World Bank က မြန်မာနိုင်ငံနှင့် အဆက်အသွယ် မဖြတ်လိုဘဲ ရခိုင်အရေး ကြိုးစားဆောင်ရွက်ရန် ပြောကြားမှုအပေါ် မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်ခံရသူများမှာ တိုင်းရင်းသားများသာဖြစ်ပြီး ခမီ၊ မြို၊ ဒိုင်းနက်လူမျိုးများ အသတ်ခံရပုံကို ပြသရှင်းလင်းခဲ့ကြောင်း စီမံဘဏ္ဍာဝန်ကြီး ပြန်လည်ရှင်းလင်း

World Bank က မြန်မာနိုင်ငံနှင့် အဆက်အသွယ် မဖြတ်လိုဘဲ ရခိုင်အရေး ကြိုးစားဆောင်ရွက်ရန် ပြောကြားမှုအပေါ် မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်ခံရသူများမှာ တိုင်းရင်းသားများသာဖြစ်ပြီး ခမီ၊ မြို၊ ဒိုင်းနက်လူမျိုးများ အသတ်ခံရပုံကို ပြသရှင်းလင်းခဲ့ကြောင်း စီမံဘဏ္ဍာဝန်ကြီး ပြန်လည်ရှင်းလင်း
Published 29 October 2017

မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြားတွင် နေထိုင်နေကြသည့် မြိုတိုင်းရင်းသား မိသားစုဝင် အချို့ကို သြဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

World Bank က မြန်မာနိုင်ငံနှင့် အဆက်အသွယ် မဖြတ်လိုဘဲ ရခိုင်အရေး ကြိုးစားဆောင်ရွက်ရန် ပြောကြားခဲ့ပြီး ထိုသို့ ပြောကြားမှုအပေါ် မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်ခံနေရသည်များမှာ ခမီ၊ မြို၊ ဒိုင်းနက် စသည့် တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များသာ ဖြစ်နေကြောင်း ဓာတ်ပုံအထောက်အထားများ ချပြကာ ပြန်လည်ရှင်းလင်းမှုကြောင့် ကမ္ဘာ့ဘဏ် နှုတ်ဆိတ်သွားခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒုတိယ သမ္မတ (၁) နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၁) ကြိမ်မြောက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) များကို နှိပ်စက်ညှဉ်းပန်းသည်ဟုဆိုကာ မြန်မာနိုင်ငံသို့ ပေးမည့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒချေးငွေ ဒေါ်လာ သန်း ၂၀၀ ကို ကမ္ဘာ့ဘဏ်က ဆိုင်းငံ့လိုက်ကြောင်း www.en.natunsomoy.com ဝက်ဘ်ဆိုက်တွင် အောက်တိုဘာ ၁၆ ရက်က ဖော်ပြခဲ့သည်။

ထို့ပြင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) များအား အတင်းအကျပ် ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်ခြင်းကြောင့် မိမိတို့ အနေဖြင့် အလွန်အမင်း စိုးရိမ်မိပါကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ပခရီးစဉ်တွင် World Bank နှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ယင်းခရီးစဉ်တွင် World Bank မှ တာဝန်ရှိသူ ၂၀ ကျော်ကို တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လူမျိုးသုဉ်း သတ်ဖြတ်ခံရသည့် မြန်မာတိုင်းရင်းသားများ၏ ဓာတ်ပုံများချပြ၍ ရှင်းလင်းခဲ့မှုကြောင့် ကမ္ဘာ့ဘဏ်တာဝန်ရှိသူများ နှုတ်ဆိတ်သွားခဲ့ကြောင်း ဦးကျော်ဝင်းက ရှင်းပြသည်။

“World Bank က မင်းတို့နဲ့ အဆက်အသွယ် မဖြတ်ချင်ဘူး။ ရခိုင်ပြည်နယ် အရေးကိုလည်း မင်းတို့ ကြိုးစားလုပ်ဆောင်ပေးပါ ပြောတယ်။ အဲဒီမှာ ဆွေးနွေးတာကတော့ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပါတယ်။ ကျွန်တော်တို့ ပြန်ဆွေးနွေးတာကတော့ ဘာမှ မရှိပါဘူး။ ဓာတ်ပုံတွေ အများကြီး ဖြန့်ပြလိုက်တယ်။ ကျွန်တော်တို့ တိုင်းရင်းသား မြိုတွေ၊ ခမီတွေ၊ ဒိုင်းနက်တွေ။ ဒီနည်းတူပဲ။ တိုင်းရင်းသား ဟိန္ဒူဘာသာဝင်တွေ အသတ်ခံရတဲ့ ဓာတ်ပုံတွေ ပြလိုက်တယ်။ မင်းတို့ ဒါတွေ မြင်ဖူးပြီလား။ တွေ့ဖူးပြီလား မေးတော့ သူတို့ လုံး၀ မတွေ့ဖူးဘူး။ အဖြစ်အပျက်က ဒါပါပဲလို့။ လူမျိုးသုဉ်းသတ်ဖြတ်မှုက ဘယ်တုန်းကမှ တို့မလုပ်ခဲ့သလို မျိုးသုဉ်း သတ်ဖြတ်ခံရတာကလည်း ခမီလူမျိုးတွေ၊ ဒိုင်းနက်တွေ၊ ဟိန္ဒူဘာသာဝင်တွေ။ ဒီဓာတ်ပုံတွေက တို့ဘာမှ ကွယ်ဝှက်စရာ မရှိဘူး။ မင်းတို့ သေချာကြည့်၊ စိတ်တိုင်းကျကြည့်လို့ အဲဒီအတိုင်း ပြောလိုက်တဲ့ အခါကျတော့ သူတို့ တော်တော်လေး နှုတ်ဆိတ်သွားတယ်။ လူပေါင်း ၂၀ ကျော်လောက် ကျွန်တော်တို့နဲ့ တွေ့တာ” ဟု ဦးကျော်ဝင်းက ဆိုသည်။

ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်မည့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ ချေးငွေများကို ဆိုင်းငံ့သည့် အကြောင်းရင်းတွင် အကျပ်အတည်း ကာလအခြေအနေ၌ မိမိတို့ အနေဖြင့် အကျိုးသက်ရောက်မှု ကြီးမားသည့် စီမံကိန်းများအပေါ် အာရုံစိုက်မှုအား ကောင်းစေရန် နိုင်ငံတွင်း ထိတွေ့ဆက်ဆံမှုကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းများသည် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် တိုင်းရင်းသား လူမျိုးစုအားလုံး ပါဝင်ရေး၊ ကျေးလက်လမ်းများ၊ လျှပ်စစ်၊ ကျန်းမာရေး ဝန်ဆောင်မှုနှင့် ပညာရေးကို ထောက်ပံ့သည့် စီမံကိန်းများဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မိမိတို့ အနေဖြင့် မကြာသေးမီက အတည်ပြုခဲ့သည့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒချေးငွေ အခြေအနေများကိုလည်း အကဲဖြတ်ခဲ့ကြောင်း၊ ထိရောက်မှု ရှိစေရန် ချေးငွေအတွက် နောက်ထပ်တိုးတက်မှု လိုအပ်ကြောင်းကို ဆုံးဖြတ်ချက် ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေများအတွက် မြန်မာနိုင်ငံ အနေဖြင့် World Bank က ထောက်ပံ့မှုများ မကူညီတော့ပါကလည်း အပြစ်မြင်မည် မဟုတ်ကြောင်း၊ ကူညီပါကလည်း ကျေးဇူးတင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက တုံ့ပြန်ခဲ့သည့်အပြင် ၎င်းတို့ မကူညီပါကလည်း မြန်မာနိုင်ငံ အနေဖြင့် လုပ်ဆောင်စရာ ရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု ဦးကျော်ဝင်းက ဆိုသည်။

Most Read

Most Recent