ဗီလာအသင်းနှင့် ဆွေးနွေးနေသော အွန်နရီကို မိုနာကိုလည်း ပစ်မှတ်ထား

ဗီလာအသင်းနှင့် ဆွေးနွေးနေသော အွန်နရီကို မိုနာကိုလည်း ပစ်မှတ်ထား
Published 10 October 2018

 

လိဂ်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းသည် ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းလျက် ရှိနေသော်လည်း ၎င်းတို့၏အစီအစဉ်မှာ ပြင်သစ်ကလပ် မိုနာကိုအသင်း ကြောင့် ပျက်ပြယ်ဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

အွန်နရီ၏ အသင်းဟောင်းဖြစ်သော မိုနာကိုအသင်းသည် လက်ရှိအသင်းနည်းပြ ယာဒင်းအား ရာထူးမှ ထုတ်ပယ်ပြီး နည်းပြအပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ မိုနာကိုအသင်းတာဝန်ရှိသူ များသည် ၎င်းတို့အသင်းတွင် ငယ်မွေးခြံပေါက်ကစားသမားအဖြစ် ကစားခဲ့သည့် အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မျက်စိကျနေကြောင်း သိရှိရသည်။ အွန်နရီသည် ၁၉၉၂ ခုနှစ် မှ ၁၉၉၄ ခုနှစ်အထိ မိုနာကိုအသင်းတွင် အကယ်ဒမီကစားသမားတစ်ဦးအဖြစ် ကစားခဲ့သူဖြစ်ပြီး ၁၉၉၄ မှ ၁၉၉၉ ခုနှစ်အထိ မိုနာကိုအသင်းကြီးတွင် ကစားခဲ့သူဖြစ်သည်။

မိုနာကိုအသင်းသည် ယခုရာသီတွင် ပြင်သစ်လီဂူး၌ ရာသီအဖွင့်တစ်ပွဲသာ နိုင်ပွဲရရှိပြီး (၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးကာ တန်းဆင်းဇုန်အတွင်း အဆင့်(၁၈)နေရာသို့ ရောက်ရှိနေသည်။ သို့ဖြစ်ရာ အသင်းတာဝန် ရှိသူများသည် ယာဒင်းကို ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အွန်နရီသည် လက်ရှိတွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိနေသေးသော်လည်း ဗီလာအသင်းတွင် နည်းပြအဖြစ် တာဝန်ယူရန်အတွက် မကြာသေးမီက ဗီလာအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကို ဗီလာအသင်း၌ ၎င်း၏ လက်ထောက်နည်းပြအဖြစ်  ခန့်အပ်ရန် ရည်ရွယ်ထားသည်ဟု လည်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent