ဂန့်ဂေါမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျရာမှ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ်မောင်းအား ဖမ်းမိ

ဂန့်ဂေါမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျရာမှ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ်မောင်းအား ဖမ်းမိ
Published 29 October 2017

ဂန့်ဂေါမြို့နယ်၌ ဖြစ်ပွားခဲ့သော လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများရှိခဲ့သည့် ခရီးသည်တင်ယာဉ်မောင်းအား အောက်တိုဘာ ၂၇ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက် ည ၆ နာရီခွဲဝန်းကျင်က ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ပုလဲ-ကလေးကားလမ်း မိုင်တိုင် (၇၇^၄-၅) ကြား၌ ကလေးမှ မန္တလေးသို့ မြင်သာရပ်ကွက်၊ မကွေးမြို့နေသူ ယာဉ်မောင်းနေလင်းထွန်း (၂၉) နှစ် မောင်းနှင်လာသည့် Scania အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘရိတ်ပေါက်၍ လမ်းယာဘက်ပေ ၃၀၀ ခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျသွားကြောင်း သိရသည်။

ထိုသို့ထိုးကျမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသားတစ်ဦးမှာ လည်ပင်းပြတ်ရှ၊ ညာဘက်လက်၊ ပေါင်ကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ခရီးသည်အမျိုးသား သုံးဦးမှာ ခါးကျိုးခြင်း၊ ဘယ်ဘက်လက်နှင့် ခြေထောက်ကျိုး (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။ ထို့ပြင် ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၄ ဦးမှာ ဒဏ်ရာအသီးသီး (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံအသီးသီးသို့ လွှဲပြောင်းပို့ဆောင်၍ ဆေးကုသလျက်ရှိကြောင်း၊ ယာဉ်မောင်းနေလင်းထွန်းအား ဂန့်ဂေါမြို့မရဲစခန်းက ယာဉ် (ပ) ၄၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်၊ သာမန်နာကျင်စေမှု) ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent