ဟာဇက်ကို ခေါ်ယူလိုသည့်ဆန္ဒရှိဟု မန်ယူနည်းပြ မော်ရင်ဟို ဝန်ခံ

ဟာဇက်ကို ခေါ်ယူလိုသည့်ဆန္ဒရှိဟု မန်ယူနည်းပြ မော်ရင်ဟို ဝန်ခံ
Published 20 October 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်းအတွက် ချယ်လ်ဆီးအသင်းခေါင်းဆောင် ဟာဇက်ကို ခေါ်ယူလိုသည့်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ချယ်လ်ဆီးအသင်းကို အသိဉာဏ်ကြွယ်သည့်သူများက ဦးဆောင်နေခြင်းကြောင့် ၎င်း၏ဆန္ဒမှာ အကောင်အထည်ပေါ်လာမည်မဟုတ်ဟုလည်း မော်ရင်ဟိုက ဝန်ခံခဲ့သည်။

စကားလုံးစစ်ပွဲများဆင်နွှဲလေ့ရှိသည့် မော်ရင်ဟိုအနေဖြင့် အောက်တိုဘာ ၂၀ ရက်(ယနေ့)တွင်ကစားမည့် ချယ်လ်ဆီးနှင့်ပွဲအတွက် Mind Game ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း သတင်းများက သုံးသပ်ခဲ့သည်။

'' ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကောင်းတစ်ခုရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ အတူတကွချန်ပီယံ ဖြစ်ခဲ့ကြတယ်။ ဒါဟာ ကောင်းမွန်တဲ့ခံစားမှုလို့ ကျွန်တော် ယူဆပါတယ်။ သမိုင်းအချက်အလက်တွေအရ ဟာဇက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံရတိုင်း ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ဒီလိုဖြစ်ခဲ့တယ်။ ပြီးတော့ ၂၀၁၇ မှာ အန်တိုနီယို(ကွန်တီ)နဲ့လည်း ဒီလိုပါပဲ။ အခုချိန်အထိလည်း သူဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမား ဖြစ်နေဆဲပါ။ လက်ရှိ ချယ်လ်ဆီးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိပါတယ်။ ဒါဟာ သူ့လို ကွဲပြားခြားနားတဲ့ ကစားသမားတစ်ဦးရှိနေလို့ပါပဲ။ မန်ယူလိုအသင်းမှာ သူ့လိုကစားသမားမျိုး ရှိစေလိုပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းက သူ့ကို မန်ယူထံ ရောင်းလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးအသင်းကို ထက်မြက်ပြီး ဘောလုံးအတွေ့အကြုံရင့်သူတွေက ဦးဆောင်နေလို့ဖြစ်ပါတယ်'' ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

ဟာဇက်ကိုယ်တိုင်ကလည်း ဘယ်လ်ဂျီယံသတင်းစာ HLN နှင့်အင်တာဗျူးတွင် မော်ရင်ဟိုနှင့် ပြန်လည်လက်တွဲလိုကြောင်း ဖွင့်ဟခဲ့သည်။

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ယနေ့တွင်ရင်ဆိုင်ရမည့် ပြိုင်ဘက် မန်ယူအသင်းနှင့်ပတ်သက်ပြီး လိဂ်ပြိုင်ပွဲတွင် အင်အားတောင့်သည့် လူစာရင်းကို ပိုင်ဆိုင်ထားသည်ဟု မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ၎င်းက အသင်း၏အဓိကကစားသမား ဟာဇက်အနေဖြင့် ချယ်လ်ဆီးနှင့်ပင် ကမ္ဘာ့အကောင်းဆုံး ဆုရရှိနိုင်ကြောင်းလည်း သုံးသပ်ခဲ့သည်။

Most Read

Most Recent