စတမ်းဖို့ဒ်ဘရစ်ချ်မှာ အမှတ်ခွဲယူတဲ့ ချယ်လ်ဆီးနဲ့ မန်ယူ

စတမ်းဖို့ဒ်ဘရစ်ချ်မှာ အမှတ်ခွဲယူတဲ့ ချယ်လ်ဆီးနဲ့ မန်ယူ
Published 20 October 2018

 

■ ချယ်လ်ဆီး ၂-၂ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၉) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီး – မန်ယူပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းရဲ့နောက်ကျဂိုးနဲ့အတူ (၂-၂) ဂိုးနဲ့သရေကျပြီး အမှတ်ခွဲယူခဲ့ကြပါတယ်။

ဒီပွဲစဉ်က ချယ်လ်ဆီးအသင်းအတွက် ဇယားထိပ်ပိုင်းမှာ ဆက်လက်ရပ်တည်ရေးအရေးပါခဲ့သလို၊ မန်ယူအသင်းအတွက်လည်း ပွဲကျပ်ကာလမှာယုံကြည်မှုပြန်ရဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံး ကြိုးစားခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက တိုက်စစ်မှာ မိုရာတာကိုပြန်လည်ပွဲထွက်စေခဲ့သလို၊ မန်ယူအသင်းကတော့ ဆန်းချက်ဇ်ကိုအရန်ခုံထားခဲ့ပြီး မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်၊ လူကာတူတို့နဲ့ တိုက်စစ်ကို ခင်းကျင်းခဲ့ပါတယ်။

ပွဲအစပိုင်း မိနစ် (၂၀) လောက်အထိ (၂)သင်းစလုံး အမှားစောင့်ပြီး ထိန်းကစားခဲ့တာကြောင့် ဂိုးပေါက်ကန်သွင်းခွင့်တောင်မရခဲ့ကြပါဘူး။

ပွဲချိန် (၂၁) မိနစ်မှာတော့ ချယ်လ်ဆီးအသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဝီလီယံတင်ပေးတာကို လူကပ်ခံထားရခြင်းမရှိတဲ့ ရူဒီဂါက ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့တာပါ။

အဖွင့်ဂိုးရပြီးချိန်မှာ ချယ်လ်ဆီးတို့ပွဲကိုစိတ်ကြိုက်ထိန်းကစားခဲ့ပြီး မန်ယူအသင်းကတော့ ခံစစ်မှာပဲ အချိန်ကုန်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာချယ်လ်ဆီးအသင်းက (၁-၀) ဂိုးနဲ့ဦးဆောင်နေပြီး မန်ယူအသင်းအတွက် ပွဲအလှည့်အပြောင်းက ဒုတိယပိုင်းမှာစတင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းကို ခပ်ရဲရဲယှဉ်ကစားလာခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် (၅၅) မိနစ်မှာ မန်ယူတို့ ချေပဂိုး ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဂိုးစည်းထဲရှုပ်နေတဲ့အနေအထားမှာ မာစီယဲလ်က (၆) ကိုက်စည်းထဲက အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ချေပဂိုးရပြီးချိန်မှာ မန်ယူအသင်းရဲ့ကစားပုံပိုကောင်းလာခဲ့ပြီး ချယ်လ်ဆီးအသင်းကို ဖိအားပေးမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း အနိုင်ဂိုးအတွက် တင်ကစားခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးထပ်ရသွားတာကတော့ မန်ယူအသင်းဖြစ်ပါတယ်။

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် (၇၃) မိနစ်မှာ မာတာနဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ တွဲလုံးကနေ ရပ်ရှ်ဖို့ဒ်ချပေးတာကို မာစီယဲလ်က ကန်သွင်းယူသွားခဲ့တာပါ။

ဦးဆောင်ဂိုးရထားချိန်ကနေ မထင်မှတ်ဘဲ ဂိုးတွေဆက်တိုက်ပေးလိုက်ရလို့ ချယ်လ်ဆီးအသင်း ကစားပုံပြန်တင်ခဲ့ပေမယ့် မန်ယူအသင်းရဲ့နောက်တန်းနဲ့ ဂိုးသမားဒီဟေးယား အကောင်းဆုံးပုံစံမှာရှိနေလို့ ဂိုးရဖို့ခက်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်ချေပဂိုးကိုတော့ မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပို (၆) မိနစ်မှာရရှိခဲ့တာပါ။ ရူဒီဂါရဲ့အနီးကပ်ခေါင်းတိုက်ချက်ကို မန်ယူဂိုးသမား ဒီဟေးယား ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးက ဘာကလေက အပြင်းကန်သွင်းယူခဲ့လို့ ချယ်လ်ဆီးတို့ အိမ်ကွင်းမှာ အဖိုးတန်သရေတစ်မှတ် ရရှိခဲ့ပါတယ်။

ဘာကလေ ချေပဂိုးသွင်းပြီးနောက်မှာ ချယ်လ်ဆီးအသင်းနည်းပြအဖွဲ့ဝင်တစ်ဦးက မော်ရင်ဟိုရဲ့ရှေ့မှာ အောင်ပွဲခံခဲ့ပြီး ယင်းအချက်ကို မကျေနပ်တဲ့ မန်ယူနည်းပြ မော်ရင်ဟိုက ရန်တွေ့ခဲ့တာကြောင့် ပွဲဆူခဲ့ရသလို ကွင်းအတွင်းမှာလည်း ချယ်လ်ဆီးနဲ့ မန်ယူကစားသမားတွေအကြား ကတောက်ကဆဖြစ်ခဲ့ရပါတယ်။

 

■ ယနေ့ကစားသည့် ဥရောပပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ချယ်လ်ဆီး ၂-၂ မန်ယူ



လာလီဂါ

ရီးယဲလ်မက်ဒရစ် ၁-၂ လီဗန်တေး



လိဂ်ချန်ပီယံရှစ်

ဘလက်ဘန်း ၂-၁ လိဒ်စ်

Most Read

Most Recent