အငှားယာဉ်တစ်စီးက ဘိလပ်မြေဖျော်သည့်ယာဉ်ကို အနောက်မှဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

အငှားယာဉ်တစ်စီးက ဘိလပ်မြေဖျော်သည့်ယာဉ်ကို အနောက်မှဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
Published 29 October 2017

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော အငှားယာဉ်တစ်စီးကို တွေ့ရစဉ်

ဘိလပ်မြေဖျော်သည့်ယာဉ်အား အငှားယာဉ်တစ်စီးက အနောက်မှဝင်တိုက်မိသဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု အောက်တိုဘာ ၂၈ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကယ်လ်ဒီနားအမျိုးအစား အငှားယာဉ်တစ်စီးသည် အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်လမ်းအတိုင်း ဗာဒံပင်မှတ်တိုင်ဘက်မှ ခြောက်ထပ်ကြီးဘုရား မှတ်တိုင်ဘက်သို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ယင်းသို့မောင်းနှင်လာစဉ် ဗာဒံပင်မှတ်တိုင်အလွန် အရောက်တွင် ၎င်းနှင့်လားရာ တူမောင်းနှင်လာသည့် ဘိလပ်မြေဖျော်သည့်ယာဉ်အား အနောက်မှ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“တက္ကစီရော ဘိလပ်မြေဖျော်တဲ့ကား နှစ်စီးလုံးက ရွှေဂုံတိုင်ဘက်က မောင်းလာတာပါ။ ဗာဒံပင်မှတ်တိုင် အကျော်လောက်မှာ ဘိလပ်မြေဖျော်တဲ့ကားက ပြန်ဝိုက်လိုက်တဲ့အချိန်မှာ တက္ကစီက ဝင်တိုက်မိတာပါ။ ဘိလပ်မြေဖျော်တဲ့ကားက ပြန်ဝိုက်တဲ့ အဲဒီကားနောက်ကို တက္ကစီကတိုက်မိတာပါ” ဟု အခင်းဖြစ်စဉ်ကို တွေ့ရှိလိုက်သူတစ်ဦးက ပြောကြားသည်။

ထိုသို့တိုက်မိသဖြင့် အငှားယာဉ်မှ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့တင်ပို့ထားရကြောင်း၊ ယာဉ်တိုက်မိသဖြင့် အငှားယာဉ်၏ ရှေ့ဘက်ခြမ်းမှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်က အုံးခနဲအသံကြားတော့ ကြည့်လိုက်တဲ့အချိန်မှာ အငှားယာဉ်က ဘိလပ်မြေဖျော်တဲ့ကားရဲ့နောက်ကို ဝင်တိုက်မိသွားတာ။ ယာဉ်မောင်းကိုတော့ ကားထဲကထုတ်ပြီး ဆေးရုံပို့လိုက်တယ်။ ယာဉ်ကတော့ ရှေ့ဘက်ခြမ်းက တော်တော်ပျက်စီးသွားတယ်။ အငှားယာဉ်မောင်းက ခါးမှာ တော်တော်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ် ထင်ပါတယ်” ဟု အခင်းဖြစ်ပွားရာနေရာအနီးနေသူ တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်သည့်နေရာသို့ ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ အငှားယာဉ်မောင်းကိုတော့ ဆေးရုံကိုပို့ထားပါတယ်။ ယာဉ်တိုက်မှုဖြစ်တယ်ဆိုတာ သတင်းကြားပြီးမှရောက်တာဆိုတော့ ဆက်လက်စစ်ဆေးနေပါတယ်” ဟု အခင်းဖြစ်ပွားရာသို့ လာရောက်စစ်ဆေးခဲ့သည့် ယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်အချိန်တွင် အငှားယာဉ်ပေါ်၌ အငှားယာဉ်မောင်းတစ်ဦးသာ မောင်းနှင်လာပြီး ခရီးသည်မပါကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် အငှားယာဉ်မောင်းမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီဖြစ်ကြောင်း ပတ်ဝန်းကျင်နေသူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းက ဆက်လက် စစ်ဆေးမှုများပြုလုပ်နေပြီး အမှုဖွင့်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent