သြစတြေးလျကလပ်အတွက် ပထမဆုံးပါဝင်ကစားသည့်ပွဲတွင် ယူစိန်ဘော့ (၂)ဂိုးသွင်းယူ

သြစတြေးလျကလပ်အတွက် ပထမဆုံးပါဝင်ကစားသည့်ပွဲတွင် ယူစိန်ဘော့ (၂)ဂိုးသွင်းယူ
Published 12 October 2018

ဂျမေကာတာတိုအပြေးဘုရင် ယူစိန်ဘော့သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာရန် ခြေစွမ်းစမ်းသပ်ခံနေသည့် သြစတြေးလျကလပ် စင်ထရယ်ကို့စ်မာရီနာအသင်းအတွက် ပထမဆုံးပါဝင်ကစားသည့်ပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အိုလံပစ်ရွှေတံဆိပ်(၈)ခုဆွတ်ခူးထားသည့် တာတိုအပြေးဘုရင် ယူစိန်ဘော့သည် စင်ထရယ်ကို့စ်မာရီနာအသင်းက မက်ကာသာဆောက်ဝက်စ်အသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရသည့် ခြေစမ်းပွဲတွင် ပထမဆုံးပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် တတိယနှင့် စတုတ္ထအနိုင်ဂိုးကိုသွင်းယူပေးခဲ့ကာ အပြေးပြိုင်ပွဲများတွင် ပြုလုပ်လေ့ရှိသည့်ပုံစံအတိုင်း အောင်ပွဲခံခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိပြီဖြစ်သည့် ယူစိန်ဘော့က '' အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ပြီးနောက် အိပ်မက်တွေက တကယ်ဖြစ်လာတာပါ။ ဒါက အသင်းအတွက် ကျွန်တော့်ရဲ့ပထမဆုံးပွဲစဉ်ပါ။ ဒီပွဲမှာပဲ (၂)ဂိုးသွင်းယူနိုင်ခဲ့တယ်။ တကယ့်ကို ကျေနပ်စရာပါ။ ဒီအသင်းမှာ ကျွန်တော့်ရဲ့တိုးတက်လာမှုအတွက် ပျော်ရွှင်မိပါတယ်။ အသင်းသားတစ်ဦးဖြစ်လာဖို့၊ အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်'' ဟု ပြောကြားခဲ့သည်။

စင်ထရယ်ကို့စ်မာရီနာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် သြစတြေးလျ A- လိဂ်သည် လာမည့်အောက်တိုဘာ (၁၉)ရက်တွင်မှ ရာသီသစ်စတင်မည်ဖြစ်ပြီး ယူစိန်ဘော့အား တရားဝင် စာချုပ်ချုပ်ဆိုမည်၊ မချုပ်ဆိုမည်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။

 

Most Read

Most Recent