ယခုတစ်ပတ်ကစားမည့် ချယ်လ်ဆီး - မန်ယူပွဲတွင် မော်ရင်ဟို ပွဲပယ်ပြစ်ဒဏ် ကျခံရမည်မဟုတ်

ယခုတစ်ပတ်ကစားမည့် ချယ်လ်ဆီး - မန်ယူပွဲတွင် မော်ရင်ဟို ပွဲပယ်ပြစ်ဒဏ် ကျခံရမည်မဟုတ်
Photo; Daily Express
Photo; Daily Express
Published 17 October 2018

 

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ၏ စွဲချက်ကို ရင်ဆိုင်နေရသော်လည်း ယခုတစ်ပတ် စနေ နေ့တွင်ကစားမည့် ချယ်လ်ဆီး-မန်ယူ ပရီးမီးယားလိဂ်ပွဲစဉ်၌ ပွဲကြီးကြပ်ခွင့်ဆုံးရှုံးမည် မဟုတ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၈) မန်ယူ (၃-၂) နယူးကာဆယ်ပွဲအပြီးတွင် မော်ရင်ဟိုသည် ကွင်းဘေးစည်း၌ ကင်မရာတစ်လုံးကိုကြည့်ကာ ပေါ်တူဂီဘာသာစကားဖြင့် ဆဲဆိုခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ယင်းဖြစ်ရပ်ကို FA က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

မော်ရင်ဟိုအား လာမည့် အောက်တိုဘာ(၁၉)ရက်နေ့ (သောကြာနေ့) ညနေ(၆)နာရီမတိုင်မီ ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းစာပေးပို့ရန် FA က တောင်းခံထားကြောင်း သိရှိရသည်။ အကယ်၍ မော်ရင်ဟိုအနေဖြင့် ယင်းကိစ္စကို ဖြေရှင်းမှုမပြုလုပ်ခဲ့လျှင် FA အနေဖြင့် ကြားနာမှု ပြုလုပ်ကာ စစ်ဆေးအရေးယူမည်ဖြစ်သည်။

သို့သော် FA အနေဖြင့် မော်ရင်ဟိုအား စနေနေ့အစောဆုံးပွဲအဖြစ် ကစားမည့် ချယ်လ်ဆီး-မန်ယူပွဲတွင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန်အတွက် အချိန်လုံလောက်မည်မဟုတ်ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ မော်ရင်ဟိုအနေဖြင့် မန်ယူ-နယူးကာဆယ်ပွဲမှဖြစ်ရပ်အတွက် အပြစ်ရှိကြောင်း တွေ့ရှိရသည့်တိုင် ယခုတစ်ပတ်ပွဲစဉ်တွင် ပြစ်ဒဏ်ချမှတ်ခံရမည်မဟုတ်ဘဲ ရှေ့လာမည့်ပွဲစဉ်များမှသာ ပြစ်ဒဏ်ကျခံရလိမ့်မည်ဟု ဗြိတိန်သတင်းစာ Daily Star က ဖော်ပြခဲ့သည်။

Most Read

Most Recent