အများပြည်သူဆိုင်ရာ မူဝါဒနှင့် အစီအမံများ

အများပြည်သူဆိုင်ရာ မူဝါဒနှင့် အစီအမံများ
Published 21 October 2018

လျှပ်စစ်၊ အရေးပေါ်ဌာနများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အများပြည်သူသုံး ဘဏ်၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ၊ အမှိုက်သိမ်းစနစ်၊ သောက်သုံးရေထောက်ပံ့မှုစနစ်၊ ဆက်သွယ်ရေးစနစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်သူ့စာကြည့်တိုက်များ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဌာနများ၊ တရားရုံးများ စသည်ဖြင့် ခေတ်သစ်နိုင်ငံများတွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများစွာ ရှိပါသည်။ ပြည်သူတို့၏ အကျိုးစီးပွားနှင့် လိုအပ်သော ကူညီဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ထောက်ပံ့ပေးနိုင်မည့် အစီအမံကောင်းများ၊ မူဝါဒကောင်းများ လိုအပ်ပါသည်။

အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် မူဝါဒနှင့် အစီအမံများသည် အရေးကြီးပါသည်။ အများပြည်သူဝန်ဆောင်မှုသည် ပြည်သူလူထုနှင့် နိုင်ငံတော်အကြား ပေါင်းကူး ဆက်သွယ်ပေးမှုများအနက် အထင်ရှားဆုံးဖြစ်ပြီး အများပြည်သူဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်ရွက်ပုံများသည် လူထုက အစိုးရအပေါ် ယုံကြည်မျှော်လင့်ချက်များကို ပုံဖော်ပေးနိုင်သည်။ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအဆင့်ဆင့်၏ စီမံခန့်ခွဲနိုင်မှု စွမ်းဆောင်ရည်နှင့် မူဝါဒအစီအမံများနှင့်ပတ်သက်၍ အမြင်သာဆုံးမှာ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ လုပ်ဆောင်မှုများပင် ဖြစ်ပါသည်။ ပြည်သူ့ရေးရာဝန်ဆောင်မှု နယ်ပယ်တွင် လက်တွေ့အကောင်အထည်ဖော်ရန် မူဝါဒချမှတ်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ ဆက်နွှယ်မှုမှာ များစွာအရေးကြီးပါသည်။ မူဝါဒချမှတ်ခြင်းဖြင့် ပြည်သူတို့၏ လိုအပ်ချက်နှင့် ပြဿနာများကို ကိုင်တွယ်ရန် အောင်မြင်နိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်မည်ဖြစ်ပြီး မူဝါဒများ အမှန်တကယ် အကောင်အထည်ပေါ်လာစေရန် စီမံခန့်ခွဲခြင်း၊ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်ခြင်းများမှတစ်ဆင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဥပဒေများ၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကိစ္စရပ်အမျိုးအစားများအတွက် အရေးတယူလုပ်ဆောင်ရန် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များကို ပြည်သူ့ရေးရာမူဝါဒဟု ဆိုနိုင်ပါသည်။ ပြည်သူ့ရေးရာမူဝါဒများသည် ပြဿနာရပ်များကို လုံလောက်စွာနှင့် ထိရောက်စွာ ဖြေ ရှင်းနိုင်ခြင်း၊ တရားမျှတမှုကိုပေးနိုင်ခြင်း၊ အစိုးရ၏ အင်စတီကျူးရှင်းများနှင့် မူဝါဒများကို အထောက်အပံ့ပြုနိုင်ခြင်းစသော မူဝါဒများကို ခိုင်မာအားကောင်းရန် လိုအပ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ၊ နည်းပညာကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်ခြင်းများအကြား  အဖွဲ့အစည်းဆိုင်ရာ နယ်နိမိတ်များ ပြောင်းလဲသွားခြင်းသည် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအပေါ် သက်ရောက်မှုများရှိလာသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ သက်ရောက်မှုကြောင့် နိုင်ငံတကာ၊ နိုင်ငံအလိုက်နှင့် ဒေသဆိုင်ရာ အဖြစ်အပျက်များ၊ ပြဿနာရပ်များ ရောယှက်သွားနိုင်ပြီး အတိုင်းအတာကြီးမားကာ သက်ဆိုင်ရာအစိုးရများသို့ သက်ရောက်မှုများ ရှိလာသည်။ အစိုးရ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခြင်းဖြင့် ကောင်းမွန်မှုများ ဖန်တီးပေးနိုင်သလို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး အဓိကတာဝန်ရှိသူများ၏ ကျွမ်းကျင်မှုက ပို၍အရေးကြီးလာပါသည်။

သို့ပါ၍ ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အား လုပ်ဆောင်နေသူများအနေဖြင့် ပညာရပ်ဆိုင်ရာဗဟုသုတ၊ လက်တွေ့ကျသော ကျွမ်းကျင်မှုများနှင့် အရှိတရားများအပေါ် ရင်ဆိုင်ရနိုင်သည့် စိန်ခေါ်မှုများအား ပိုမိုကျယ်ပြန့်စွာ နားလည်နိုင်မှုဖြင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent