၁၂ နှစ်အရွယ် ယောကျ်ားလေးအား ဦးခေါင်းနှင့်ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရအောင် ရိုက်နှက်သည့် ဦးလေးတော်စပ်သူကို အာမခံပေးထားမှု တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လွှတ်တော်ထံ အစီရင်ခံစာတင်ပြကာ ကူညီသွားမည်ဟုသိရ

၁၂ နှစ်အရွယ် ယောကျ်ားလေးအား ဦးခေါင်းနှင့်ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရအောင် ရိုက်နှက်သည့် ဦးလေးတော်စပ်သူကို အာမခံပေးထားမှု တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လွှတ်တော်ထံ အစီရင်ခံစာတင်ပြကာ ကူညီသွားမည်ဟုသိရ
Published 3 September 2018

ဒဂုံအရှေ့မြို့နယ်တွင် အသက် ၁၂ နှစ် အရွယ် ယောကျ်ားလေးတစ်ဦးအား ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရအောင် ရိုက်နှက်သည့် ဦးလေးတော်စပ်သူကို အာမခံပေးထားမှုအပေါ် တိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော်ထံ အစီရင်ခံစာတင်ပြကာ ကူညီသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်လူမှုရေးနှင့်စီမံခန့်ခွဲရေး ကော်မတီအတွင်းရေးမှူး တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက စက်တင်ဘာ ၂ ရက်က ပြောကြားသည်။

ရိုက်နှက်ခံရသည့် ကလေးမှာ  အရှေ့ဒဂုံမြို့နယ် လေးဒေါင့်ကန်စံပြကျေးရွာနေ အသက်  ၁၂ နှစ်အရွယ်ရှိ မောင်ဖိုးလပြည့် ဖြစ်ပြီး သြဂုတ် ၂၉ ရက်တွင် ဦးလေးဆိုသူ ဦးဖိုးကျော်(၃၄ နှစ်) ၏ ရိုက်နှက်မှုကြောင့်  ဦးခေါင်းကွဲဒဏ်ရာ၊ လက်ကျိုးဒဏ်ရာ အပါအဝင် ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများရရှိထား၍ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းသို့တိုင်ကြားမှုကြောင့် အရှေ့ဒဂုံ မြို့မရဲစခန်းက ဦးဖိုးကျော်အား (ပ) ၁၀၀၄ /၂၀၁၈၊ ပုဒ်မ-၃၂၅/၂၉၄/၅၀၆ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အာမခံပေးခဲ့ကြောင်း၊ ထို့ ကြောင့်  အာမခံပေးမှုအပေါ် ကလေးသူငယ် ဥပဒေကြောင်းအရ ကူညီပေးပါရန် Thet Zaw Win နှင့် Thar Nyi အမည်ရှိ Facebook အကောင့်များက ဦးညီညီ၏ အကောင့်ထံ ရေးသားခဲ့ကြသည်။

တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒီကလေးကို သူ့ရဲ့ ဦးလေးတော် သူက ရိုက်နှက်တယ်လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က ပြောချင်တာက ဦးလေးပဲ ရိုက်ရိုက် ၊ အဖေပဲရိုက်ရိုက် ဘယ်လိုပဲရိုက်ရိုက် ကလေးတစ်ယောက်ကို အဲဒီလိုကို ရိုက်စရာမလိုဘူး။  ကလေးသူငယ်များဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုမှာ သွားပြီ အကြုံးဝင်ပါတယ်”  ဟု ဆက်လက်ပြောကြားသည်။

ထို့ပြင် ဒဂုံဆိပ်ကမ်းတွင် ကလေးငယ်တစ်ယောက် ညှင်းပန်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့်ပတ်သက်၍ သာမန်ဒဏ်ရာဟုပင် အမည်တပ်ထားခြင်းရှိကြောင်း၊ မိမိတို့မှာ ဥပဒေပညာရှင်များမဟုတ်၍ နားမလည်ကြောင်း၊ ထို့ကြောင့် သာမန်ဒဏ်ရာဟုဆိုခြင်းအပေါ် ဥပဒေပညာရှင်များအနေဖြင့် ပြန်လည်သုံးသပ်မှု လိုအပ်နေပြီဖြစ်ကြောင်း ဦးညီညီက ဆက်လက်ပြောကြားသည်။

“ဥပဒေရဲ့ အားနည်းမှုအပေါ် ပြန်လည်သုံးသပ်ဖို့ လိုပြီဆိုတာ ကျွန်တော်ပြောချင်တယ်” ဟု ဦးညီညီက ဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒဂုံအရှေ့ရဲစခန်းကို သုံးကြိမ်တိတိ ဆက်သွယ်ခဲ့သော်လည်း  ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “သာမန်ဒဏ်ရာဆိုတော့ ဒဏ်ရာဆိုတဲ့နေရာမှာ ဘယ်လိုမျိုးသတ်မှတ်ထားတာလဲ ဘယ်လိုမျိုးခွဲခြားထားတာလဲဆိုတာ  ဥပဒေပညာရှင်တွေပဲသိတယ်။ သို့သော် ဒီ ကလေးဖြစ်နေတဲ့အတိုင်းအတာက လူကြီးတစ်ယောက်တောင် ခံနိုင်ရည်မရှိတဲ့ အတိုင်းအတာမျိုးမှာ ဒီကလေးရဲ့ ဒဏ်ရာကို သာမန်ဒဏ်ရာလို့ ပြောလိုက်တဲ့အပေါ်မှာတော့ နောက်နောင်များစွာသော ကလေးတွေအတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ အစ်ကို ပြောချင်ပါတယ်။ ဥပဒေကြောင်းအရ ဒါသည်ဖြစ်သင့်လား၊ မဖြစ်သင့်လားဆိုတာ လွှတ်တော်မှာလည်း တာဝန်ရှိတဲ့ သူတွေကို ရော၊ အစိုးရအဖွဲ့ကိုရော ဒီကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံစာရေးပြီးတော့ တင်ပြပေးသွားမှာပါ။ ဒါမှ လူကြီးတွေအနေနဲ့ ပြန်လည်သုံးသပ်လို့ ရမှာပါ” ဟု စက်တင်ဘာ ၂ ရက်က ပြောကြားသည်။

 

Most Read

Most Recent