အွန်နရီ၏ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ရန် ပစ်မှတ်ထားနေသည်ဟု လူကာကူဖွင့်ဟ

အွန်နရီ၏ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ရန် ပစ်မှတ်ထားနေသည်ဟု လူကာကူဖွင့်ဟ
Published 19 October 2018

မန်ယူအသင်း၏ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူက မိမိအနေဖြင့် အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း အွန်နရီ၏ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ရန် ပစ်မှတ်ထားနေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၂၅)နှစ်သာရှိသေးသည့် လူကာကူသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်(၂၂၅)ပွဲ၌  (၁၀၅)ဂိုးသွင်းယူထားနိုင်ပြီင်္း ဂိုးအများဆုံးသွင်းထားသူစာရင်းတွင် အဆင့် (၂၆)နေရာရပ်တည်နေကာ အဆင့်(၅) နေရာမှ အွန်နရီ(၁၇၅ဂိုး)၏စံချိန်ကို လိုက်မီရန် ဂိုး(၇၀)ခန့်သွင်းယူရဦးမည်ဖြစ်သည်။

လူကာကူက ဘယ်လ်ဂျီ်ယံအသင်းတွင် လက်တွဲခဲ့ဖူးသည့် အွန်နရီအား ၎င်း၏သွင်းဂိုးစံချိန်ကို ချိုးဖျက်ပြမည်ဟု ပြောကြားခဲ့ဖူးကြောင်းနှင့် မိမိ၏မိခင်အား ပျော်ရွှင်စေရန်လုပ်ဆောင်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဂိုးသွင်းယူခြင်းသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လူကာကူက'' သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို ချိုးဖျက်ပြမယ်လို့ အွန်နရီကို ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ရယ်ပြီး ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီမှတ်တမ်းအတွက် ကျွန်တော်ဘယ်လောက်ဆန္ဒပြင်းပြနေသလဲဆိုတာ သူနားလည်ပါတယ်။ ကျွန်တော်ဂိုးတွေသွင်းယူနိုင်ဖို့ ဆန္ဒပြင်းပြရခြင်းရဲ့အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ အမေ့ကို ပျော်ရွှင်စေချင်လို့ပါ။ သူနဲ့ကျွန်တော်က နေ့တိုင်း ဗီဒီယိုဖုန်းခေါ်ပြီး စကားပြောလေ့ရှိပါတယ်။ ပွဲကစားရမယ့်နေ့တွေဆိုရင်လည်း ပွဲမကန်ခင် နာရီပိုင်းအလိုမှာ သူနဲ့စကားပြောလေ့ရှိပါတယ်။ သူက ဘယ်လ်ဂျီယံမှာဆိုတော့ တီဗီကနေ ကျွန်တော်ဂိုးသွင်းတာကို ကြည့်ပြီး ပျော်ရွှင်နေတဲ့သူပါ။ အဲဒါကြောင့် ကျွန်တော် ဂိုးတွေသွင်းယူနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

လူကာကူသည် လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားနေသောကစားသမားများအနက် ၎င်းထက်ဂိုးပိုသွင်းယူထားသည့် ကစားသမား (၃)ဦးသာရှိကြောင်း သိရသည်။ ယင်းကစားသမား (၃)ဦးမှာ ဘုန်းမောက်အသင်းတိုက်စစ်မှူး ဒီဖိုး(၁၆၂ဂိုး)၊ မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုး(၁၄၈ဂိုး)နှင့် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း (၁၁၃ဂိုး)တို့ဖြစ်သည်။

 

Most Read

Most Recent