ချန်ပီယံလိဂ်ဖလားရယူရန် မန်စီးတီးအသင်း အသင့်မဖြစ်သေးဟု ဂွါဒီယိုလာ ဝန်ခံ

ချန်ပီယံလိဂ်ဖလားရယူရန် မန်စီးတီးအသင်း အသင့်မဖြစ်သေးဟု ဂွါဒီယိုလာ ဝန်ခံ
Published 23 October 2018

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ၎င်းတို့အနေဖြင့် ချန်ပီယံလိဂ်ဖလားကို ရယူရန်အသင့်မဖြစ်သေးကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာ၏ လက်အောက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အမြင့်ဆုံးကွာတားဖိုင်နယ်အဆင့်ထိသာ တက်ရောက်နိုင်ခဲ့သည်။

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ကဲ့သို့ ပြိုင်ပွဲကြီးများတွင် ဗိုလ်စွဲနိုင်ရန်မှာ အသင်းပရိသတ်များ၏ တွန်းအားပေးမှုနှင့် အားလုံးကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာက "ချန်ပီယံလိဂ်လို ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် အစွမ်းကုန်ကြိုးစားဖို့ လိုပါတယ်။ နည်းပြတစ်ယောက်တည်းအားနဲ့ မဖြစ်နိုင်ပါဘူး။ အသင်းမှာရှိတဲ့လူတွေအားလုံး ဝိုင်းဝန်းကြိုးစားမှ ဖြစ်နိုင်တာပါ။ အခုအချိန်ထိ အဲလိုမျိုး ကျွန်တော့်တို့မခံစားရသေးပါဘူး။ အထူးသဖြင့် ပရိသတ်တွေအနေနဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုမျိုး၊ အသင်းကိုတွန်းအားပေးတာမျိုး မရှိသေးပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဂွါဒီယိုလာ၏ လက်ထက်တွင် မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၂၀၁၆-၁၇ ရာသီက ရှုံးထွက် (၁၆) သင်းအဆင့်တွင် မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့သလို ၂၀၁၇-၁၈ ရာသီကလည်း ကွာတားဖိုင်နယ်တွင် လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ရသည်။

ဂွါဒီယိုလာက "ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကတည်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အသင့်မဖြစ်သေးဘူးလို့ ကျွန်တော် မြင်တယ်။ အဲလိုပဲ ခံစားရတယ်။ ဒါက ကျွန်တော့်တို့အနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ မကြိုးစားဘူးလို့ ပြောတာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent