ဟင်္သာတမြို့ရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေး၌ တားမြစ်မုန့်၊ ရက်လွန်မုန့်နှင့် အမှတ်တံဆိပ်၊ လိပ်စာပါဝင်မှုမရှိသည့်မုန့်များ ရောင်းချမှုစစ်ဆေးတွေ့ရှိ

ဟင်္သာတမြို့ရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေး၌ တားမြစ်မုန့်၊ ရက်လွန်မုန့်နှင့် အမှတ်တံဆိပ်၊ လိပ်စာပါဝင်မှုမရှိသည့်မုန့်များ ရောင်းချမှုစစ်ဆေးတွေ့ရှိ
Published 3 November 2017

ဟင်္သာတမြို့ရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေး၌ တားမြစ်မုန့်၊ ရက်လွန်မုန့်နှင့် အမှတ်တံဆိပ်၊ လိပ်စာပါဝင်မှုမရှိသည့် မုန့်များ ရောင်းချမှုစစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဟင်္သာတခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အဆိုပါဈေးများရှိ မုန့်ဆိုင်များတွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ချိန်၌ ထိုသို့စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့က တစ်လကို တစ်ကြိမ်အနည်းဆုံး လုပ်ငန်းညှိနှိုင်း အစည်းအဝေးလုပ်တယ်။ အစည်းအဝေးပြီးတာနဲ့ ပုံမှန်ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်တယ်။ တိုင်လို့ ရှိရင်လည်း ဆင်းစစ်တယ်။ အခါအားလျော်စွာ ရှောင်တခင် စစ်ဆေးမှုတွေကိုလည်း လစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်စည်၊ ဝန်ဆောင်မှုနဲ့ စပ်လျဉ်းပြီး စားသုံးသူဘေးဥပဒ် အန္တရာယ်ကင်းရှင်းရေးအတွက် ဒီလို ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးကြည်ဟန်က ပြောကြားသည်။

စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့တွင် အုပ်ချုပ်ရေး၊ စားသုံးရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဥပဒေ၊ ကျန်းမာရေး၊ FDA ၊ စက်မှုကြီးကြပ်၊ ပညာရေးနှင့် စည်ပင်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် စားသုံးသူ ကိုယ်စားလှယ်၊ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပူးပေါင်းအဖွဲ့များမှလည်း ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အခုတစ်ကြိမ်မှာတော့ ဌေးဝင်းဈေးနဲ့ ပဒေသာဈေးက မုန့်ဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ဆိုင် ခုနစ်ဆိုင်မှာ တားမြစ်ထားတဲ့မုန့် ရောင်းချတာတွေ၊ ရက်လွန်မုန့်တွေ ရောင်းချတာတွေ၊ အမှတ်အသားတံဆိပ်နဲ့ ဆက်သွယ်ရန်လိပ်စာမပါတဲ့ မုန့်တွေ ရောင်းချတာတွေကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ ဒီလိုစစ်ဆေး တွေ့ရှိခဲ့တဲ့အတွက် အဲဒီမုန့်တွေကို အဖွဲ့ကသိမ်းယူပြီး ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုဟာမျိုးတွေ မရောင်းချဖို့ကိုလည်း ပညာပေးဆောင်ရွက်ခဲ့ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင် ဦးစီးမှူး ဦးကြည်ဟန်က ပြောကြားသည်။

ဟင်္သာတမြို့ရှိ စည်ပင်ဈေးအားလုံး၌ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ  ဈေးစားသုံးသူရေးရာ အဖွဲ့များကို ဖွဲ့စည်းပေးထားပြီးဖြစ်ပြီး စားသုံးသူများမှ နစ်နာမှုနှင့် မကျေနပ်မှုများအား တိုင်ကြားနိုင်ရန် တိုင်စာပုံးများကိုလည်း စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent