စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီလေးခု၏ ၂၀၁၇ ခုနှစ်အတွင်း အရောင်းအဝယ် ဖြစ်မှုအနည်းဆုံးအဖြစ် အောက်တိုဘာတွင် စံချိန်တင်ခဲ့ပြီး ကျပ်တစ်ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်

စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီလေးခု၏ ၂၀၁၇ ခုနှစ်အတွင်း အရောင်းအဝယ် ဖြစ်မှုအနည်းဆုံးအဖြစ် အောက်တိုဘာတွင် စံချိန်တင်ခဲ့ပြီး ကျပ်တစ်ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်
Published 3 November 2017

ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင် ကုမ္ပဏီလေးခု၏ ၂၀၁၇ ခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနည်းဆုံးအဖြစ် အောက်တိုဘာလမှာ စံချိန်တင်နည်းပါးခဲ့ပြီး ကျပ်တစ်ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်ပေါ်မှုများအရ သိရသည်။

ထိုသို့ အောက်တိုဘာလအတွင်း ကျပ်တစ်ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းမှာ စတော့အိတ်ချိန်းစတင်ခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ လပေါင်း ၂၀ အတွင်း အရောင်းအဝယ်ဖြစ်မှု အနည်းဆုံးအဖြစ် စံချိန်တင်ကျဆင်းခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အမြတ်ဝေစုခွဲဝေပေးမှုများကြောင့် သီလဝါ၊ ပထမပုဂ္ဂလိကဘဏ်နှင့်  FMI ရှယ်ယာဈေးနှုန်းများ စံချိန်တင်ကျဆင်းမှု ဖြစ်ခဲ့သော်လည်း သြဂုတ်လအတွင်း စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာပြီး ကျပ် ၂ ဒသမ ၂ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း စက်တင်ဘာလတွင် ပြန်လည်ကျဆင်းပြီး ကျပ် ၁ ဒသမ ၈ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ အရောင်းအဝယ်ဖြစ်မှုမှာ အောက်တိုဘာတွင်လည်း ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာတွင် ကျပ် ၁ ဒသမ ၀၈ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နိုဝင်ဘာ ၂ ရက်တွင် သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ဖြစ်မှုမှာ ၂၀၁၇ ခုနှစ် ဇန်န ဝါရီတွင် ကျပ် ၂ ဒသမ ၈ ဘီလျံကျော်၊ ဖေဖော်ဝါရီတွင် ကျပ် ၃ ဒသမ ၁ ဘီလျံကျော်၊ မတ်တွင် ၃ ဒသမ ၄ ဘီလျံခန့်နှင့် ဧပြီတွင် ၁ ဒသမ ၂ ဘီလျံကျော်၊ မေတွင် ကျပ် ၁ ဒသမ ၄၈ ဘီလျံခန့်နှင့် ဇွန်တွင် ၁ ဒသမ ၅ ဘီလျံ ကျော် အရောင်းအဝယ် ဖြစ်ပေါ်ထားကာ  ဇူလိုင်တွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်နှင့် သြဂုတ်တွင် ၂ ဒသမ ၂ ဘီလျံကျော်ဖြင့် စုစုပေါင်း  ကျပ် ၁၇ ဘီလျံခန့် အရောင်းအဝယ် ဖြစ်ပေါ်ထားပြီး စက်တင်ဘာတွင် ကျပ် ၁ ဒသမ ၈ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ထားသည်။

FMI  အနေဖြင့် အောက်တိုဘာတွင်လည်း အနိမ့်ဆုံးဈေးဖြစ်သည့် ရှယ်ယာတစ်စု ကျပ် ၁၂၀၀၀ အထိ အနိမ့်ဆုံးကျဆင်းခဲ့ပြီး ထိုသို့ ရှယ်ယာဈေးနှုန်း စံချိန်တင်ကျဆင်းသည့်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းမှာ ကျပ်ဘီလျံ ၃၀ ကျော်တန်ဖိုးရှိ Bonus Share များကို ဈေးကွက်အတွင်း အခမဲ့ထည့်သွင်းခြင်းကြောင့်ဟု သုံးသပ်မှုများရှိနေသည်။ ထို့ပြင် ရှယ်ယာများ၏ ရာခိုင်နှုန်း ၈၀ ကျော်မှာ လူနည်းစုလက်အတွင်းသာ ရှိနေသဖြင့် ထို Bonus Share များကိုချုပ်ကိုင်ကာ ဈေးနှုန်းဆွဲတင်ခြင်း၊ ဈေးကစားခြင်းပြုလုပ်မည့် အခြေအနေကို စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်သူများက သုံးသပ်ထားသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် FMI၊ MTSH ၊ MCB နှင့် ပထမပုဂ္ဂလိကဘဏ်တို့ အရောင်းအဝယ်ပြုလုပ်နေပြီး ၂၀၁၇ ခုနှစ်အတွင်း MAPCO ၊ Great HorKhan နှင့် တာမိုးညဲကုမ္ပဏီတို့ စာရင်းဝင် ကုမ္ပဏီဖြစ်လာရန် မျှော်လင့်ထားကာ လက်ရှိတွင် သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ စိစစ်မှုပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများမှ ၂၀၁၇ ခုနှစ်အတွင်း ကျပ် ၁၇ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်ထားပြီး စတော့အိတ်ချိန်း စတင်အရောင်းအဝယ် ဖြစ်ပေါ်သည့် ၂၀၁၆ ခုနှစ် အရောင်းအဝယ် ဖြစ်မှုမှာ ကျပ် ၇၀ ဒသမ ၇ ဘီလျံကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent