တိုင်းပြုပြည်ပြုလွှတ်တော်သစ် ရွေးချယ်ရန် ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည်ဟု ဗင်နီဇွဲလားသမ္မတ မာဒူရို ကြေညာ

တိုင်းပြုပြည်ပြုလွှတ်တော်သစ် ရွေးချယ်ရန် ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည်ဟု ဗင်နီဇွဲလားသမ္မတ မာဒူရို ကြေညာ
Published 31 July 2017

ဇူလိုင် ၃၁ ရက်က ကာရာကက်မြို့တွင် တိုင်းပြုပြည်ပြုလွှတ်တော်သစ် ရွေးကောက်ပွဲရလဒ်ကို အောင်ပွဲခံနေသော ဗင်နီဇွဲလားသမ္မတ မာဒူရို (Photo: AFP)

လူသေဆုံးသော ပဋိပက္ခများရှိသော်လည်း ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အတိုက်အခံများက ကတိပြုထားချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲမည့် တိုင်းပြုပြည်ပြုလွှတ်တော်သစ် ရွေးချယ်ရန် ရွေးကောက်ပွဲသည် အနိုင်ရခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလက် မာဒူရိုက ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့သည်။ အတိုက်အခံများ၏ သပိတ်မှောက်မှုနှင့် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုများကို အာခံလျက် ဇူလိုင် ၃၀ ရက်တွင် ကျင်းပခဲ့သော ယင်းရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်းတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြသူများက မဲရုံများအား တိုက်ခိုက်ခဲ့ပြီး လမ်းများအား ပိတ်ဆို့ထားခဲ့ကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအချို့တွင် ကျည်အစစ်သုံး၍ ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သိရသည်။ သပိတ်မှောက်မှုနှင့် ဆန္ဒပြမှုရှိသော်လည်း ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ရှစ်သန်းကျော်၊ ၄၁ ဒသမ ၅ ရာခိုင်နှုန်းက မဲလာပေးခဲ့ကြောင်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသည့် မာဒူရို၏ မဟာမိတ် ၁၃ ဦးအနက် တစ်ဦးဖြစ်သော အမျိုးသားရွေးကောက်ပွဲကောင်စီဥက္ကဋ္ဌ တီဘီဆေးလူစီနာက ကြေညာခဲ့သည်။

ဆိုရှယ်လစ်သမ္မတ မာဒူရိုသည် ၎င်း၏အုပ်စိုးမှုအား အမတ်နေရာ ၅၄၅ ရှိသော လွှတ်တော်သစ်နှင့် အလောင်းအစား ပြုလုပ်ခဲ့သည်။ ယင်းလွှတ်တော်သစ်သည် လတ်တလောတွင် အတိုက်အခံများ ထိန်းချုပ်ထားသည့် ကွန်ဂရက်အား ဖျက်သိမ်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရန် အခွင့်အာဏာရှိသည်။ လနှင့်ချီ ဆန္ဒပြမှုများရှိနေသော်လည်း ယင်းလွှတ်တော်သစ်အား စတင်ရန် မာဒူရို၏ အခိုင်အမာ ကြိုးပမ်းနေမှုသည် နိုင်ငံအား ပိုမိုဆိုးရွားသော ဝရုန်းသုန်းကား အခြေအနေသို့ သက်ဆင်းသွားမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။

မာဒူရို၏ ယင်းရွေးကောက်ပွဲအား အမေရိကန်ဦးဆောင်၍ ဥရောပသမဂ္ဂ၊ ကနေဒါအပြင် အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာနှင့် မက္ကဆီကို တို့ပါဝင်သည့် လက်တင်အမေရိက အင်အားကြီးနိုင်ငံများက ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ယင်းရွေးကောက်ပွဲသည် အလိမ်အညာဖြစ်သည်ဟု အတိုက်အခံများကလည်း ထုတ်ပြန်ခဲ့ကြသည်။

ယင်းရွေးကောက်ပွဲနှင့် သမ္မတကိုယ်တိုင် ပါဝင်သည်ဟုဆိုထားသော အစုပြုံလိုက် သတ်ဖြတ်မှုတို့အား ဆန့်ကျင်ရန်အတွက် အလွန်အမင်း လူကြိုက်နည်းနေသည့် မာဒူရိုအား အာခံမှုကို ဆက်လက်လုပ်ဆောင်ကြရန် အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟင်းနရစ်ကက်ရိုင်းက ဗင်နီဇွဲလားပြည်သူများအား တိုက်တွန်းခဲ့သည်။

ယခုရွေးကောက်ပွဲ ကျင်းပစဉ်နှင့် ကျင်းပအပြီးတို့တွင် ဆန္ဒပြမှုများကို ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို မာဒူရိုက ထုတ်ပြန်ထားပြီး ဖောက်ဖျက်သူသည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ရွေးကောက်ပွဲနေ့တွင် နိုင်ငံတစ်ဝန်း၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လွှတ်တော်သစ်၏ ကိုယ်စားလှယ်လောင်းတစ်ဦး၊ ဒေသဆိုင်ရာ အတိုက်အခံခေါင်းဆောင်တစ်ဦး၊ ဆယ်ကျော်သက် ဆန္ဒပြသူနှစ်ဦးနှင့် စစ်သားတစ်ဦးတို့ အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အစိုးရရှေ့နေများက ထုတ်ပြန်ခဲ့ရာ လေးလကြာမြင့်လာပြီဖြစ်သော ဆန္ဒပြပဋိပက္ခအတွင်း သေဆုံးသူ ၁၂၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် မာဒူရိုက ယင်းရွေးကောက်ပွဲသည် ဗင်နီဇွဲလားသမိုင်းတွင် အရေးပါဆုံးဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့သည်။ သဘောထား စစ်တမ်းကောက်ယူသည့်အဖွဲ့ Datanalisis က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင် ဖြေဆိုသူ ရာခိုင်နှုန်း ၇၀ ကျော်က လွှတ်တော်သစ်ခေါ်ယူမည့် မာဒူရို၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ကြပြီး ရာခိုင်နှုန်း ၈၀ က မာဒူရို၏ နိုင်ငံဦးဆောင်မှုအား ဆန့်ကျင်ခဲ့ကြကြောင်း သိရသည်။

Ref: AFP

Most Read

Most Recent