စာရင်းစစ်ချုပ်ရုံးများသည် လွတ်လပ်စွာ ရပ်တည်နိုင်ရန် ညွှန်ကြားချက်များ ရှိသော်လည်း ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်မှုကြောင့် လွတ်လပ်စွာဖော်ဆောင်မှုအား ခြိမ်းခြောက်သည့်ကိစ္စ အပါအဝင် ခြိမ်းခြောက်နေသည့် အကြောင်းတရားငါးခုရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ပြောကြား
စာရင်းစစ်ချုပ်ရုံးများသည် လွတ်လပ်စွာ ရပ်တည်နိုင်ရန် ညွှန်ကြားချက်များရှိသော်လည်း ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်မှုကြောင့် လွတ်လပ်စွာ ဖော်ဆောင်မှုအား ခြိမ်းခြောက်သည့်ကိစ္စ အပါအဝင် ခြိမ်းခြောက် နေသည့် အကြောင်းတရားငါးခုရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်တိုဘာ ၁၁ ရက်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၌ပြုလုပ်သည့် ပြည်ထောင် စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်က မိမိအနေဖြင့် အချက်သုံးချက် ပြောကြားလိုကြောင်း၊ မကြာသေးမီက ဤရုံးနှင့် ဒေသစာရင်းရုံး အားလုံးရှိ ဝန်ထမ်းများ၏ ဆန္ဒသဘောထား မေးခွန်း ၂၃ ခုမေးပြီး စစ်တမ်းကောက်ယူခဲ့ သည့်ကိစ္စဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ကဏ္ဍငါးခု ခွဲခြားခဲ့ကြောင်း၊ ပထမ ကဏ္ဍသည် ရုံးတက်ရုံးဆင်းကိစ္စဖြစ်ပြီး မေးခွန်းသုံးခုပါရှိကြောင်း၊ ဒုတိယကဏ္ဍသည် လူအများနှင့် ထိတွေ့ဆက်ဆံမှုဖြစ်ပြီး မေးခွန်း ငါးခုပါရှိကြောင်း၊ တတိယကဏ္ဍသည် ကျေနပ်နှစ်ခြိုက်မှုဖြစ်ပြီး မေးခွန်းကိုးခုပါရှိကြောင်း၊ စတုတ္ထကဏ္ဍသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဖြစ်ပြီး မေးခွန်းနှစ်ခု ပါရှိကြောင်း၊ ပဥ္စမကဏ္ဍသည် တက်ကြွမှုဖြစ်ပြီး မေးခွန်းလေးခု ပါရှိကြောင်း၊ ထိုစစ်တမ်းအပေါ် စိစစ်သုံးသပ်ချက်အရ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး မေးခွန်းများဖြစ်သည့် ဆေးဝါးသုံးစွဲမှုများခြင်းနှင့် ခွင့်ယူရမှုရှိခြင်းမှအပ ကျန်မေးခွန်းများအပေါ် ဖြေကြားချက်များသည် အားရကျေနပ်စရာ ကောင်းပါကြောင်း၊ ဝန်ထမ်းများမှ စိတ်အားထက်သန်မှုရှိခြင်း၊ ချစ်ခင်နှစ်သက်သူများခြင်း၊ မိမိရာထူးအဆင့်၊ မိမိလုပ်ကိုင်နေရသည့် တာဝန်၊ လုပ်ငန်းခွင်ကို ကျေ နပ်နှစ်သက်မှုရှိခြင်း၊ စာပေဖတ်ခြင်း၊ သင်တန်းတက်လိုမှုရှိခြင်း စသည့် ကျေနပ်ဖွယ်ရာ အဖြေများရရှိခဲ့ပါကြောင်း၊ ညွှန်ကြားရေးမှူးများအား လေ့လာဆန်းစစ်ချက်များကို စာရင်းစစ်ချုပ်များက လိုအပ်သလို ပြောင်းလဲပေးသင့်ကြောင်း၊ ထိုနည်းတူ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိများ၏ တွေ့ရှိချက်များကို ညွှန်ကြားရေးမှူးက ကနဦးတာဝန်ရှိသူအနေဖြင့် အဆင့်ဆင့် ပြုပြင်ပြောင်းလဲဖို့လိုကြောင်း၊ ပိုပြီး ဂရုစိုက်ရန်ဖြစ်ကြောင်း ပြောကြားသည်။
ဒုတိယအချက်အနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြောကြားလိုကြောင်း၊ ISSAI , Mexico Declaration များတွင် ပါကြောင်း၊ မိမိတို့ရုံး လွတ်လပ်စွာ ရပ်တည်နိုင်ရန် ညွှန်ကြားချက်များရှိကြောင်း၊ သို့သော်လည်း လွတ်လပ်စွာ ဆောင်ရွက်ခြင်းကို ခြိမ်းခြောက်နေသည့် အကြောင်းတရား ငါးခုရှိကြောင်း၊ ပထမ ခြိမ်းခြောက်မှုသည် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်မှုကြောင့် လွတ်လပ်စွာ ဖော်ဆောင်မှုကို ခြိမ်းခြောက်ခြင်း (Self Interest Threat) ဖြစ်ကြောင်း၊ လက်ဆောင်ပဏ္ဍာငွေကြေး လက်ခံခြင်း၊ လိုလျှင်တစ်မျိုး မလိုလျှင်တစ်မျိုး လုပ်ခြင်းမျိုး ဖြစ်ကြောင်း၊ ဒုတိယခြိမ်းခြောက်မှုသည် ကိုယ့်အလုပ်ကို ပြန်စစ်ဆေးသည့်အနေဖြင့် လွတ်လွတ်လပ်လပ် လုပ်ဆောင်မှုကို ခြိမ်းခြောက်ခြင်း (Self Review Threat) ဖြစ် ကြောင်း၊ ကိုယ်စစ်ဆေးသည့်အဖွဲ့၏ စာရင်းကိုင်ကိစ္စ၊ အခွန်ကိစ္စ၊ တန်ဖိုးသင့်သည့်ကိစ္စ ကိုယ်အကြံပေးခြင်းကို ပြန်သုံးသပ်သည့် ကိစ္စများရှိသဖြင့် လွတ်လပ်မှုကို အန္တရာယ်ဖြစ်စေပါကြောင်း၊ တတိယခြိမ်းခြောက်မှုသည် ယဉ်ပါးရင်းနှီးမှုခြိမ်းခြောက်ခြင်း (Familiarity Threat) ဖြစ်ကြောင်း၊ မိမိနှင့် စစ်ဆေးခံအဖွဲ့ နီးကပ်စွာ ထိတွေ့နေရမှုမျိုးဖြစ်ကြောင်း၊ စတုတ္ထ ခြိမ်းခြောက်မှုသည် (Advocacy Threat) စစ်ဆေးခံအဖွဲ့ကို အကြံပေးမှုမျိုးတွင် ပါဝင်ရမှုမျိုး စစ်ဆေးရသည့်အဖွဲ့အတွက် ရှေ့နေ ရှေ့ရပ်သဘော ဦးဆောင်ပေးမှု မျိုးဖြစ်ကြောင်း၊ ပဥ္စမခြိမ်းခြောက်မှုသည် Intimidation Threat ကိုယ်တိုင် ခြိမ်းခြောက်ခံရခြင်း၊ မိမိကိုယ်တိုင်ကလည်း စစ်ဆေးရမည့် အဖွဲ့အစည်းကို ခြိမ်းခြောက်ဆောင်ရွက်ခြင်းသည်လည်း လွတ်လပ်စွာ စစ်ဆေးခြင်းကို ခြိမ်းခြောက်နိုင်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်က ဆိုသည်။















