နိုင်ငံပေါင်း ၂၀ ကျော်တွင် ကျင်းပလျက်ရှိသည့် ကလေးများအတွက် သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံရှိ မြို့အများအပြားတွင်လည်း ခြောက်ကြိမ်မြောက်အဖြစ် ကျင်းပသွားမည်

နိုင်ငံပေါင်း ၂၀ ကျော်တွင် ကျင်းပလျက်ရှိသည့် ကလေးများအတွက် သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံရှိ မြို့အများအပြားတွင်လည်း ခြောက်ကြိမ်မြောက်အဖြစ် ကျင်းပသွားမည်
Published 29 October 2017

နိုင်ငံပေါင်း ၂၀ ကျော်တွင် ကျင်းပလျက်ရှိသည့် ကလေးများအတွက် သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံရှိ မြို့ကြီးအများအပြားတွင်လည်း ခြောက်ကြိမ်မြောက်အဖြစ် ကျင်းပသွားမည်ဟု သိရသသည်။

ခြောက်ကြိမ်မြောက် သိပ္ပံရုပ်ရှင်ပွဲတော်၏ ပထမဆုံးဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ အ.ထ.က ၄ (အလုံ)တွင် စတင် ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းရုပ်ရှင်ပွဲတော်ကို Goethe  Institut Myanmar မှစီစဉ်ကျင်းပခြင်းဖြစ်ကာ ပညာရေးဝန်ကြီးဌာန၊ ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ကလေးများအတွက်ရည်ရွယ်ကျင်းပသည့် သိပ္ပံရုပ်ရှင်ပွဲတော်ကို ခြောက်ကြိမ် မြောက်အဖြစ် ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ မြို့များတွင်လည်း ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။

“သိပ္ပံရုပ်ရှင်ပွဲတော်ကို နိုင်ငံပေါင်း နှစ်ဆယ်ကျော်မှာ နှစ်စဉ်ကျင်းပသလိုပဲ ဒီနှစ်မှာလည်း မြန်မာနိုင်ငံမှာ ခြောက်ကြိမ် မြောက်အဖြစ် ကျင်းပတာပါ။ ဒီနှစ်ပွဲတော်မှာ ကလေးတွေအတွက် သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ သိပ္ပံအကြောင်းအရာတွေ၊ နည်းပညာပိုင်းဆိုင်ရာ သိပ္ပံအကြောင်းအရာတွေကို တင်ဆက်ထားတဲ့ ဇာတ်လမ်းတို ၁၅ ကားကို ရွေးချယ်ပြသသွားမှာပါ” ဟု Goethe  Institut မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုပြည့်စုံဦးက ဆိုပါသည်။

သိပ္ပံရုပ်ရှင်ပွဲတော်ကို ကလေးများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ သိပ္ပံဆိုင်ရာ ဆက်နွယ်မှုများကို သိရှိနားလည်စေရန်၊ သိပ္ပံဆိုင်ရာ ဗဟုသုတများကို ပိုမိုကျွမ်းဝင် ထိတွေ့လာနိုင်စေရန်နှင့် သိပ္ပံပညာရပ်အပေါ် ပိုမိုလေ့လာသင်ယူလိုစိတ်များ ရရှိစေ ရန်အတွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ သိပ္ပံရုပ်ရှင်ပွဲတော်တွင် ကလေးများ၏ ပတ်ဝန်းကျင်ရှိ  သဘာဝတရား နှင့် သိပ္ပံပညာဆက်နွယ်မှုများ၊ လွယ်ကူသည့် သိပ္ပံဆိုင်ရာ စမ်းသပ်လုပ်ဆောင်နိုင်ဖွယ်ရာများနှင့် သိပ္ပံဆိုင်ရာ အကြောင်းတရားများကို သိမြင်နားလည်လွယ်စေရန် ရိုက် ကူးထားသည့် ရုပ်ရှင်ဇာတ်လမ်းတိုများပြသမည်ဖြစ်ကာ လက်တွေ့စမ်းသပ်မှုများလည်း လုပ်ဆောင်စေရန် စီစဉ်ထားသည့် ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်သည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သိပ္ပံရုပ်ရှင်ပွဲတော်၏ ပထမဆုံးဖွင့်ပွဲအပြီးတွင် သိပ္ပံရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့တွင် ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။

 

 

Most Read

Most Recent