မြန်မာ-ထိုင်း နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် ရွှေ့ပြောင်းနေထိုင်သူ စခန်းများကို နိုင်ငံတကာမှ အကူအညီ ဖြတ်တောက်လိုက်သဖြင့် အခက်အခဲများဖြစ်ပေါ်

မြန်မာ-ထိုင်း နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် ရွှေ့ပြောင်းနေထိုင်သူ စခန်းများကို နိုင်ငံတကာမှ အကူအညီ ဖြတ်တောက်လိုက်သဖြင့် အခက်အခဲများဖြစ်ပေါ်
Published 3 November 2017

မြန်မာ- ထိုင်း နိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများနှင့် ရွှေ့ပြောင်းနေထိုင်သူ စခန်းများကို နိုင်ငံတကာမှ အကူအညီဖြတ်တောက်လိုက်သဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစခန်းများမှာ ရှမ်းပြည်နယ်တွင်ရှိသော စခန်းများဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ နိုင်ငံတကာမှ စားနပ်ရိက္ခာအကူအညီများကို ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး  ရွှေ့ပြောင်းနေထိုင်ရသူများနှင့် ဒုက္ခသည်များ မိမိတို့နေရင်းဒေသသို့ လုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိဖြင့် မိမိတို့ဆန္ဒအလျောက် ပြန်နိုင်သည့် အချိန်ကာလအထိ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တိုက်ရိုက် အကူအညီများကို ဆက်လက်ပေးပါရန် ရှမ်းပြည်ဒုက္ခသည်များ ကော်မတီ (ထိုင်းနယ်စပ်)အနေဖြင့် အရေးပေါ်တောင်းပန်လွှာ ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူ စခန်းများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူ လူဦးရေ ၆၀၀၀ ကျော်ရှိပြီး ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်အချို့များကြောင့် ဒေသခံများအနေဖြင့် မိမိတို့ နေရပ် များဆီသို့ မပြန်နိုင်ကြသေးကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေ့ပြောင်း နေထိုင်ကြရသည့် ရှမ်းတိုင်းရင်းသားအများစုသည် ၁၉၉၆-၁၉၉၈ ကာလ ရှမ်းပြည်နယ် အလယ်ပိုင်းဒေသအတွင်း တိုက်ပွဲဖြစ်စဉ်များကြောင့် လူဦးရေ သုံးသိန်းထက်မနည်း ၎င်းတို့၏ အိမ်ရာများ ကိုစွန့်ပစ်ကာ  ထွက်ပြေးခဲ့ပြီး ကျေးရွာအများစုသည် နှစ်ပေါင်း၂၀ ကြာ ယနေ့ထိတိုင် လူသူကင်းမဲ့နေကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်း နေထိုင်သူ စခန်းများနှင့် ဒုက္ခသည်စခန်းများတွင်လည်း နိုင်ငံတကာမှ ထောက်ပံ့မှုများကို ဖြတ်တောက်လိုက်ခြင်းကြောင့် အများစုမှာ အခက်အခဲများတွေ့ လျက်ရှိကြောင်း သိရပြီး ပြည်တွင်းနှင့် ပြည်ပ အလှူရှင်များ၏ ထောက်ပံ့မှုများကို လိုအပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent