ရန်ကုန်မြို့ တော်ဝင်စင်တာရှိ အများသုံးသန့်စင်ခန်းအတွင်း သံဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းနှင့် ပုံစံတူအရာတစ်ခုတွေ့ရှိ

ရန်ကုန်မြို့ တော်ဝင်စင်တာရှိ အများသုံးသန့်စင်ခန်းအတွင်း သံဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းနှင့် ပုံစံတူအရာတစ်ခုတွေ့ရှိ
Published 31 October 2017

ရန်ကုန်မြို့ တော်ဝင်စင်တာရှိ အများသုံးသန့်စင်ခန်းအတွင်းတွင် သံဘူးဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းပုံစံတူ အရာတစ်ခုအား တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လက်လုပ်မိုင်းပုံစံတူအား ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ ပထမထပ် အမျိုးသားသုံးသန့်စင်ခန်းအတွင်းရှိ ဘိုထိုင်အိမ်သာတစ်ခုပေါ်တွင် အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီကျော်က အဆိုပါတော်ဝင်စင်တာမှ ယာဉ်မောင်းတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“စင်တာအထပ်တစ်က အမျိုးသားသန့်စင်ခန်းထဲမှာ တော်ဝင်စင်တာက ယာဉ်မောင်းက စတင်တွေ့ရှိတာပါ။ တွေ့ရှိတော့ သူတို့က သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားတာပါ” ဟု အနောက်ပိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းပုံစံတူမှာ သံဘူးဘေးတွင် ဝိုင်ယာကြိုးအနီရောင်အား တိပ်အမည်းဖြင့်ပတ်ထားပြီး အပေါ်တွင်ကြိုး တစ်ကြိုးဖြင့် ထပ်မံချည်ထားသည့်ပုံစံဖြစ်ကြောင်း သိရသည်။

ထိုသို့လက်လုပ်မိုင်းပုံစံတူ တွေ့ရှိခဲ့သည့်နေရာအား ရန်ကုန်တိုင်းဒေသကြီး အမှတ် (၅) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် အမှတ် (၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့မှ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အများပြည်သူ အထိတ်တလန့်ဖြစ်အောင် အဲဒီပစ္စည်းကို လာထားသွားတဲ့သူကိုသိရဖို့ စင်တာမှာရှိတဲ့ စီစီတီဗွီမှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုစစ်ဆေးနေပါတယ်” ဟု အနောက်ပိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ အိမ်သာအတွင်း လက်လုပ်မိုင်းပုံစံတူအား ထားရှိခဲ့သူကို စီစီတီဗွီမှတ်တမ်းများအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ပြန်လည်ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယခင်နှစ်ကလည်း ဒေါပုံမြို့နယ်ရှိ Capital စင်တာနှင့် တောင်ဒဂုံမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးများတွင် လက်လုပ်မိုင်းနှင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး တရားခံများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Most Read

Most Recent