုပ်တာ။ ပြီးတော့ အဲဒါတွေအားလုံးကို ဖွက်ပြီးတော့မှ သူတို့ထွက်သွားကြတယ်။ အဲလောက်ထိ သူတို့က ကျွမ်းကျင်တယ် အလုပ်လုပ်တာ။ အဲဒီတော့ သတင်းထောက်လုပ်ရင်တော့ မအကြနဲ့။ အ ရင်ခံသွားရမှာပဲ။ စိတ်မကောင်းဘူးပေါ့။ စိတ်မကောင်းဘူးဆိုပေမယ့် ခက်တာက သူတို့ကို စွဲတဲ့ပုဒ်မက တစ်မျိုး။ နဂိုကတည်းက ကြံရွယ်ထားမှန်း သိသာတယ် အဲဒီပုဒ်မက။ နိုင်ငံတော်လုံခြုံရေး ဘာညာဆိုတော့ အကြီးကြီးဖြစ်သွားတာ။ အဲဒါ နိုင်ငံတကာဖိအားရယ်၊ ရှေ့နေတွေရဲ့ကျွမ်းကျင်မှုရယ်မူတည်ပြီးတော့ သူတို့ကို ဆွဲထုတ်ရမှာပဲ"ဟု ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး၏အမှုကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တရားရုံးသို့ အမှုစွဲဆို တင်ပို့ထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်ဟု 7 Day သတင်းစာတွင် ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေအရ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် သတင်းမီဒီယာအဖွဲ့အစည်း ၁၂ ခုက တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုသီတင်းပတ်၌ ရန်ကုန်တွင် ရိုက်တာသတင်းဌာနမှ ဂျာနယ်လစ်နှစ်ဦးအား ဖမ်းဆီးလိုက်ခြင်းသည် မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့် ကျဆင်းလာကြောင်း အချက်ပြမှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့နှစ်ဦးအား လွှတ်ပေးရေးအတွက် အတတ်နိုင်ဆုံး ဝိုင်းဝန်းကြိုးပမ်းရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဂျာနယ်လစ်နှစ်ဦးကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအပေါ် အကြီးအကျယ် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၄ ရက်တွင် လန်ဒန်မြို့၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီယာဖရီးလန်းကလည်း သတင်းထောက်များအား ဖမ်းဆီးမှုနှင့်ပတ်သက်၍ အကြီးအကျယ် စိုးရိမ်မိကြောင်း Twitter ၌ ရေးသားထားသည်။

ထို့ပြင် ဒီဇင်ဘာ ၁၅ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က မြန်မာနိုင်ငံ၌ မီဒီယာလွတ်လပ်ခွင့် အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ပြီး ယခု သီတင်းပတ်အတွင်းက ဖမ်းဆီးခံခဲ့ရသော ရိုက်တာသတင်းအေဂျင်စီ၏ ဂျာနယ်လစ်နှစ်ဦးကို ချက်ချင်းပြန်လည် လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

Most Read

Most Recent