ဟတ်ဒါဖီးလ်နှင့်ပွဲတွင် ဗန်ဒိုက်ပါဝင်နိုင်မည်ဟု ရော်နယ်လ်ကိုးမင်းပြောကြား

ဟတ်ဒါဖီးလ်နှင့်ပွဲတွင် ဗန်ဒိုက်ပါဝင်နိုင်မည်ဟု ရော်နယ်လ်ကိုးမင်းပြောကြား
Published 17 October 2018

 

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမင်းက ဗန်ဒိုက်သည် ဟတ်ဒါဖီးလ်နှင့်ပွဲတွင် လီဗာပူးလ်အသင်းအတွက်  ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗန်ဒိုက်သည် နံရိုးနာကျင်မှုကြောင့် ဘယ်လ်ဂျီယံနှင့် ခြေစမ်းပွဲစဉ်ကို ပါဝင်ကစားခဲ့ခြင်းမရှိဘဲ လီဗာပူးလ်အသင်းသို့ ပြန်သွားခဲ့ကြောင်းသိရသည်။

ဗန်ဒိုက်၏ နံရိုးနှစ်ချောင်းမှာ ကျိုးနေပြီး ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ပြင်းထန်ကြောင်းလည်း ရော်နယ်လ်ကိုးမင်းက ပြောကြားခဲ့သည်။

ဗန်ဒိုက်သည် အဆိုပါဒဏ်ရာကို ပြီးခဲ့သည့် စက်တင်ဘာလလယ်လောက်ကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်အသင်း၏ ပွဲစဉ်များတွင် အကိုက်အခဲပျောက်ဆေးများသောက်သုံးကာ ကစားခဲ့ရကြောင်း သိရသည်။

ကိုးမင်းက '' ဟတ်ဒါဖီးလ်နဲ့ ပွဲစဉ်မှာ ဗန်ဒိုက်ပါဝင်ကစားပါလိမ့်မယ်။ လောလောဆယ်တော့ သူအနားယူနေပါတယ်။ ဂျာမနီကိုအနိုင်ရတဲ့ပွဲမှာ သူ့ကို လီဗာပူးလ်အသင်းဆေးအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့အတူ ကျွန်တော်တို့အသုံးပြုခဲ့တာပါ။ အနားယူလိုက်ရင် သူ့ဒဏ်ရာက သက်သာသွားမှာဖြစ်ပြီး ဟတ်ဒါဖီးလ်နဲ့ပွဲအတွက် သူအသင့်ဖြစ်နေပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အောက်တိုဘာလ (၂၀) ရက်နေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဟတ်ဒါဖီးလ်အသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

နိုင်ငံတကာ ပွဲစဉ်များတွင် ဗန်ဒိုက်၊ မာနေတို့ ဒဏ်ရာပြဿနာများနှင့် ပြန်လာခဲ့သည့်အတွက် လီဗာပူးလ်အသင်းမှာ ဟတ်ဒါဖီးလ်နှင့်ပွဲစဉ်အတွက် အခက်တွေ့ရဖွယ်ရှိနေသလို၊ နောက်ဆုံးသတင်းများအရ ကွင်းလယ်လူ ကီတာမှာလည်း နိုင်ငံအတွက်ကစားရင်း ပေါင်ဒဏ်ရာရရှိခဲ့သည့်အတွက် လီဗာပူးလ်နည်းပြ ကလော့ပ်မှာ ဟတ်ဒါဖီးလ်နှင့်ပွဲစဉ်တွင် လူစာရင်းကို အပြောင်းအလဲများပြုလုပ်ရဖွယ်ရှိနေကြောင်းသိရသည်။

Most Read

Most Recent