ကစားသမားဘဝတစ်လျှောက် ရှုံးပွဲမရှိ ပွဲတိုင်းအနိုင်ရသည့်စံချိန် ပိုင်ဆိုင်ထားသူ အမေရိကန်လက်ဝှေ့သမားဟောင်း ဖလွိုက် မေဝယ်သာက UFC (ဘက်စုံကိုယ်ခံပညာသုံး တိုက်ခိုက်ရေးပြိုင်ပွဲ) လိုက်ဝိတ်တန်းချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ်နာမာဂိုမီဒေါ့ဗ်၏ စိန်ခေါ်မှုကို လက်ခံကြောင်း တုံ့ပြန်ပြောကြားသည်။
ခါဘစ်သည် အောက်တိုဘာ ၆ ရက်က ကျင်းပသည့် UFC 229 ပြိုင်ပွဲတွင် ချန်ပီယံဟောင်း အိုင်ယာလန်နိုင်ငံသား မက်ဂရီဂေါ်ကို စတုတ္ထအချီတွင် အနိုင်ရပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။ ယင်းပွဲအပြီး ရက်ပိုင်းအကြာတွင် ခါဘစ်က “ဖလွိုက်ရေ စလိုက်ကြမယ်။ ငါတို့ အခုပဲထိုးကြရအောင်။ ငါတို့ နှစ်ယောက်စလုံးက ရှုံးပွဲမရှိသေးတဲ့သူတွေပဲ။ (၅၀-၀) နဲ့ (၂၇-၀) ရလဒ် ရထားတဲ့သူ နှစ်ယောက်ပြိုင်ရမှာပဲ။ တောထဲမှာ ဘုရင်က တစ်ယောက်တည်းပဲရှိတယ်။ တကယ်တော့ ကျုပ်က ဘုရင်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက မက်ဂရီဂေါ်ကို အလဲမထိုးနိုင်ပေမဲ့ ကျုပ်ကတော့ သူ့ကို ခပ်လွယ်လွယ်ပဲ အနိုင်ရခဲ့ရလို့ပါ။ ကဲ စလိုက်ကြရအောင်” ဟု Imstagram မှတစ်ဆင့် စိန်ခေါ်ပြောကြားသည်။ သို့ဖြစ်ရာ မေဝယ်သာက ခါဘစ်၏စိန်ခေါ်မှုကို လက်ခံကြောင်းနှင့် ဆုကြေးမှာလည်း မက်ဂရီဂေါ်နှင့်ပွဲ၌ရရှိသည့် ဒေါ်လာသန်း ၁၀၀ ထက်ပိုများပြီး ဒေါ်လာသန်း ၁၁၀ မှ သန်း ၂၀၀ ကြားရရှိမည်ဖြစ်ကြောင်း TMZ ဝက်ဘ်ဆိုက်သို့ တုံ့ပြန်ပြောကြားသည်။ “အိုး၊ ငါတို့ထိုးဖြစ်မှာလား။ ကျုပ်အတွက်တော့ ကျုပ်ကိုယ်တိုင်က ဘော့စ်ပဲ။ ခါဘစ်ဘက်က ဘယ်လိုဖြစ်မလဲဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျုပ်ဘက်ကနေပြောရရင်တော့ အဲဒီပွဲထိုးဖြစ်ပါလိမ့်မယ်။ ဘယ်သူက ဦးစားပေးဖြစ်ရမှာလဲ။ သူက ကျုပ်ကိုစိန်ခေါ်တာဆိုတော့ ကျုပ်ရဲ့ကမ္ဘာထဲကို သူလာရမှာပေါ့။ ခါဘစ်နဲ့ထိုးဖြစ်ရင် ဂဏန်းကိုးလုံး (ဒေါ်လာသန်းရာဂဏန်းကို ရည်ရွယ်၍) အထိ ရမှာပါ။ မက်ဂရီဂေါ်နဲ့ပွဲထက် ပိုပါလိမ့်မယ်။ ဒေါ်လာ သန်း ၁၀၀ ထက် ပိုရနိုင်ခြေရှိတယ်။ ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၂၀၀ လောက်အထိ ရနိုင်တယ်” ဟု မေဝယ်သာက ဆိုသည်။
မေဝယ်သာသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက် ပွဲ ၅၀ စလုံး အနိုင်ရထားသူဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာနောက်ပိုင်း အနားယူနေရာမှ ပြီးခဲ့သည့်နှစ် သြဂုတ်တွင် မက်ဂရီဂေါ်နှင့် လက်ဝှေ့ကြိုးဝိုင်းအတွင်း ထိုးသတ်ရာ ၁၀ ချီမြောက်တွင် အနိုင်ရပြီးနောက် ပြန်လည်အနားယူခဲ့သည်။ မေဝယ်သာသည် မက်ဂရီဂေါ်နှင့်ပွဲအတွက် ထိုးသတ်ကြေးနှင့် ရုပ်သံမူပိုင်ခွင့် ခွဲတမ်းအရ စုစုပေါင်း ဒေါ်လာသန်း ၃၀၀ ကျော်အထိရရှိခဲ့ကြောင်း သိရသည်။ ခါဘစ် မှာမူ မက်ဂရီဂေါ်နှင့်ပွဲအပြီးတွင် သံဆန်ခါကိုကျော်တက်၍ မက်ဂရီဂေါ်၏လေ့ကျင့်ဖော်ကို သွားရောက်ထိုးကြိတ်တိုက်ခိုက်ရာမှ နှစ်ဖက်အသင်းအဖွဲ့ဝင်များ ရန်ပွဲဖြစ်ပွားခဲ့သောကြောင့် နီဗာဒါအားကစားကောင်စီ၏ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေသည်။