တောင်ငူမြို့၌ ဆိုင်ကယ်စီးလာသော လူငယ်တစ်ဦး ဓားဖြင့်အထိုးခံရပြီး သေဆုံးမှု ဖြစ်ပွား

တောင်ငူမြို့၌ ဆိုင်ကယ်စီးလာသော လူငယ်တစ်ဦး ဓားဖြင့်အထိုးခံရပြီး သေဆုံးမှု ဖြစ်ပွား
Published 3 November 2017

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် နိုဝင်ဘာ ၂ ရက် နံနက်အစောပိုင်းက ဆိုင်ကယ်စီးလာသော လူငယ်တစ်ဦးအား အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် နံနက် ၄ နာရီခွဲခန့်က ဇော်ဇော်အောင် (၂၆ နှစ်) မိုး ကောင်းကျေးရွာအုပ်စု တောင်ငူမြို့နေသူသည် တောင်ငူမြို့တွင်း၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအား လှည့်လည်ကြည့်ရှုပြီး ရန်ကုန်- မန္တလေး ကားလမ်းအတိုင်း မြောက်မှတောင်သို့ ဆိုင် ကယ်စီးနင်းလာစဉ် ကမ္ဘောဇဘဏ် (၁) အနီး သို့အရောက် ၎င်း၏ ဆိုင်ကယ်နံဘေးမှကပ်၍ အမည်မသိအမျိုးသားမောင်းနှင်လာသော ဆိုင်ကယ်တစ်စီး ရောက်လာခဲ့ကာ အဆိုပါ ဆိုင်ကယ်နောက်တွင်လိုက်ပါလာသည့် အသက် ၄၀ ခန့် အမျိုးသားတစ်ဦးက ဇော်ဇော်အောင်အား မင်းဘာဖြစ်ချင်လဲဟုပြောကာ ဓားဖြင့်ထိုး၍ ဆိုင်ကယ်ဖြင့် ရန်ကုန်-မန္တလေး လမ်းမအတိုင်း တောင်ဘက်သို့ဆက် လက်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ဓားဖြင့်အထိုးခံရသော ဇော်ဇော်အောင်မှာ လမ်းမပေါ်သို့လဲကျနေသည်ကို ၎င်း၏ သူငယ်ချင်းနှင့် ပတ်ဝန်းကျင်ရှိ လူများကတွေ့ရှိ ပြီး တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဇော်ဇော်အောင်တွင် ယာလက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ယာဘက်နံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ဝဲနားထင်ဒဏ်ရာတစ်ချက်တို့ ရရှိသွားသဖြင့် အမှတ် (၁) ရဲစခန်းမှ (ပ) ၉၅၉/ ၂၀၁၇ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ကနဦးအမှု ဖွင့်လှစ်ကာ ဆေးကုသမှုခံယူနေစဉ် ဇော်ဇော်အောင်မှာ အခင်းဖြစ်စဉ်က ရရှိသောဓားဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

Most Read

Most Recent