ဥရောပထိပ်တန်းလိဂ် (၅) ခုတွင် လိဂ်သွင်းဂိုး (၄၀၀) ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒိုမှတ်တမ်းဝင်

ဥရောပထိပ်တန်းလိဂ် (၅) ခုတွင် လိဂ်သွင်းဂိုး (၄၀၀) ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒိုမှတ်တမ်းဝင်
Published 21 October 2018

 

ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် စနေနေ့ကယှဉ်ပြိုင်ခဲ့သော ဂျူဗင်တပ်စ် (၁-၁) ဂျီနိုအာပွဲတွင် ဂိုးသွင်းယူခဲ့ပြီးနောက် ဥရောပထိပ်တန်းလိဂ် (၅) ခုတွင် လိဂ်သွင်းဂိုး (၄၀၀) ပြည့်သည့် ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

အသက် (၃၃) နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ယခုဘောလုံးရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် (၅) ဂိုးမြောက်လိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ယင်းမှတ်တမ်းကောင်းကိုရရှိခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ကစားသမားဘဝကို ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းနှင့် စတင်ခဲ့ပြီး ၂၀၀၃-၀၄ ဘောလုံးရာသီတွင် မန်ယူအသင်းသို့ပြောင်းရွှေ့လာခဲ့ကာ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲနှင့် ပထမဆုံးထိတွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် (၆) ရာသီကြာကစားပြီးနောက်၊ ၂၀၀၉-၁ဝဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ကစားခဲ့သည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင်မူ စီရော်နယ်လ်ဒိုသည် (၉) နှစ်ကြာကစားခဲ့သော ရီးယဲလ်မက်ဒရစ်အသင်းကိုစွန့်ခွာပြီး အီတလီကလပ်ဂျူဗင်တပ်စ်အသင်းသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် စပို့တင်းလစ္စဘွန်းအသင်းတွင် လိဂ်သွင်းဂိုး (၃)ဂိုးရရှိခဲ့သော်လည်း ပေါ်တူဂီလိဂ်မှာ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပါဝင်ခြင်းမရှိသည့်အတွက် ယင်းဂိုးများကို ထည့်ထွက်ခြင်း မရှိပေ။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ပရီးမီးယားလိဂ်သွင်းဂိုး (၈၄) ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းတွင် လာလီဂါသွင်းဂိုး (၃၁၁) ဂိုးနှင့် ယခုဂျူဗင်တပ်စ်အသင်းတွင် စီးရီးအေသွင်းဂိုး (၅) ဂိုးသွင်းယူပြီး စုစုပေါင်းလိဂ်သွင်းဂိုး (၄၀၀) ဖြင့် ယင်းစံချိန်မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုသည် ကလပ်ကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုးမှာ (၅၇၈) ဂိုးအထိရှိပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း (၁၅၄) ပွဲတွင် (၈၅) ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ထိပ်ဆုံးတွင်ရပ်တည်နေလျက်ရှိသည်။

Most Read

Most Recent