၂၀၁၇ ခုနှစ် တတိယသုံးလပတ်အထိ ရန်ကုန်မြို့တွင် ရုံးခန်းအဆောက်အအုံနေရာ စတုရန်းမီတာ ၃၂၀,၀၀၀ ဝန်းကျင်ရှိလာပြီး အဆောက်အအုံသစ်များ ထွက်ပေါ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်နေခြင်းကြောင့် ငှားရမ်းခဈေးနှုန်းများ ကျဆင်း

၂၀၁၇ ခုနှစ် တတိယသုံးလပတ်အထိ ရန်ကုန်မြို့တွင် ရုံးခန်းအဆောက်အအုံနေရာ စတုရန်းမီတာ ၃၂၀,၀၀၀ ဝန်းကျင်ရှိလာပြီး အဆောက်အအုံသစ်များ ထွက်ပေါ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်နေခြင်းကြောင့် ငှားရမ်းခဈေးနှုန်းများ ကျဆင်း
Published 3 November 2017

ရုံးခန်းအဆောက်အအုံများပါဝင်သည့် ရန်ကုန်မြို့ရှိ Junction City အား တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ရန်ကုန်မြို့အတွင်း ရုံးခန်းအဆောက်အအုံ အရေအတွက် ဆက်လက်တိုးတက်လာ ပြီး ၂၀၁၇ ခုနှစ် တတိယသုံးလပတ် ကုန်ဆုံးချိန်တွင် စတုရန်းမီတာ ၃၂၀,၀၀၀ ဝန်းကျင်အထိ ဈေးကွက်ဝင်လာကာ ယှဉ်ပြိုင်မှု ပြင်းထန်နေခြင်းကြောင့် ငှားရမ်းခဈေးနှုန်းများ ကျဆင်းနေကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) က ဈေးကွက်သုံးသပ်ထားသည်။

၂၀၁၇ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၂၀,၀၀၀ ဝန်းကျင်ရှိနေပြီး ယခုနှစ်အတွင်း ထပ်မံထွက်ပေါ်လာမည့် ရုံးခန်းအဆောက်အအုံ နေရာများပြီးစီးပါက စတုရန်းမီတာ ၃၅၀,၀၀၀ အထိရှိလာမည် ဖြစ်သည်။ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ် ကုန်ဆုံးချိန်တွင်၂၂ ရာခိုင်နှုန်း ပိုမိုတိုးတက်မည်ဖြစ်ပြီး လာမည့်နှစ်နှစ်မှ သုံးနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်နေရာ စတုရန်းမီတာ ၂၇၀,၀၀၀ ဝန်းကျင်ထပ်မံထွက်ရှိလာမည်ဟု မျှော်မှန်းထားသည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းငှားရမ်းမှု ပမာဏများ ဆက်လက်မြင့်တက်လျက်ရှိရာ ဈေးကွက်ဝင် ပြီး ရုံးခန်းအဆောက်အအုံ နေရာများ၏ ရာခိုင်နှုန်း ၇၀ ကို ငှားရမ်းပြီးဖြစ်သည်။ ရုံးခန်းငှား ရမ်းမှုသည် ၂၀၁၈ အထိ ပုံမှန်အတိုင်း  ဆက်လက်တိုးတက်မည်ဖြစ်ပြီး ၂၀၁၉ တွင်  ရုံးခန်းနေရာသစ်အများအပြား ထပ်မံထွက်ရှိနိုင်ခြင်းကြောင့် ယှဉ်ပြိုင်မှုပိုမိုများပြားလာမည်ဟု မျှော်မှန်းထားသည်။

၂၀၁၇ နှစ်မကုန်မီ မရန်းကုန်မြို့နယ်ရှိ ပြည်ငြိမ်းထွန်းတာဝါ၊ စမ်းချောင်းမြို့နယ်ရှိ Red Hill Mixed – use Tower ၊ ကမာရွတ် မြို့နယ်ရှိ Crystal Tower ၊ Regent Office Tower တို့ ဈေးကွက်ဝင်လာမည်ဖြစ်ပြီး အဆိုပါအဆောက်အအုံများမှ ရုံးခန်းငှားရမ်းမှုနေရာ စတုရန်းမီတာ ၂၀,၀၀၀ ဝန်းကျင်ရှိမည် ဖြစ်သည်။

ရုံးခန်းအဆောက်အအုံဆောက်လုပ်သူတို့သည် ရန်ကုန်မြို့တွင်း မြို့ပြင်နေရာအသီးသီးတွင် ဆက်လက်ဆောက်လုပ်လျက်ရှိပြီး လာမည့်နှစ်နှစ်မှ သုံးနှစ်အတွင်း ရန်ကုန်မြို့တွင်း နေရာများတွင် အကန့်အသတ်ရှိသော်လည်း Yoma Central ၏ ဧက ၆၀ ရှိ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း စတင်ပါက နေရာအများအပြား ဆက်လက်ထွက်ပေါ်လာမည် ဖြစ်သည်။

Colliers International ၏ခန့်မှန်းချက်အရ ရုံးခန်းအငှားဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည်ဖြစ်သည်။ ထို့ပြင် အရွယ်အစားကြီးမားပြီး နိုင်ငံတကာ အဆင့်အတန်းမီသော ရုံးခန်းအဆောက်အအုံများသည် သမားရိုးကျမဟုတ်သော ငှားရမ်းမှုများကို ပိုမိုဝန်ဆောင်ပေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား ရုံးခန်းငှားရမ်းသူများက ပုံမှန်ရုံးခန်းဈေးကွက်ကို ဆက်လက်အားပြုနိုင်မည် ဖြစ်သည်။

လက်ရှိရုံးခန်း အဆောက်အအုံငှားရမ်းခများသည် တစ်စတုရန်းမီတာလျှင် (တစ်လ) ဒေါ်လာ ၄၀ မှ ၅၀ ကြားရှိပြီး မြို့တွင်းနေရာများသည် ဈေးနှုန်းပိုမိုရရှိသည်။ အဆောက်အအုံ နေရာသစ်များထွက်ပေါ်မှု၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်ပြီး အရည်အသွေးနိမ့်သည့် ရုံးခန်းအဆောက်အအုံနေရာများသည် အနာဂတ်ကာလတွင် ဈေးနှုန်းရရှိမှု ပိုမိုနည်းပါးလာမည် ဖြစ်သည်။ လက်ရှိဈေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏  ပျမ်းမျှငှားရမ်းမှုဈေးနှုန်းသည် ၂၀၁၇ တတိယ သုံးလပတ်တွင် ၄၅ ဒသမ ၂၁ ဒေါ်လာဖြစ်ပြီး ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကာလာမည့် ၂၀၁၈ တတိယသုံးလပတ်တွင် ၄၁ ဒသမ ၁၂ ဒေါ် လာ (၉ ဒသမ ၀၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထား) သာရှိမည်ဟု Colliers က မျှော်မှန်းထားသည်။

Most Read

Most Recent