မြန်မာနှင့် ဘာရိန်အသင်းတို့ အောက်တိုဘာ(၁၆)ရက်(ယနေ့)တွင် ခြေစမ်းမည်

မြန်မာနှင့် ဘာရိန်အသင်းတို့ အောက်တိုဘာ(၁၆)ရက်(ယနေ့)တွင် ခြေစမ်းမည်
Published 16 October 2018

၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုပြု လုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် တတိယမြောက်ခြေစမ်းပွဲ အဖြစ် အောက်တိုဘာ(၁၆)ရက်(ယနေ့)တွင် ဘာရိန်းလက်ရွေးစင်အသင်းနှင့် ခြေ စမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ဘာရိန်း-မြန်မာပွဲကို မြန်မာစံတော်ချိန် ည(၁ဝး၄၅)နာရီတွင် ဘာရိန်းနိုင်ငံရှိ ဘာရိန်းအမျိုးသားဘောလုံးကွင်း၌ ကစားမည်ဖြစ်ကာ MRTV၊ MRTV-Sports ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မူလက ကာတာနိုင်ငံ၌ လေ့ကျင့်ရန်စီစဉ် ထားသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဘာရိန်းဘောလုံးအဖွဲ့ချုပ်တို့၏ ညှိနှိုင်းသဘောတူညီမှုအရ ဘာရိန်းနိုင်ငံသို့ စတင်သွားရောက်ကာ ခြေစမ်းပွဲယှဉ်ပြိုင် ကစားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဘာရိန်းအသင်းနှင့် ခြေစမ်းပွဲအပြီး အောက်တိုဘာ(၁၇)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ(၅)ရက်အထိ လေ့ကျင့်မည်ဖြစ်သည်။

မြန်မာအသင်းနှင့် ဘာရိန်းအသင်းသည်  ၂၀၀၃ အာရှဖလားခြေစစ်ပွဲတွင် တွေ့ဆုံပြီးနောက်ပိုင်း ပထမဆုံးခြေစမ်းပွဲ ယှဉ်ပြိုင်ကစား ခြင်းဖြစ်ပြီး ဘာရိန်းလက်ရွေးစင်အသင်းမှာမူ ၂၀၁၉ အာရှဖလားပြိုင်ပွဲအတွက် ပြင်ဆင် သည့်အနေဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။

ဘာရိန်းအသင်းသည် နောက်ဆုံးခြေစမ်းပွဲ အဖြစ် အောက်တိုဘာ(၁၁)ရက်က ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဘာရိန်းနှင့် ကာတာခြေစမ်းခရီးစဉ် အတွက် ကစားသမား(၂၆)ဦး ခေါ်ဆောင်သွားပြီး ပဏာမကစားသမား(၂၇)ဦးအနက် နောက်ခံလူ သီဟထက်အောင်ကို လျှော့ချခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည်    ဘာရိန်းအသင်းနှင့် ယှဉ်ပြိုင်ကစားရန် အောက်တိုဘာ(၁၅)ရက် နံနက်(၂း၄၀)နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဘာရိန်းအသင်းနှင့် ခြေစမ်းပွဲကြောင့် ကာတာနိုင်ငံ တွင် လေ့ကျင့်ချိန်(၁၉)ရက်သာရရှိမည်ဖြစ်ပြီး ခြေစမ်းပွဲ(၅)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် ကာတာဘော လုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အသင်း(၃)သင်းသာရရှိသေး ပြီး ကျန်(၂)ပွဲအတွက် ဆက်လက်ညှိနှိုင်းလျက်ရှိသည်။

သဘောတူညီမှုရထားသည့်အသင်း များတွင် ကာတာထိပ်သီးကလပ် အယ်လ်ဒူဟေးလ်အသင်း ပါဝင်နေပြီး ယင်းအသင်းသည် ၂၀၁၈ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ ကြောင်း သိရသည်။

Most Read

Most Recent