မန္တလေးမြို့ အမျိုးသားရေး သပိတ်စခန်းတွင် ပါဝင်သော ဦးဆောင်သံဃာခြောက်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား ချမ်းမြသာစည် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး အမြန်ဆုံး အမှုစစ်ဆေးကာ အမိန့်ချပေးရန် တရားသူကြီးသို့ တောင်းဆို

မန္တလေးမြို့ အမျိုးသားရေး သပိတ်စခန်းတွင် ပါဝင်သော ဦးဆောင်သံဃာခြောက်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား ချမ်းမြသာစည် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး အမြန်ဆုံး အမှုစစ်ဆေးကာ အမိန့်ချပေးရန် တရားသူကြီးသို့ တောင်းဆို
Published 10 August 2017

ဦးဆောင်သံဃာခြောက်ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးအား ချမ်းမြသာစည် တရားရုံး ရုံးထုတ်တွင် တွေ့ရစဉ်

အစိုးရနုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုသော မန္တလေး အမျိုးသားရေး သပိတ်စခန်း ဖြိုခွဲရာ၌ ပါဝင်သော ဦးဆောင်သံဃာ ခြောက်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား သြဂုတ် ၉ ရက် နံနက် ၁၀ နာရီခွဲခန့်က ချမ်းမြသာစည် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး အဆိုပါ သံဃာများက ဥပဒေနှင့်အညီ အမြန်ဆုံး စစ်ဆေးကာ အမိန့်ချပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

တရားသူကြီးက ဝရမ်းထုတ်ထားသည်မှာ သံဃာရှစ်ပါးဖြစ်ပြီး ရဲကဖမ်းဝရမ်း တိုးမြှင့်ပေးရန် တောင်းဆိုသဖြင့် ၂၃ ရက် ထပ်မံရုံးချိန်းသည်ကို တရားစွဲခံထားရသည့် သံဃာများက ကျန်ရှိသံဃာနှစ်ပါးကို ဖမ်းမိခြင်း၊ မမိခြင်းမှာ မိမိတို့နှင့်မဆိုင်ဘဲ ရဲတပ်ဖွဲ့နှင့်သာ သက်ဆိုင်သဖြင့် မိမိတို့ကို ဥပဒေနှင့်အညီ အမြန်ဆုံး စစ်ဆေးကာ အမိန့်ချပေးရန် တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

“လက်ရှိ တရားစွဲဆိုထားတာက လောလောဆယ် နှစ်မှုပါ။ ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုလုပ်ပြီး စွဲဆိုထားတဲ့ ဆန္ဒပြတဲ့နေရာမှာ ပါဝင်တဲ့ သံဃာတော်ရှစ်ပါးကို ဦးတိုက်စွဲဆိုတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ကို ကျွန်တော်တို့ တရားရုံးက လက်ခံအရေးယူ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒီ ၅၀၅ (ခ)က အာမခံပေးလို့ရတဲ့ ပြစ်မှုမဟုတ်တဲ့အတွက် ကျွန်တော်တို့က ဝရမ်းထုတ်ပေးပါတယ်။ ဝရမ်းထုတ်ထားတာ ရှစ်ဦးအနက် ခြောက်ဦးကို ဒီနေ့ရုံးချိန်းတင်ပြီး နှစ်ဦးကျန်သေးတဲ့အတွက် ဖမ်းဝရမ်း ဆက်လက်အတည်ပြု ပေးဖို့အတွက် ရက်ချိန်းတိုး တောင်းပါတယ်။ အဲဒီအတွက် လာမယ့် ၂၃ ရက်ကို ဘုန်းကြီးရှစ်ပါးအမှု ပြန်ချိန်းဆိုလိုက်တာ ဖြစ်ပါတယ်။ တွဲဖက်တရားသူကြီး ဒေါ်နီလာစစ်တဲ့ နောက်တစ်မှုကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တရားစွဲဆိုတဲ့ လူပုဂ္ဂိုလ်ငါးဦးကို တရားစွဲဆိုတဲ့ အမှုကိစ္စ စစ်ဆေးတာ ဖြစ်ပါတယ်။ အဲဒီအမှုကလည်း တစ်ယောက်ပဲ မိပါတယ်။ လေးယောက်ကျန်သေးတဲ့အတွက် ဖမ်းဝရမ်းကို ရဲကရက်ချိန်းတိုးတောင်းတာ ဖြစ်တဲ့အတွက် ခုနကအမှုလိုပဲ ၂၃ ရက်ကို ပြန်ချိန်းဆိုထားပါတယ်” ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

မိမိအနေဖြင့် ဦးအဂ္ဂဓဇ၊ ဦးပဏ္ဍိတနှင့် ဦးအရိယာဝံသတို့အတွက် အမှုလျှောက်လဲချက် ပေးသွားမည်ဖြစ်ပြီး လာမည့် ၂၃ ရက်တွင် ပြန်လည်ရုံးချိန်းထားကြောင်း၊ ယနေ့ရုံးချိန်းတွင် မည်သည့်လျှောက်လဲချက်မျှ ပြုလုပ်ရခြင်း မရှိသေးကြောင်း ရှေ့နေဦးအောင်ရဲစိုးက ပြောကြားသည်။

သံဃာရှစ်ပါးအား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုလုပ်ကာ စွဲဆိုထားခြင်းဖြစ်ပြီး ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးအား မြို့နယ်ထွေအုပ်က တရားလိုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဘုရားကြီးအနောက် ဘက်မုခ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က တိုင်းဒေသကြီး အစိုးရလမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီး နှစ်ဦးအား ထိန်းသိမ်းဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ဦးဆောင်သံဃာ ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင်ရုံးထုတ် စစ်ဆေးခဲ့သည်။ သပိတ်စခန်းဖွင့်လှစ် ဆန္ဒဖော်ထုတ်နေသူများသည် တိုင်းဒေသကြီး သံဃနာယကအဖွဲ့နှင့် မြို့နယ်သံဃနာယက အဖွဲ့တို့၏ ညွှန်ကြားချက်များ၊ တိုင်းဒေသကြီး သာသနာရေးဌာန၏ လျှောက်ထားဆောင်ရွက်ချက်များအပေါ် လိုက်နာခြင်း မရှိဘဲ ဆက်လက်ဖွင့်လှစ် နေသဖြင့် ယခုလို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားရခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သြဂုတ် ၅ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ သံဃာများအား ရုံးမထုတ်မီ အချိန်ကတည်းက လူပုဂ္ဂိုလ် ၂၀၀ ခန့် တရားရုံးဝန်းကျင်တွင် လာရောက် စောင့်ဆိုင်းနေကြပြီး ရုံးထုတ်နေသော အချိန်တွင် ထပ်မံရောက်ရှိလာကာ သံဃာတော်များ တရားခွင်တွင် စစ်ဆေးခံနေရချိန်၊ ဆွမ်းဘုဉ်းပေးချိန်တို့တွင် ဝန်းရံအားပေးနေကြသည်ကို တွေ့ရသည်။ ဖမ်းဆီးရန် ကျန်ရှိနေသည့် သံဃာနှင့် လူပုဂ္ဂိုလ်များကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ပြီး သပိတ်စခန်းအား ရှင်းလင်းပြီးနောက် သက်သေခံပစ္စည်းများဖြစ်သည့် အလံ၊ ကြွေးကြော်သံစာသားပါ ဗီနိုင်းဆိုင်းဘုတ်များ၊ အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီကျော် သပိတ်စခန်းဖြိုခွဲချိန်က ဖမ်းဆီးခံရကာ လူဝတ်လဲပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ် ငါးဝါ၊ သာသနာဝင်အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင်အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့် အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်သည်။

Most Read

Most Recent