UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 16 October 2018

ပြင်သစ် နှင့် ဂျာမနီ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဂျာမနီက ဗန်ဒိုက်၊ ဒီပိုင်း၊ ၀ိုင်နယ်လ်ဒမ်းတို့ရဲ့ဂိုးတွေနဲ့ နယ်သာလန်ကို ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ ပြင်သစ်ကလည်း အိုက်စလန်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ (၂-၂)ဂိုးစီသရေကျခဲ့တာ ကျေနပ်စရာရလဒ်မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျာမနီနဲ့ ပြင်သစ်ယှဉ် လိုက်ရင် ပြင်သစ်က ပိုပြီးခြေမှန်နေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒီနှစ်သင်းက နောက်ဆုံးကစားခဲ့တဲ့ Nations League ပွဲစဉ်တုန်းက ဂျာမနီမြေမှာ သရေကျခဲ့ပြီး ပြင်သစ်ရဲ့ခြေစွမ်းကပိုကောင်းခဲ့တယ်။ ဒါ့အပြင် ပြင်သစ်က ၂၀၁၅ ကတည်းက ဂျာမနီနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၄)ပွဲဆက်မရှုံးအောင် ကစားနိုင်ခဲ့တာကိုလည်းတွေ့ရတယ်။ လက်ရှိအနေအထားမှာ ယော်ကင် လိုးရဲ့အသင်းက ရလဒ်ဆိုးတွေကနေ ပြန်ရုန်းထွက်ဖို့ လိုနေပြီး ပြင်သစ်ကတော့ အုပ်စုကို (၄)မှတ်နဲ့ ဦးဆောင်ထားတယ်။ ဒါကြောင့် ဂျာမနီက  အမှတ်ပိုလိုနေတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အမှတ်လိုနေတယ်ဆိုတာ ခြေစွမ်းနဲ့ ရလဒ်ည့ံဖျင်းခြင်းရဲ့ အကျိုးဆက်ဖြစ်ပြီး အမှတ်လိုတိုင်း  အမှတ်မရနိုင်ဘူးဆိုတဲ့ အခြေခံအချက်ကို မဖြစ်မနေစဉ်းစားရမယ်။ အရေးအပါဆုံးက လက်ရှိ ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းပါ။ ဂျာမနီက ကမ္ဘာ့ဖလားတုန်းက အုပ်စု (၄)သင်းမှာ နောက်ဆုံးနေရာကရပ်တည်ခဲ့ပြီး ပြင်သစ်က ကမ္ဘာ့ဖလားချန်ပီယံအသင်းဖြစ်တယ်။ ဂျာမနီရဲ့ လက်ရှိခြေစွမ်းက စိတ်ပျက်စရာကောင်းပြီး ပြင်သစ်နဲ့ နယ်သာလန် (၂)ပွဲဆက်တိုက် ဂိုးမရခဲ့ဘူး။ ပြင်သစ်ကတော့ ဂိုးရဖို့ သိပ်မပူရတဲ့အနေအထားမျိုးဖြစ်တယ်။ ဂျာမနီခံစစ်နဲ့ကွင်းလယ်က အထလေးပြီး ပြင်သစ်မှာ မြန်နှုန်းမြင့်ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်။ ပြင်သစ် (၂-၁) လောက်နဲ့နိုင်မယ်။ 

ယူကရိန်း နှင့် ချက် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဒီအုပ်စုမှာ ယူကရိန်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်ထားပြီး သူတို့ရဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းထားနို်င်ဖို့ကြိုးစားလိမ့်မယ်။ နှစ်ပွဲစလုံးကို ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့သာ  အနိုင်ရခဲ့တယ်ဆိုပေမယ့် ယူကရိန်းရဲ့ခြေစွမ်းက သိသိသာသာ တည်ငြိမ်ကောင်းမွန်နေပါတယ်။ ယူကရိန်းအသင်းမှာ ယာမိုလန်ကို၊ ကိုနိုပယ်ယန်ကာ၊ စတီပါနန်ကို၊ ဇင်ချန်ကိုတို့လို ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပြီး လက်ရှိချက်အသင်းရဲ့ လူစာရင်းထက် အများကြီး ပိုကောင်းမွန်တယ်။ ပထမအကျော့ ချက်အသင်းရဲ့ကွင်းမှာတုန်းက နောက်ဆုံးမိနစ်သွင်းဂိုးနဲ့မှ အနိုင်ရခဲ့ပေ မယ့် တစ်ပွဲလုံးလိုလို ယူကရိန်းက အသာစီးကစားနိုင်ခဲ့ပြီး ခံစစ်ပြိုသွားတဲ့အတွက် ချက်က ချေပဂိုးရော၊ အနိုင်ဂိုးပါ ခွင့်ပြု လိုက်ရတာဖြစ်တယ်။ ဒီပွဲမှာလည်း ယူကရိန်းအသင်းရဲ့ အိမ်ကွင်းမှာ ချက်အသင်း ရုန်းကန်ရဖို့ရှိတယ်။ ချက်ရဲ့ခံစစ်က စိတ် ချရတဲ့အနေအထားမဟုတ်သလို၊ ကွင်းလယ်လည်းအားနည်းပါတယ်။ ယူကရိန်း နိုင်ပွဲဆက်ဦးမယ်။ 

အိုင်ယာလန် နှင့် ဝေးလ်စ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဒီအုပ်စုမှာ နှစ်ပွဲကစားပြီးနောက် ဒိန်းမတ်က ဦးဆောင်နေတယ်။ ထိပ်ဆုံးက ဒိန်းမတ်အသင်း ပွဲနားနေတဲ့အချိန်မှာ ဒီပွဲကို အနိုင်ကစားနိုင်ဖို့က နှစ်သင်းစလုံးအတွက်  အရေးပါနေတယ်။ ဒီပွဲမှာ ရှုံးတဲ့အသင်းက ဒိန်းမတ်ကို  မီဖို့ခက်သွားနိုင်ပြီး၊ အထူးသ ဖြင့်တော့ နှစ်ပွဲကစားပြီး တစ်မှတ်သာရထားတဲ့ အိုင်ယာလန်အတွက် ဒီပွဲရှုံးရင် အခွင့်အရေးမရှိသလောက်ဖြစ်သွားမယ်။ ဒါကြောင့် အိမ်ကွင်းပွဲစဉ်မှာ အိုင်ယာလန်အသင်း ရလဒ်ကောင်း ဖို့ ကြိုးစားရလိမ့်မယ်။ ဂစ်ရဲ့ ဝေးလ်စ်အသင်းက အိုင်ယာလန်ထက် ပိုတောင့်တင်းတဲ့ လူအင်အားရှိပြီး ပိုကောင်းတဲ့အသင်း လည်းဖြစ်တယ်။ ဥရောပ ထိပ်တန်းအသင်းတွေထဲမှာ တစ်သင်းအပါအဝင်လို့ ပြောလို့ရတဲ့အနေအထားဖြစ်ပြီး အိုင်ယာလန်ကတော့ မက္ကလင်း၊ ဟန်းဒရစ်၊ ရှိန်းလောင်းတို့လို ကစားသမားကောင်းတွေရှိနေပေမယ့် ဝေးလ်စ်နဲ့ယှဉ်ရင်  အားနည်းပါတယ်။ ဒီပွဲက အိမ်ကွင်းဖြစ်လို့ အိုင်ယာလန် အခွင့်အရေးရှိပေမယ့် ဝေးလ်စ်ကိုနိုင်ဖို့မလွယ်ဘူး။ သရေကျသွားနိုင်ပါတယ်။ 

နော်ဝေ နှင့် ဘူလ်ဂေးရီးယား (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဘူလ်ဂေးရီးယားက (၃)ပွဲစလုံးအနိုင်ကစားပြီး (၉)မှတ် ရထားတယ်။ ဒါပေမဲ့ ဒီပွဲမှာသာ နော်ဝေက ဘူလ်ဂေးရီးယားကို အနိုင်ပြန်ကစားရင် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက် လိမ့်မယ်။ ဘူလ်ဂေးရီးယားရဲ့နိုင်ပွဲ (၃)ပွဲမှာ အိမ်ကွင်း (၂)ပွဲရော၊ အဝေးကွင်း ဆလိုဗေးနီးယားနဲ့ပွဲမှာပါ ခြေစွမ်းပြခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ နော်ဝေကို နိုင်ခဲ့တုန်းကတော့ နော်ဝေဂိုး ကံခေတာကြောင့်လည်း ပါပါတယ်။ ဒီပွဲကတော့ နော်ဝေအခွင့်အရေးပြန်ယူမယ့်ပွဲပါ။ 

ဆလိုဗေးနီးယား နှင့် ဆိုက်ပရပ်စ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဆလိုဗေးနီးယားက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နော်ဝေကို ရှုံးခဲ့တယ်။ ဒီအုပ်စုမှာ (၃)ပွဲစလုံးရှုံးထားလို့ တော်တော်အခြေအနေဆိုးသွားပါပြီ။ လက်ကျန်ပွဲတွေက League D ကို မဆင်းရအောင် ရုန်းကန်ဖို့ပဲ ရှိတော့တယ်။ အဆင့် (၃)နဲ့ (၄)က တန်းဆင်းရမယ့်အသင်းမဖြစ်ဖို့ ကြိုးပမ်းရမယ့်အနေအထားမှာ ဒီပွဲကစပြီး နောက်ပွဲတွေအားလုံးလည်း အမှားမရှိအောင် ကစားရမယ်။ လွယ်တော့မလွယ်ပေမယ့် ဒီပွဲကိုတော့ အရင်ဆုံး အနိုင်ကစားပါလိမ့်မယ်။ 

လတ်ဗီးယား နှင့် ဂျော်ဂျီယာ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဒီအုပ်စုမှာ အောက်(၃)သင်းက အမှတ်မျှနေကြပြီး၊ ဂျော်ဂျီယာက တစ်ကောင်တည်းပြေးတဲ့မြင်းလိုဖြစ်နေတယ်။ အခု အဝေးကွင်းပွဲမှာသာ ဂျော်ဂျီယာ အနိုင်ကစားလိုက်ရင် (၄) ပွဲ (၁၂)မှတ်နဲ့ ဂျော်ဂျီယာ တန်းတက်ဖို့ များသွားပါပြီ။ လတ်ဗီးယား က (၃)ပွဲကစားပြီးချိန်မှာ အိမ်ကွင်း (၂)ပွဲစလုံး သရေကျခဲ့ပြီး အဝေးကွင်းမှာ ဂျော်ဂျီယာကို ရှုံးထားတယ်။ ဒီပွဲမှာလည်း ဂျော်ဂျီယာကို နိုင်ဖို့မလွယ်ပါဘူး။ အလွန်ဆုံးသရေလောက်ပဲ ရလိမ့် မယ်။ ဂျော်ဂျီယာပဲ ကြိုက်တယ်။ 

ဂျီဘရော်လ်တာ နှင့် လက်ချင်စတိန်း (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဒီအုပ်စုမှာ လက်ချင်စတိန်း၊ အာမေးနီးယား၊ ဂျီဘရော်လ် တာတို့ (၃)သင်းက မက်ဆီဒိုးနီးယားကို အမီလိုက်ဖို့ မလွယ်ပါဘူး။ တန်းဆင်းအန္တရာယ်လည်းမရှိတဲ့အသင်းတွေဖြစ်လို့ အေးအေးဆေးဆေး ဆက်ကစားသွားကြမှာပါပဲ။ ဥရောပမှာ ဒီလိုအသင်းတွေအချင်းချင်း အားစမ်းပွဲတွေက စိတ်ဝင်စားစရာမဟုတ်ပေမယ့် ဂုဏ်သိက္ခာဆယ်စရာ ပွဲစဉ်တွေတော့ဖြစ်လာတယ်။ အားလုံးက အိမ်ကွင်းမှာ အစွမ်းကုန်ကစားကြမှာပါ။ ဂျီလ်ဘရော်တာ အမှတ်ရသွားနိုင်တယ်။ 

အခြားပွဲစဉ်များ

ကာဇက်စတန် - အန်ဒိုရာ (အင်္ဂါည ၈း၃၀ နာရီ)

အာမေးနီးယား - မက်ဆီဒိုးနီးယား (အင်္ဂါည ၁ဝး၃၀ နာရီ)



 

Most Read

Most Recent