ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ်တွင်ပါဝင်မည့် ကျန်းမာရေးဝန်ထမ်းများအား နေ့တွက်၊ ခက်ခဲဒေသခွင့်ပြုစရိတ်နှင့် ခရီးစရိတ်များ ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့မည်

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ်တွင်ပါဝင်မည့် ကျန်းမာရေးဝန်ထမ်းများအား နေ့တွက်၊ ခက်ခဲဒေသခွင့်ပြုစရိတ်နှင့် ခရီးစရိတ်များ ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့မည်
Published 29 October 2017

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အထူးဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ်တွင်ပါဝင်မည့် ဒေသခံဝန်ထမ်းများ၊ အခြားဒေသမှ လာရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ၊ ကွင်းဆင်းကြီးကြပ်အဖွဲ့ဝင်များအတွက် လိုအပ်မည့် နေ့တွက်စရိတ်၊ ခက်ခဲဒေသခွင့်ပြုစရိတ်၊ ခရီးစရိတ်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ပြန်လည်လက်ခံရေးစခန်းများ (တောင်ပြိုလက်ဝဲနှင့် ငါးခူရ) နှင့် ယာယီ ပြန်လည်နေရာချထားမည့် ဒါးကြီးဇားကျေးရွာတို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ဆေးအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ ဆေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းထားပြီးဖြစ်ရာ နယ်စပ်ဝင်ထွက်ပေါက် ဆေးခန်းအဖွဲ့ဝင်များအနေဖြင့် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သာမန်နေမကောင်းသူများအား ဆေးကုသပေးခြင်း၊ ဆေးရုံသို့ လွှဲပြောင်းရန်လိုအပ်သည့် လူနာများအား အရေးပေါ်ဆေးကုသပေး၍ လွှဲပြောင်းပေးခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း၊ ကလေးငယ်များအား ပိုလီယိုနှင့် ဝက်သက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးအဖွဲ့ဝင်များက ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် တီဘီရောဂါစသည့် ကူးစက်ရောဂါခံစားနေရသူများအတွက် ရေရှည်ဆေးသောက်သုံးနေရသူများအား ဖော်ထုတ်မေးမြန်း၍ ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ ဆေးကုသမှုဆက်လက်ခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ နာတာရှည်ရောဂါ (နှလုံး၊ သွေးတိုး၊ ဆီးချို) စသည် ခံစားနေရသူများကိုလည်း ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကူးစက်ရောဂါကာကွယ်ရန် ကျန်းမာရေး အသိပညာပေးခြင်း၊ သံချဆေးတိုက် ကျွေးခြင်းနှင့်ရေချိုး၊ လက်ဆေးဆပ်ပြာဝေငှခြင်း၊ အာဟာရစောင့်ရှောက်မှုပေးခြင်း၊ သာမန်နေမကောင်းသူများအား ဆေးကုသမှုပေးခြင်း၊ ဆေးရုံသို့ လွှဲပြောင်းရန်လိုအပ်သည့် လူနာများအား အရေးပေါ် ဆေးကုသပေး၍ လွှဲပြောင်းပေးခြင်းနှင့် ကိုယ်ဝန်ဆောင်၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ပြန်လည် လက်ခံရေးစခန်းများနှင့် ယာယီပြန်လည်နေရာချထားမည့် ဒါးကြီးဇားကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆေးအဖွဲ့များ မစေလွှတ်မီ မောင်တောမြို့နယ်၌ သင်တန်းတိုတစ်ခု ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လိုအပ်သည့် ဆေးဝါးများ ပါဝင်သည့် ဆေးသေတ္တာများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးသေတ္တာများ ထောက်ပံ့ပေးနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် အခြားသော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent