မက်ဆီ ပါဝင်ခြင်း၊ မပါဝင်ခြင်းထက် အာဂျင်တီးနားကိုအနိုင်ယူရန်သာ ပိုအရေးကြီးသည်ဟု ကော်တင်ဟို ပြောကြား

မက်ဆီ ပါဝင်ခြင်း၊ မပါဝင်ခြင်းထက် အာဂျင်တီးနားကိုအနိုင်ယူရန်သာ ပိုအရေးကြီးသည်ဟု ကော်တင်ဟို ပြောကြား
Published 11 October 2018

 

ဘရာဇီးလ်အသင်းကွင်းလယ်လူ ကော်တင်ဟိုက ဘာစီလိုနာအသင်းဖော် မက်ဆီ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ အာဂျင်တီးနားအသင်းကို အနိုင်ယူရန်သာ ပိုအရေးကြီးသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်အသင်းနှင့် အာဂျင်တီးနားအသင်းတို့သည် လာမည့် အောက်တိုဘာ(၁၆)ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မက်ဆီမှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက အာဂျင်တီးနားအသင်းအတွက် ပြန်ကစားခြင်းမရှိသေးဘဲ ယခုဘရာဇီးလ်အသင်းနှင့်ကစားမည့် အာဂျင်တီးနားအသင်း၏လူစာရင်းတွင်လည်း ပါဝင်ခြင်းမရှိကြောင်း သိရသည်။ သို့သော် မက်ဆီ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ အာဂျင်တီးနားအသင်းမှာ ၎င်းတို့အတွက် မဟာပြိုင်ဘက်ဖြစ်ပြီး ယှဉ်ပြိုင်သည့်အချိန်တိုင်း အနိုင်ယူလိုကြောင်း ကော်တင်ဟိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်တင်ဟိုက '' နိုင်ငံလက်ရွေးစင်အသင်းအကြောင်းနဲ့ပတ်သက်ပြီး မက်ဆီနဲ့ ကျွန်တော် စကားအများကြီးမပြောဖြစ်ပါဘူး။ မက်ဆီအနေနဲ့ လာမယ့်ပွဲစဉ်မှာ ပါဝင်ကစားမှာမဟုတ်ပေမယ့် အာဂျင်တီးနားနဲ့ ဘရာဇီးလ်တွေ့ရင် ပွဲကြီးပွဲကောင်းတွေဖြစ်လေ့ရှိတဲ့အတိုင်း ဒီပွဲက တကယ်ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဒီတော့ မက်ဆီ ကစားတာ၊ မကစားတာထက် ကျွန်တော့်အတွက် ပိုအရေးကြီးတာကတော့ အာဂျင်တီးနားနဲ့ပွဲမှာ ကောင်းကောင်းခြေစွမ်းပြနိုင်ဖို့နဲ့ သူတို့ကို အနိုင်ယူဖို့ပဲဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဘရာဇီးလ်နှင့် အာဂျင်တီးနားတို့သည် ပြိုင်ပွဲစုံတွင် (၁၀၄)ပွဲအထိ တွေ့ဆုံခဲ့ဖူးကြောင်း သိရသည်။ ယင်းထဲတွင် ဘရာဇီးလ်က (၄၀)ပွဲနိုင်၊ အာဂျင်တီးနားအသင်းက (၃၈)ပွဲနိုင်ပြီး (၂၆)ပွဲသရေကျခဲ့ကြောင်း သိ ရှိရသည်။

Most Read

Most Recent