ဖိလစ်ပိုင် စစ်သွေးကြွများက သစ်ခုတ်သမားခုနစ်ဦးကို ခေါင်းဖြတ်သတ်

ဖိလစ်ပိုင် စစ်သွေးကြွများက သစ်ခုတ်သမားခုနစ်ဦးကို ခေါင်းဖြတ်သတ်
Published 31 July 2017

ဖေဖော်ဝါရီ ၂၇ ရက်က ဆူလူးပြည်နယ် အင်ဒါနန်မြို့တွင် အဝေးပြေးလမ်း၌ ခရီးသည်တင်ယာဉ်တစ်စီးအား စစ်ဆေးနေသော ဖိလစ်ပိုင်မရိန်းတပ်ဖွဲ့ဝင်များ (Photo: AFP)

ဖိလစ်ပိုင်နိုင်ငံထဲမှ အစ္စလာမ္မစ် စစ်သွေးကြွများသည် ၎င်းတို့ခြေကုပ်ယူရာနိုင်ငံ တောင်ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်က ပြန်ပေးဆွဲခဲ့သည့် ဒေသခံသစ်ခုတ်သမား ခုနစ်ဦးကို ခေါင်းဖြတ်သတ်လိုက်ကြသည်ဟု ရဲတပ်ဖွဲ့က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသစ်ခုတ်သမားများ၏ အလောင်းများကို ဘာစီလန်ကျွန်းပေါ်ရှိ တောင်ပေါ်ရွာတစ်ရွာတွင် ဇူလိုင် ၃၀ ရက်က ပြန်လည် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းသတ်ဖြတ်မှုများသည် ထိုနေရာတွင် အခြေစိုက်သော ပြန်ပေးဆွဲ ငွေကြေးတောင်းခံသည့် အဘူဆေယက်အဖွဲ့မှ အဖွဲ့ခွဲတစ်ခု၏ လက်ချက်ဟု ဒေသဆိုင်ရာရဲမှူး ဂျွန်ကန်ဒိုက ပြောကြားခဲ့သည်။

အဘူဆေယက်အဖွဲ့ထဲမှ အကြီးတန်းခေါင်းဆောင် ဖူရူဂျီအင်ဒမာသည် သစ်ခုတ်သမားများကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်မှာ ပုံမှန်ပြန်ပေးဆွဲ ငွေတောင်းသည့် လုပ်ရပ်တစ်ခုမဟုတ်ဘဲ ဒေသတွင်းမှ စီးပွားရေးကိစ္စအတွက် အချင်းများခြင်းဖြစ်ဖွယ်ရကြောင်း ကန်ဒိုက ဆိုသည်။

“အင်ဒမာက သူရဲ့ရော်ဘာခင်းတွေ ပျက်စီးရတာဟာ ဒီသစ်ခုတ်သမားတွေကြောင့်လို့ ဆိုဖွယ်ရှိပါတယ်။ ဒါဟာအင်ဒမာရဲ့ လက်တုံ့ပြန်လိုက်တဲ့ လုပ်ရပ်တစ်ခုပါ။ ပြန်ပေးဆွဲသူတွေနဲ့ ပတ်သက်ပြီး ဘာပိုက်ဆံမှ မတောင်းခဲ့ပါဘူး။ ခေါင်းဖြတ်ခံထားရတဲ့ သစ်ခုတ်သမားတွေကိုပဲ ချက်ချင်းပြန်တွေ့ခဲ့ရတာပါ” ဟု ရဲမှူးကန်ဒိုက ဆိုသည်။

အဘူဆေယက်သည် ၁၉၉၀ ပြည့်လွန်နှစ်များက အိုစမာဘင်လာဒင်၏ အယ်ကေးဒါးကွန်ရက်မှ ထောက်ပံ့ပေးသည့် ငွေဖြင့် စတင်ထူထောင်ခဲ့သော လျော့တိလျော့ရဲ စစ်သွေးကြွ ကွန်ရက်တစ်ခုဖြစ်သည်။

အဘူဆေယက်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု အပြစ်တင်ခံထားရသူများ ဖြစ်သည်။ ၎င်းတို့သည် ပြန်ပေးဆွဲပြီး ငွေမပေးလျှင် ဓားစာခံကို ခေါင်းဖြတ်မှုများကြောင့် နာမည်ကျော် လူသိများသည်။

ဘာစီလန်ကျွန်းပေါ်တွင် အခြေစိုက်သော အဘူဆေယက်အဖွဲ့ခွဲတစ်ခုသည် IS ကိုပင် သစ္စာခံထားသေးသည်။ ထိုထဲမှ အစ္စလာမ္မစ် စစ်သွေးကြွအချို့သည် တိုက်ပွဲဖြစ်နေသည့် မာရာဝီမြို့ထဲမှ အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ထားသူများထဲတွင်လည်း ပါဝင်နေသည်။ မေလကတည်းက စတင်ခဲ့သော မာရာဝီတိုက်ပွဲအတွင်း သေဆုံးသူ ၆၅၀ ကျော် ရှိပြီးဖြစ်ကာ နေရပ်များမှ စွန့်ခွာထွက်ပြေးရ သူ ၄၀၀,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။ သမ္မတရိုဒရီဂိုဒူတာတေးက ထိုစစ်သွေးကြွများကို ချေမှုန်းရန်အတွက် စစ်အုပ်ချုပ်ရေး ကြေညာထားရသည့် နေရာများထဲတွင် ထိုဘာစီလန်လည်း ပါဝင်သည်။

ကက်သလစ်ဘာသာဝင် အများစုနေထိုင်သော ဖိလစ်ပိုင်ထဲတွင် ထိုမာရာဝီမြို့သည် မွတ်စလင်တို့အတွက် အရေးအပါဆုံးမြို့ဟု ယူဆခံထားရသည်။

Ref: AFP

Most Read

Most Recent