အနည်းဆုံးအခကြေးငွေ ပြင်ဆင်ရေးလှုပ်ရှားမှု ပထမအဆင့်အနေဖြင့် အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ကမ်ပိန်းပြုလုပ်

အနည်းဆုံးအခကြေးငွေ ပြင်ဆင်ရေးလှုပ်ရှားမှု ပထမအဆင့်အနေဖြင့် အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ကမ်ပိန်းပြုလုပ်
Published 7 November 2017

လှိုင်သာယာမြို့နယ်တွင် အနည်းဆုံးအခကြေးငွေနှင့် ပတ်သက်ပြီး အလုပ်သမားများအား ကမ်ပိန်းစာရွက်များ ဝေငှနေစဉ်

အလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှဦးဆောင်၍ အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ပေးရေး လှုပ်ရှားမှုပထမအဆင့်အနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို နိုဝင်ဘာ ၆ ရက် နံနက် ၇ နာရီတွင် လှိုင်သာယာမြို့နယ် လူစည်ကားရာနေရာများဖြစ်သည့် ဘတ်စ်ကားမှတ်တိုင်များ၊ လမ်းများနှင့် စက်ရုံများအနီးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

“ကော်မတီအနေနဲ့ ရှေ့ဆက်ဘာလုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အလွှာအသီးသီးကို စည်းရုံးလှုံ့ဆော်ဖို့ ကမ်ပိန်းအနေနဲ့လုပ်တာပါ။ ဒီနေ့မှာစပြီး အကောင်အထည်ဖော်တာပေါ့။ အဓိက,ကတော့ ၅၆၀၀ ထက်မနည်း လုပ်ခလစာရရှိရေးအတွက်ပေါ့။ လှိုင်သာယာမှာရှိတဲ့ အဆင့်မြင့်ရယ်၊ ဘုရားလမ်းရယ်၊ နဝဒေးရယ် အဲဒီနေရာတွေမှာ ဝေဖြစ်တယ်။ ၅၆၀၀ နဲ့ပတ်သက်ပြီး အလုပ်သမားထု ပိုသိအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကမ်ပိန်းကို စလုပ်တာပါ။ ဒီကမ်ပိန်းတွေကို ဆက်လုပ်သွားဖို့ရှိတယ်။ အစိုးရဌာန လွှတ်တော်အသီးသီးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း ဆက်လက်ပေးပို့သွားဖို့ ရှိပါတယ်” ဟု အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဒေါ်သက်သက်အောင်က ပြောကြားသည်။

အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို အလုပ်သမားအဖွဲ့ချုပ်များ၊ အလုပ်သမားသမဂ္ဂဆိုင်ရာ ကွန်ရက်များနှင့် အလုပ်သမားရေးဆိုင်ရာ တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ် ၂၆ ဦးဖြင့် အောက်တိုဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ပေးရေးအပေါ် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် အချက်ရှစ်ချက်ပါဝင်ပြီး ထိုကြေညာချက်အား အစိုးရအဖွဲ့၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော်အလုပ်သမားရေးရာ ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ထားပြီး အလုပ်သမားများ သိရှိစေရန်အတွက် ကြေညာချက်များအား ဖြန့်ဝေ၍ ကမ်ပိန်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုသည် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရာတွင် အမျိုးသားကော်မတီမှ အနိမ့်ဆုံး ကျပ် ၅၆၀၀ ထက်မနည်း သတ်မှတ်ပေးရေးအတွက် အလုပ်သမားများမှ စုပေါင်းတောင်းဆိုသည့် ပထမအဆင့်လှုပ်ရှားမှုဖြစ်ပြီး ပြင်ဆင်သတ်မှတ်ပေးခြင်းမရှိပါက လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အနည်းဆုံးအခကြေးငွေနှင့် ပတ်သက်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံပြီး ပြန်လည်သတ်မှတ်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခနှင့် ပတ်သက်ပြီး နှစ်နှစ်တစ်ကြိမ် ပြန်လည်သတ်မှတ်ရန် ဥပဒေတွင် ပြဋ္ဌာန်းထားပြီး ယခုသတ်မှတ်ထားသည့်နှုန်းထားမှာ တစ်ရက်လျှင် ကျပ် ၃၆၀၀ ဖြစ်သည်။
မျိုးထက်ပိုင်

Most Read

Most Recent