ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း တိုင်ကြားချက် ၂၈၅ ခုရှိရာတွင် ၁၈၂ ခု ဖြေရှင်းနိုင်ခဲ့

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း တိုင်ကြားချက် ၂၈၅ ခုရှိရာတွင် ၁၈၂ ခု ဖြေရှင်းနိုင်ခဲ့
Published 26 November 2017

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း တိုင်ကြားချက် ၂၈၅ ခုရှိရာတွင် ၁၈၂ ခု ဖြေရှင်းနိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး (၁)၊ JMC အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါရ်းက ပြောကြားသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၃) ကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်ကြာကျင်းပခဲ့ပြီး အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“JMC ကို ကျွန်တော်တို့ထူထောင်ပြီး နောက်ပိုင်းတိုင်ကြားချက်ပေါ့။ အခု ကျွန်တော်တို့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့ တိုင်ကြားချက်ပေါင်းက ကျွန်တော်တို့ U (ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) မှာရော၊ S (တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) မှာရော စုစုပေါင်း ၂၈၅ တိုင်ကြားချက် ကျွန်တော်တို့လက်ခံရရှိပါတယ်။ အဲဒီထဲမှာ ယနေ့အထိ ကျွန်တော်တို့ ဖြေရှင်းနိုင်တဲ့ဟာက ၁၈၂ ခု ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁)၊ JMC အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါရ်းက ပြောကြားသည်။

၎င်းတိုင်ကြားစာများအနက် နယ်မြေကျော်ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်သော တိုင်ကြားစာ အများဆုံးဖြစ်ကြောင်း ဒေါက်တာရွှေခါရ်းက ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးပြီးဖြစ်သောကြောင့် စာချုပ်တွင် ဖော်ပြထားသည့်အတိုင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်ကို စာချုပ်တွင်ပါရှိသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်၏ လုပ်ငန်းလမ်းညွန်အတိုင်း ဖွဲ့စည်းခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်ဟူ၍ အဆင့်ဆင့်ဖွဲ့စည်းထားပြီး ယင်းကော်မတီအဆင့်ဆင့်ကို တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခြေအနေ၊ NCA သဘောတူစာချုပ်၏ တပ်ပိုင်းဆိုင်ရာကိစ္စများ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှုအခြေခံဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထို့ပြင် လာမည့်နှစ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန်အတွက် ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ တစ်သန်းခန့် ပိုမိုအသုံးပြုသွားမည်ဖြစ်ကြောင်း ဒေါက်တာရွှေခါရ်းက ပြောကြားသည်။

ဒေါက်တာရွှေခါရ်းက “အခု ကျွန်တော်တို့ ၁၈-၁၉ တစ်နှစ်တာ ဘတ်ဂျက်အတွက်က အသေးစိတ်တော့ ကျွန်တော်တို့မလုပ်သေးပေမယ့် ကျောရိုးလို့ပြောရမှာပေါ့။ အဲဒါကို ကျွန်တော်တို့ကြည့်လိုက်တော့ အရင်နှစ်ကထက် ကွာခြားမှု ဒီလောက်မရှိဘူးပေါ့။ နည်းနည်းလေးပဲရှိပါတယ်။ နည်းနည်းလေးပဲဆိုတဲ့ဟာက အရင်နှစ်တုန်းကတော့ ကျွန်တော်တို့ ၅ ဒသမ ၃ လောက်ရှိပါတယ်။ အခုဒီနှစ် ၁၈ မှာကတော့ ကျွန်တော်တို့ ၆ ဒသမ ၃ လောက်အထိ တက်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကအားဖြင့်တော့ ကျွန်တော်တို့ Activity တွေပေါ့။ ဥပမာ လူထုတွေ့ဆုံပွဲတို့က L (ဒေသအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) မှာရော S (တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) မှာရော လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် တိုးလာနိုင်ဖို့ရှိပါတယ်။ အခုကတော့ ကျွန်တော်တို့ အကြမ်းဖျင်းပဲကြည့်ရသေးတော့ အသေးစိတ်ကတော့ ဒီဇင်ဘာလကုန်မှာပဲ သိနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်တို့စီမံထားတာပေါ့” ဟုပြောကြားသည်။

Most Read

Most Recent