MTSH ၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် MEICO က တင်ပြလာသည့် ဒဂုန်အင်တာနေရှင်နယ်လီမိတက်နှင့် စပ်လျဉ်းသော မမှန်မကန်စွပ်စွဲချက်များအပေါ် ဖြေရှင်းချက်ထုတ်ပြန်

MTSH ၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် MEICO က တင်ပြလာသည့် ဒဂုန်အင်တာနေရှင်နယ်လီမိတက်နှင့် စပ်လျဉ်းသော မမှန်မကန်စွပ်စွဲချက်များအပေါ် ဖြေရှင်းချက်ထုတ်ပြန်
ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်အား ဝေဟင်မှ တွေ့ရစဉ်
ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်အား ဝေဟင်မှ တွေ့ရစဉ်
Published 14 October 2018

၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ကျင်းပခဲ့သည့် Myanmar Thilawa SEZ Holdings Public Ltd (MTSH) ၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် Myanmar Edible Oil Industrial Public Corporation Limited (MEICO) က ‘ဖြေရှင်းပေးရန်ကိစ္စ’ဟူသော တင်ပြချက်တွင် ဒဂုန်အင်တာနေရှင်နယ်လီမိတက်နှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့်ကျော် ကြားမှုကို ထိခိုက်စေသော မမှန်မကန်စွပ်စွဲချက်များပါရှိလာသဖြင့် MTSH အစုရှယ်ယာရှင်များ၊ လုပ်ငန်းဆက်နွှယ်လုပ်ကိုင်သူများနှင့် အများပြည်သူအား အမှန်ကိုသိရှိနိုင်စေရန် ရှင်းလင်းအပ်ပါကြောင်း MTSH က ဖြေရှင်းချက်ထုတ်ပြန်ခဲ့သည်။

MEICO ၏ တင်ပြချက်အပိုဒ်(၂)တွင်  ‘‘မြန်မာသီလဝါ အက်စ်အီးဇက်ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက်မှ ထုတ်ပြန်ခဲ့သည့်  ဘဏ္ဍာနှစ် ၂၀၁၃-၂၀၁၄ တွင် ကျပ် ၁၀၁,၈၅၀,၀၀၀ ကို ဒါရိုက်တာအဖွဲ့မှ ခွင့်ပြုချက်မရှိဘဲ ဦးဝင်းအောင်ပိုင်ဆိုင်သည့် ဒဂုန်အင်တာနေရှင်နယ်လီမိတက်မှထုတ်ယူခဲ့သည်’’ဟူ၍လည်းကောင်း၊ “Feasibility Study သည် မြန်မာသီလဝါ အက်စ်အီးဇက်ဟိုး(လ်)ဒင်း(စ်)ပတ်ဘလစ် လီမိတက် ဖွဲ့စည်းရန် တိကျသည့်အစီအစဉ် မရှိခင် ကာလကတည်းက ဒဂုန်အင်တာနေရှင်နယ်လီမိတက်၏ Own Risk ဖြင့် ပြုလုပ် ခဲ့ခြင်းသာဖြစ်ပါသည်’’ဟူ၍လည်းကောင်း  စသည်ဖြင့် အများသိစေရန် စွပ်စွဲပြောဆိုရေးသားဖြန့်ဝေချက်အပေါ် အမှန်ကို ပြန်လည် ရှင်းအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

ထိုစဉ် ၂၀၁၂ ခုနှစ်ကာလက ဦးဝင်းအောင်သည် UMFCCI ၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် သီလဝါအထူးစီးပွားရေးဇုန် အကောင် အထည်ပေါ်လာရေးအတွက် ဂျပန်အစိုးရ၏တာဝန်ရှိသူများ၊ JV အဖွဲ့ဝင် ဂျပန်ကုမ္ပဏီများ နှင့် မြန်မာအစိုးရ၏တာဝန်ရှိအကြီးအကဲများအကြား စီမံကိန်းကြီးကို ပုဂ္ဂလိကကုမ္ပဏီများ နှင့် သာမန်ပြည်သူများ ပါဝင်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ညှိနှိုင်းဆောင်ရွက်ရန် ယုံကြည်စွာ တာဝန်ပေးအပ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ပါ၍ဦးဝင်းအောင်က ထိုသို့ဆွေးနွေးမှုများကို စနစ်တကျပြုလုပ်ရာတွင် လိုအပ်သော Feasibility Study (FS) အတွက် ထိုင်းနိုင်ငံမှ Consultand ကုမ္ပဏီနှင့်ဒဂုန် အင်တာနေရှင်နယ်လီမိတက်မှ ကျွမ်းကျင်သူ ဝန်ထမ်းများပူးပေါင်း၍ ၂၀၁၂ ခုနှစ် အစောပိုင်းကာလများတွင်  FS များပြုလုပ်ခြင်းအတွက် ငွေကြေးကြိုတင်စိုက်ထုတ်ပြီး ပြုလုပ်ခဲ့ကြောင်း၊ စီမံကိန်းနှင့်စပ်လျဉ်း၍ ဂျပန် JV Partner များနှင့် ဆွေးနွေးရာတွင် အဆိုပါ FS Data များကိုအခြေခံပြီး စီမံကိန်းမဟာဗျူဟာ-နည်းဗျူဟာများ ညှိနှိုင်းဆွေးနွေးရေးဆွဲခြင်းများ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ထို့သို့ကြိုးစားအားထုတ်ဆွေးနွေးချိန်များတွင် MTSH အများပိုင်ကုမ္ပဏီကိုပင် တည်ထောင်ရန် ဖိတ်ခေါ်ခြင်း၊ ဖွဲ့စည်းခြင်း မပြုလုပ်ခဲ့ရသေးကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီ ၂၁ ရက်တွင် သီလဝါ SEZ စီမံကိန်းအတွက် G to G  အဆင့် Janpan-Myanmar Memorandum of Intention ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယင်း FS ကို အခြေခံ၍ ဂျပန်နှင့်မြန်မာအကြား စီမံကိန်း ကိစ္စများကို အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံဘက်မှ ပါဝင်ဆောင် ရွက်မည့်ကုမ္ပဏီဖွဲ့စည်းရန် အဆင့်သင့်ဖြစ်ပြီဟု သုံးသပ်၍ ညွှန်ကြားလာသောအခါ ၎င်းစီမံကိန်းအတွက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် ၃-၁-၂၀၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာခေါ်ယူကျင်းပခဲ့ပြီး MEICO အပါအဝင် အစုရှယ်ယာရှင် ၅၀ အထက်ပါဝင်သော အများပိုင်ကုမ္ပဏီကိုးခုအား  ဥပဒေ၊  စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပူးပေါင်းရင်းနှီးမြှုပ်နှံခွင့်ပြုရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ လမ်းညွှန်ချက်များ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီးနောက် အဆိုပြုခဲ့သော အများပိုင်ကုမ္ပဏီကိုးခုကို စုစည်း၍ MTSH ကုမ္ပဏီကို ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် ဦးဝင်းအောင်က ဦးဆောင်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ၉-၃-၂၀၁၃ နှင့် ၁၄-၃-၂၀၁၃ ရက်တို့တွင် ပြုလုပ်သောအစည်းအဝေးများ၌ ဒဂုန်အင်တာနေရှင်နယ်လီမိတက်က ပြုလုပ်ထားသည့် FS Data များကို အခြေပြု၍ စီမံကိန်းအတွက် ဆွေး နွေးခဲ့ကြကြောင်း၊ ထို့ပြင် အဆိုပါ FS နှင့်ပတ်သက်၍ ဒဂုန်အင်တာနေရှင်နယ်က ကျခံထားသည့် ကုန်ကျစရိတ်အတွက်ကိုလည်း ဒဂုန်အင်တာနေရှင်နယ်လီမိတက်သို့ ပြန်လည်ပေးချေရန် MTSH BOD က ၂၀၁၃ ခုနှစ် သြဂုတ်တွင် ပြုလုပ်သည့်အစည်းအဝေး၌ သဘောတူဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် FS ကုန်ကျစရိတ်အား ထုတ်ယူနိုင်ပြီဖြစ်ကြောင်း MTSH ငွေစာရင်းဌာနမှ ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် အီးမေးလ်ဖြင့် အကြောင်းကြားလာသည့်အတွက် လုပ်ထုံးလုပ်နည်းစည်းမျဉ်းများနှင့်အညီ စနစ်တကျငွေထုတ်ယူခဲ့ကြောင်း၊ ထိုသို့ ငွေထုတ်ခဲ့စဉ်ကလည်း Payment Voucher နှင့်ချက်လက်မှတ်များပေါ်တွင် ထိုအချိန်က MEICO အတွက် ကိုယ်စားပြု Alternate Director ဖြစ်သည့် MTSH Admin. Director ဖြစ်သူ ဦးအေးဝင်းကိုယ်တိုင်အတည်ပြု လက်မှတ်ရေးထိုးထုတ်ပေးခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၅-၄-၂၀၁၄ ရက်တွင် အများပြည်သူ ၁၇၀၉၉ ဦးကို အစုရှယ်ယာဝယ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သော MTSH ၏ ၂၀၁၃-၂၀၁၄ ခုနှစ် အစုရှယ်ယာရှင်များ စုံညီအစည်းအဝေး (AGM) တွင် အဆိုပါအသုံးစရိတ်နှင့်ပတ်သက်၍၂၀၁၃-၂၀၁၄ နှစ်ပတ်လည် AGM အစီရင်ခံစာ စာမျက်နှာ ၅၉ အပိုဒ် ၁၁၊ ကနဦး ကုန်ကျစရိတ်ဖြစ်နိုင်ခြေရှိ၊ မရှိ စိစစ်ချက် ၁၀၁,၈၅၀,၀၀၀ ခေါင်းစဉ်တွင် ‘‘အထက်ပါ အသုံးစရိတ်သည် မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုး(လ်)ဒင်း(စ်)ပတ်ဘလစ်လီမိ တက် မတည်ထောင်မီ ကုမ္ပဏီနှင့် သက်ဆိုင်သော ဖြစ်နိုင်ခြေရှိ၊ မရှိ စိစစ်ချက်အတွက် ကြိုတင်ကုန်ကျထားသည့် အသုံးစရိတ်ဖြစ်ပါ သည်။၂၀၁၃ခုနှစ် ဇန်နဝါရီတွင် ထုတ်ဝေခဲ့သော အဆိုပါအစီရင်ခံစာသည် ဖက်စပ်ကုမ္ပဏီ  MJTD ဖွဲ့စည်းတည်ထောင်ခြင်းအတွက် ညှိနှိုင်းဆောင်ရွက်မှုအခြေခံဖြစ်ပါသည်။ အဆိုပါအသုံးစရိတ်ကို ကုမ္ပဏီက ပေးချေရန် ၂၀၁၃ခုနှစ်သြဂုတ်တွင် ကနဦးအစုရှယ်ယာရှင်များက အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဒါရိုက်တာအဖွဲ့၏အ စည်းအဝေးဆုံးဖြတ်ချက်ဖြင့် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်’’ဟု သေချာစွာဖော်ပြထားကာ ထိုနှစ်ပတ်လည် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီးသောကိစ္စဖြစ်ပါလျက် ထပ်မံစွပ်စွဲပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ Win Thin & Associates မှ ဆရာကြီးဦးဝင်းသင်ကိုယ်တိုင် စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ထားခဲ့ခြင်းဖြစ်ကြောင်းကို ၂၉-၉-၂၀၁၈ တွင် ကျင်းပသော MTSH ၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကြီးတွင် အသေးစိတ် ထပ်မံရှင်းလင်းပြောဆိုခဲ့ပြီးဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထား သည်။

ယခုရှင်းလင်းချက်များမှာ MEICO ၏ စာပါအကြောင်းအရာများအနက် ဒဂုန်အင်တာနေရှင်နယ်လီမိတက်နှင့် သက်ဆိုင်သည့် မမှန်မကန် စွပ်စွဲပြောဆိုခဲ့သောအကြောင်းအရာများကို ဖြေရှင်းခြင်းသာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဒဂုန်အင်တာနေရှင်နယ်လီမိတက် နှင့်ဒါရိုက်တာအဖွဲ့ဝင်များ၏  ဂုဏ်သိက္ခာနှင့် လုပ်ငန်းကို ထိခိုက်စေသော မမှန်မကန်စွပ်စွဲ ချက်များကို ပြောဆိုရေးသားသူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒဂုန်အင်တာနေရှင်နယ်လီမိတက်၊ ဒါရိုက်တာအဖွဲ့က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent