အိန္ဒိယတွင် ဆယ်ကျော်မိခင်၏ အရှင်လတ်လတ် မြေမြှုပ်ခြင်း ခံခဲ့ရသည့် တစ်ပတ်သားအရွယ် ယောကျ်ားလေး တစ်ဦးသည် သင်္ချိုင်းမြေပုံထဲတွင် နာရီများစွာ နေထိုင်ခဲ့ရသော်လည်း အသက်ရှင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရွာသားများက ကလေးငိုသံကြားခဲ့ပြီးနောက် ကယ်ဆယ်ခဲ့သည့် ယင်းနို့စို့ ကလေးငယ်သည် ယခုအခါ မက်ဒရာပရာဒေ့ရှ် ပြည်နယ်ရှိ ဆေးရုံတွင် နာလန်ထူလာပြီဖြစ်သည်။
ယင်းကလေးငယ်ကို ၁၀ လက်မ (၂၅ စင်တီမီတာ)ခန့်ရှိသည့် ရွှံ့တောအောက်တွင် တွေ့ရှိခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ပိုးမွှားကိုက်ခံခဲ့ရပြီး အအေးမိနေသည့် ယင်းနို့စို့ကလေးသည် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာကြောင်း၊ ယင်းကလေးကို ပြည်နယ်ရှိ ကလေးစောင့်ရှောက်ရေး ဂေဟာသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အသက် ၁၆ နှစ်အရွယ်ရှိ မုဒိမ်းကျင့်ခံခဲ့ရသည့် မိန်းကလေးသည် ဘာဝါနီခရိုင်ရှိ ၎င်း၏ မိဘများနေအိမ်တွင် ကလေးကို တိတ်တိတ်ပုန်း မွေးဖွားခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ကလေးကို ယင်းကဲ့သို့ မြှုပ်နှံခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
ကလေးမိခင်နှင့် ကလေးအမည်ကိုမူ လျှို့ဝှက်ထားသည်။ ယင်းမိန်းကလေးသည် ဒေသခံ ဆယ်ကျော်သက် အမျိုးသားတစ်ဦး၏ စော်ကားခံရမှုကြောင့် ကိုယ်ဝန်ရရှိခဲ့သည်ဟု ဆိုသည်။ ယင်းအမျိုးသားသည် ဇူလိုင် ၂၇ ရက်တွင် မုဒိမ်းမှုစွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရသည်။
Ref: AFP














