သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို ကြီးကြီးမားမား ထိခိုက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အဆင့်မြင့်နည်းပညာအသုံးပြု စီးပွားရေးလုပ်ငန်းများ၏ ဘေးထွက်ဆိုးကျိုးများကို အကာအကွယ်ပြုနိုင်သော ဥပဒေ၊ နည်းဥပဒေများ မရှိသေးသည့်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချိန်မကျသေးဟု KNU ထုတ်ပြန်

သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို ကြီးကြီးမားမား ထိခိုက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အဆင့်မြင့်နည်းပညာအသုံးပြု စီးပွားရေးလုပ်ငန်းများ၏ ဘေးထွက်ဆိုးကျိုးများကို အကာအကွယ်ပြုနိုင်သော ဥပဒေ၊ နည်းဥပဒေများ မရှိသေးသည့်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချိန်မကျသေးဟု KNU ထုတ်ပြန်
Published 10 October 2017

စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို ကြီးကြီးမားမား ထိခိုက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အဆင့်မြင့်နည်းပညာအသုံးပြု စီးပွားရေးလုပ်ငန်းများ၏ ဘေးထွက်ဆိုးကျိုးများကို အကာအကွယ်ပြုနိုင်သည့် ဥပဒေ၊ နည်းဥပဒေများမရှိသေးသည့် ကာလတွင် အဆိုပါကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချိန်မကျသေးဟု ဆုံးဖြတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီက အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၁၆) ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမအကြိမ် အရေးပေါ် ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ အောင်မြင်စွာပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၅ ဦးရှိသည့်အနက် ကော်မတီဝင် ၄၇ ဦးနှင့် အထူးဖိတ်ကြားသူနှစ်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရေးပေါ်အစည်းအဝေးတွင် KNU အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအား ပြန်လည်သုံးသပ်ခြင်း (Peace Process Review) မှရရှိလာသည့် သုံးသပ်ချက်များအပေါ် ပြန်လည်ချပြဆွေးနွေးခြင်း၊ ကြားကာလဆိုင်ရာ မူဝါဒများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ သဘောထားများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များနှင့် လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်တည်ရှိနေသည့် နိုင်ငံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။

“တချို့ MEGA Project တွေမှာ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ထားမယ့် ဥပဒေတွေပေါ့နော်။ အစိုးရဘက်မှာလည်း အဲဒီလိုမျိုး ချမှတ်ထားတာ မရှိသေးဘူးပေါ့နော်။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့တွေ့ရတယ်။ ဆိုတော့ သဘောက အဲဒါမျိုးတွေ မရှိသေးခင်စပ်ကြားမှာ တကယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ MEGA Project အဆင့်တွေ အကောင်အထည်ဖော်ရမယ့် နည်းပညာဆိုင်ရာ ပါဝင်ရမယ့်ကိစ္စတွေမှာ အဲဒါတွေမရှိသေးတဲ့အတွက် ခုလိုရှောင်ရှားဖို့နဲ့ ရှိပြီးမှသာ အားလုံးလက်ခံနိုင်တယ်။ လူထုလည်း လက်ခံနိုင်တယ်။ ကျွန်တော်တို့နိုင်ငံက လက်ခံနိုင်တယ်ဆိုရင် ရှေ့ဆက်အကောင်အထည်ဖော်သွားနိုင်ဖို့ပေါ့။ အခုက အဲဒါတွေမရှိသေးတော့ တချို့ကိစ္စတွေက ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတဲ့ ဥပဒေလုပ်ထုံးလုပ်နည်း မရှိသေးတဲ့အပေါ်မှာ ဒါတွေကိုရပ်ထားဖို့ အဲဒီသဘောထားတွေ ရရှိပါတယ်” ဟု KNU တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောကြားသည်။

ထို့ပြင် လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးချဉ်းကပ်မှုများဖြင့် ဆောင်ရွက်သွားနိုင်ရေး၊ အဖွဲ့အစည်းအတွင်း တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းစဉ်များတို့ကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လက်တွေ့ရင်ဆိုင်နေရသည့် ကြားကာလဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်များကို ရေးဆွဲအကောင်အထည်ဖော်သွားရန် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ NCA မှာသွားရမယ့် အဆင့်တွေရှိတယ်လေ။ ဒီဘက်က နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နေတဲ့ဖြစ်စဉ်တွေ၊ ကူးပြောင်းရေးကာလမှာ ပူးတွဲကြားကာလဆိုင်ရာတွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ပေါ့။ အဲဒါတွေရှိတယ်။ ဆိုလိုတာက ကြားကာလထဲမှာ NCA မှာပါတဲ့အတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာရှိနေတဲ့ အဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုနဲ့ ထိန်းချုပ်နယ်မြေရှိတော့ အဲဒါလည်း သူတို့အသိအမှတ်ပြု လက်ခံထားတာရှိတယ်။ ရှိတော့ ဒီဘက်က နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးနေတဲ့ကာလထဲမှာ နိုင်ငံရေးဆွေးနွေးပွဲရလဒ်ပေါ့နော်။ ကျွန်တော်တို့ပြောတဲ့ Union Accord (ပြည်ထောင်စု သဘောတူညီချက်) မရခင်ကြားမှာတော့ အကောင်အထည်ဖော်ရမယ့် တချို့ကိစ္စရပ်တွေမှာ နှစ်ဖက်ရှိနေတဲ့ နယ်မြေဒေသတွေထဲမှာ ပြုလုပ်မယ်ဆိုရင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက် လုပ်ဆောင်ဖို့။ အဲဒါက အခုထက်ထိကြားကာလဆိုင်ရာ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းကို တိတိကျကျချမှတ်ပြီး မလုပ်ဆောင်နိုင်သေးဘူး။ အဲဒီကာလမှ တချို့ထိစပ်တဲ့ နယ်မြေတွေရှိတယ်။ ရောထွေးနယ်မြေရှိတယ်။ ထိန်းချုပ်နယ်မြေရှိတယ်။ အစိုးရနယ်မြေတွေ။ အဲဒီလိုမျိုးနယ်မြေတွေမှာ လူထုအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လူထုအတွက် အကောင်အထည်ဖော်ရမယ့်ကိစ္စတွေ အကောင်အထည်ဖော်ရမယ်ဆိုရင် နှစ်ဖက်ညှိနှိုင်းပြီးတော့ တိုင်ပင်ဆောင်ရွက်ရကြဖို့ရှိတယ်လေ။ ရှိတော့ အဲဒီအတွက်နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ်တွေ အတိအကျ မရေးဆွဲရသေးတဲ့အပေါ်မှာ အဲဒါတွေကလည်း ပေါ်လစီတွေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ချမှတ်တာပေါ့နော်” ဟု ပဒိုစောလှထွန်းက ဆိုသည်။

Most Read

Most Recent