ဘက်တစ်အသင်း နှစ်ပေါင်း(၂၁)နှစ်ကြာမှ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိ

ဘက်တစ်အသင်း နှစ်ပေါင်း(၂၁)နှစ်ကြာမှ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိ
Photo: X
Photo: X
Published 13 May 2026

လာလီဂါကလပ် ဘက်တစ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး နှစ်ပေါင်း(၂၁)နှစ်ကြာမှ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဘက်တစ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်(၃၆)မှာ အယ်လ်ချီအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အဆင့်(၅)နေရာရရှိဖို့ သေချာသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဖြေထွက်ခဲ့တာပါ။

လာမယ့်ရာသီမှာ လာလီဂါက ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိမှာဖြစ်ပြီး ချန်ပီယံ ဘာစီလိုနာနဲ့အတူ ရီးယဲလ်မက်ဒရစ်၊ ဗီလာရီးယဲလ်၊ အက်သလက်တီကိုနဲ့ ဘက်တစ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါပြီ။

ဘက်တစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၀၅-၀၆ ရာသီတစ်ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရခဲ့ဖူးတာကြောင့် လာမယ့်ရာသီက ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခြင်းလည်း ဖြစ်ပါတယ်။

၂၀၀၅-၀၆ ရာသီတုန်းကတော့ ဘက်တစ်အသင်းဟာ အုပ်စုအဆင့်မှာ တတိယနေရာရရှိခဲ့တာကြောင့် UEFA Cup(ယခု ယူရိုပါလိဂ်)ကို ကူးပြောင်းယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

လာမယ့်ရာသီမှာ ချန်ပီယံလိဂ် League Phase အဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်း(၁၉)သင်းအထိ အဖြေပေါ်ခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent