Without ကားများအား အပ်နှံရမည်ဟု သတင်းထွက်ပေါ်ပြီးနောက် မဲဆောက်ဘက်ကမ်းရှိ ဂျပန်ကားဈေးကွက် အရောင်းအဝယ်အေး

Without ကားများအား အပ်နှံရမည်ဟု သတင်းထွက်ပေါ်ပြီးနောက် မဲဆောက်ဘက်ကမ်းရှိ ဂျပန်ကားဈေးကွက် အရောင်းအဝယ်အေး
Published 3 November 2017

သောင်ရင်းတစ်ဖက်ကမ်း မဲဆောက်ဘက်ကမ်းရှိ ဂျပန်တစ်ပတ်ရစ် ကားဈေးကွက်ကို တွေ့ရစဉ်

တရားမဝင် လက်နက်ခဲယမ်းနှင့် တရားမဝင် Without ကားများအား လာရောက်အပ်နှံရမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း နယ်ဝယ်လက်လျော့နည်းလာခြင်းကြောင့် သောင်ရင်းတစ်ဖက်ကမ်းစပ်မှ ဂျပန်တစ်ပတ်ရစ် ကားဈေးကွက်တွင် အရောင်းအဝယ် အေးလျက်ရှိသည်ဟု ကားဝယ်ရောင်း လုပ်သူများထံမှ သိရသည်။

သိုလှောင်ရောင်းချခွင့် ရပ်ဆိုင်းတော့မည့် အဆိုပါ ဂျပန်တစ်ပတ်ရစ် Without ကားဈေးကွက်တွင် ကွန်တိန်နာပုံးများ ထပ်မံဝင်ရောက်လာခြင်း မရှိသလို လက်ရှိကားများကိုလည်း အလျော့ဈေးဖြင့် ရောင်းချနေကြသည်ဟု ဆိုသည်။

“ဂျပန်ကား သိုလှောင်ရောင်းချမှုကို ထိုင်းနိုင်ငံ အကောက်ခွန်ဌာနက ရပ်ဆိုင်းတော့မယ်ဆိုတော့ ကားအရောင်းသွက်သွားတယ်။ တစ်နေ့ကို သုံးလေးရာထိ ကူးနေရတာ တွေ့နေရတယ်။ မနေ့က နိုဝင်ဘာ ၁ ရက် ကားဈေးကွက်ကို ရောက်တော့ ခြောက်ကပ်နေ တယ်။ အရောင်းအဝယ် လုံးဝကျသွားတယ်” ဟု ကားဝယ်ရောင်းလုပ်သူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အရောင်းအဝယ် ကျဆင်းသွားခြင်းမှာ လက်နက်ခဲယမ်းများနှင့် အတူ Without ကားများအပ်နှံရန် ပြည်ထဲဝန်ကြီးဌာနမှ ကြေညာခြင်းကြောင့်  အဖမ်းအဆီးများ ရှိလာမည်ဟုဆိုကာ အဝယ်လျော့သွားသည်ဟု ၎င်းက ပြောကြားသည်။

ထိုင်းအကောက်ခွန်ဌာန အနေဖြင့် ယခု လ ၁၁ ရက်ကစပြီး တားမြစ်။ သိမ်းဆည်းတော့မည်ဖြစ်၍ ကားသိုလှောင် ရောင်းချသူအများစုမှာ မြန်မာဘက်ကမ်းသို့ ရွှေ့ပြောင်းထားသူများရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တွေ့ရှိသည့် ဂျပန်ကားများအား ထိုင်းအကောက်ခွန်ဌာနက လိုင်စင်မဲ့ယာဉ်အဖြစ်  သိမ်းဆည်းတော့မည်ဟု သိရသည်။

ထိုကဲ့သို့ ထိုင်းနိုင်ငံဘက်ရှိ Without ကားဈေးကွက်ကြီး ရပ်ဆိုင်းတော့မည်ဆိုသည့်အတွက်ကြောင့် ကားဈေးကွက်အတွင်း မှီခိုလုပ်ကိုင်စားသောက်နေသူ မြန်မာလုပ်သား ၁၀၀ ခန့်မှာ အလုပ်လက်မဲ့ဖြစ်ကာ ဘဝရပ်တည်ရန် အခက်အခဲနှင့် ကြုံနေရသည်ဟု ကားဝင်းအတွင်း ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင်  သောင်ရင်းဖြတ်ကျော် စက်လှေဂိတ် ၂၇  ဂိတ် ရှိပြီး ယင်းလှေဂိတ်များမှ နှစ်ဖက်ကုန်စည်စီးဆင်းလျက်ရှိပြီး ဂျပန်တစ်ပတ်ရစ် ကားမှအပ ထိုင်းအကောက်ခွန်ဌာနတွင် အခွန်ဆောင်ပြီးမှ မြန်မာဘက်သို့  တရားဝင် ဝင်ရောက်လာကြောင်း သိရသည်။

“ထိုင်းဘက်မှာ ထားမရလို့  မြန်မာဘက်ကို ရွှေ့လာကြမှာဖြစ်ပေမယ့် ပြည်တွင်းမှာ  Without ကားတွေ အဖမ်းအဆီးရှိလာရင် ဝယ်လက်မရှိဘဲ ဈေးကျသွားမှာပါ။ ပြည်တွင်း ကုန်သွယ်လမ်း သာသာယာယာနဲ့ အရင်လိုဘဲ အဝယ်လိုက်လာရင်တော့ ဈေးတက်မှာ ဖြစ်ပါတယ် ” ဟု မြဝတီမြို့မှ ကားဝယ်ရောင်းလုပ်သည့် ကုန်သည်တစ်ဦးက ပြောကြားသည်။

သောင်ရင်း ဖြတ်ကျော်ဂိတ်များမှတစ်ဆင့် ဂျပန်တစ်ပတ်ရစ် Without ကားများမှာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ အများအပြား တင်သွင်းခဲ့သော်လည်း မော်တော်ယာဉ်တင်သွင်မှု မူဝါဒပြောင်းလဲ၊ အခွန်အပြောင်းအလဲများကြောင့် မြဝတီနယ်စပ်မှ တရားဝင် ကားတင်သွင်းမှု လုံးဝရပ်ဆိုင်သွားပြီဟု တရားဝင်ကားတင်သွင်းသူ တစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent