ဘရာဇီးလ်အသင်း၏ ပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းတွင် နေမာ ပါဝင်လာ

ဘရာဇီးလ်အသင်း၏ ပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းတွင် နေမာ ပါဝင်လာ
Published 18 October 2018

ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းတွင် ပါဝင်လာခဲ့ကြောင်း သိရှိရသည်။

နေမာသည် ယခင်က ဂန္ထဝင်တိုက်စစ်မှူး ပီလီနှင့်အတူ (၉၂)ပွဲစီဖြင့် ပူးတွဲရပ်တည်နေရာမှ ယခုရက်သတ္တပတ်အတွင်း ခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ကစားခဲ့သည့်အတွက် စုစုပေါင်း(၉၄)ပွဲဖြင့် ထိပ်ဆုံး(၁၀)ဦးစာရင်းထဲ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နေမာ(၂၆ နှစ်)သည် ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် စတင်ကစားခွင့်ရခဲ့သူဖြစ်ပြီး (၈)နှစ်အကြာ၌ ပွဲပေါင်း(၉၄)ပွဲ ရှိလာခဲ့သလို၊ လက်ရှိအချိန်တွင် ဘရာဇီးလ်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ်လည်း ခန့်အပ်ခံထားရသည်။

နေမာသည် သွင်းဂိုးအရေအတွက်တွင်မူ ပီလီကို လိုက်မီရန် (၁၈)ဂိုး လိုအပ်နေသေးပြီး ပီလီက (၇၇)ဂိုး သွင်းယူခဲ့ကာ နေမာသည် (၅၉)ဂိုးသာ သွင်းယူနိုင်သေးခြင်းဖြစ်သည်။

ပီလီသည် ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေသူဖြစ်ပြီး သူ့နောက်တွင် ရော်နယ်လ်ဒိုက (၆၂)ဂိုးဖြင့် ဒုတိယနေရာ၊ နေမာက (၅၉)ဂိုးဖြင့် တတိယနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

ပွဲအများဆုံးကစားသမားစာရင်းတွင်မူ ကာဖူးက (၁၄၂)ပွဲဖြင့် ဦးဆောင်နေပြီး နေမာက အဆင့်(၁၀)နေရာတွင် ဂီလ်မာနှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

နေမာသည် အာဂျင်တီးနားကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ဘရာဇီးလ်လက်ရွေးစင်ကစားသမားဘဝ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု စုစုပေါင်း(၁၀၀) ပြည့်မြောက်ခဲ့ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent