လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စရိတ်များ သိသာစွာ ကျဆင်းသွားမှုမရှိဘဲ ဓာတ်အားလွှတ်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး စရိတ်တွင် တစ်နှစ်ထက်တစ်နှစ် ပိုလာကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စရိတ်များ သိသာစွာ ကျဆင်းသွားမှုမရှိဘဲ ဓာတ်အားလွှတ်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး စရိတ်တွင် တစ်နှစ်ထက်တစ်နှစ် ပိုလာကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း
Published 1 August 2017

သြဂုတ် ၁ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စရိတ်များ သိသာစွာကျဆင်းသွားမှု မရှိဘဲ ဓာတ်အားလွှတ်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေးစရိတ်တွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုလာကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သြဂုတ် ၁ ရက်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ထိုသို့ထည့်သွင်း အစီရင်ခံတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ ပုဂ္ဂလိကကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုခဲ့ရာ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်အထိ ရန်ကုန်၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စသည့်တိုင်း ဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ် ၉၃ မြို့နယ်ကို ကုမ္ပဏီ ၂၈ ခုအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံသုံးစွဲခြင်းမပြုဘဲ ပုဂ္ဂလိကကုမ္ပဏီများ၏ ကုန်ကျစရိတ်ဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဖြစ်၍ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ လျော့နည်းသက်သာနိုင်ခြင်း၊ မြို့နယ်ရုံးများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ပုဂ္ဂလိကသို့လွှဲပြောင်းပေး၍ နိုင်ငံတော်ဘတ်ဂျက်တွင် ဝန်ထမ်းလစာ လျော့နည်းသွားနိုင်ခြင်း၊ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်များ လျော့နည်းသက်သာ သွားစေခြင်း စသည့် အားသာချက်များ တွေ့ရကြောင်း ကော်မတီက အစီရင်ခံစာတွင် ထည့်သွင်းတင်သွင်းထားသည်။

သို့ရာတွင် မူလရည်ရွယ်ချက်အတိုင်း  ထိရောက်အောင် စွမ်းဆောင်နိုင်ခြင်း ရှိ မရှိ၊ စဉ်ဆက်မပြတ် ကြီးကြပ်နိုင်ခြင်း မရှိပါက ဌာန၏ အကျိုးစီးပွားကို ထိခိုက်နိုင်ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများက စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ မရှိ ကြီးကြပ်ရန်ခက်ခဲခြင်း၊ ငွေကြေးကောက်ခံပေးသွင်းမှုမှာ ကုမ္ပဏီကကြားခံပေးသွင်းရခြင်းဖြစ်၍ ယခင်စနစ်ထက် အနည်းဆုံး တစ်လနောက်ကျပြီးမှ ငွေလက်ခံရရှိခြင်း၊ လုပ်ငန်းအပေါ် မကြီးကြပ်နိုင်ပါက ဓာတ်အားပျောက်ဆုံးမှုများ တိုးမြင့်လာနိုင် ခြင်း၊ ပြင်ဆင်ထိန်းသိမ်းမှုများ ဖိဖိစီးစီး မဆောင်ရွက်နိုင်ပါက လျှပ်စစ်အန္တရာယ်ကျ ရောက်နိုင်ခြင်း စသည်တို့ဖြစ်ပေါ်နိုင်ကြောင်းလည်း ကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုခဲ့ရာ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် ရည်ရွယ်ချက်ပါ စရိတ်များ သိသာစွာကျ ဆင်းမှုမရှိဘဲ ဓာတ်အားလွှတ်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးစရိတ်တွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုလာကြောင်း တွေ့ရှိရကြောင်း၊ စက်လည်ခြင်း၊ ဓာတ်အားလွှတ်ခြင်းနှင့် ဓာတ်အားဖြန့် ဖြူးခြင်းတို့အတွက် ကုန်ကျစရိတ်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၁ ဒသမ ၁၄၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၂၆ ဒသမ ၃၆၃ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂၇ ဒသမ ၀၆၃ ဘီလျံ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် လုပ်ငန်းဆောင်ရွက်ရန် ဌာနပိုင်မြေ၊ အဆောက်အအုံ၊ စက်ကိရိယာ၊ ထရန်စဖော်မာများ စသည့် ပိုင်ဆိုင်ပစ္စည်းများ လွှဲပြောင်းပေးထားရသော်လည်း ယင်းပစ္စည်းများ သုံးစွဲမှုအပေါ် အခကြေးငွေ ရယူမှုမရှိခြင်း၊ ကုမ္ပဏီများ၏ မူလအဆိုပြုချက်ပါ ကုမ္ပဏီရင်းနှီးငွေဖြင့် ဆောင်ရွက်ပေးရမည့် ဓာတ်အားလိုင်းများ၊ တိုင်များကို ကွန်ကရစ်တိုင်ဖြင့် အစားထိုးလဲလှယ်ခြင်း၊ ထရန်စဖော်မာများကို တိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည့်မီအောင် မဆောင်ရွက်နိုင်ခြင်းများလည်း လေ့လာတွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများသို့ ဆောင်ရွက်ခွင့်ပြုထားရာတွင် ဌာန၏ မူလရည်ရွယ်ထားသော ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်ကြောင်းနှင့် ပုဂ္ဂလိကကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပေးခြင်း၊ လုပ်ငန်းစဉ်တစ်ခုလုံး၏ အားနည်းချက်၊ အားသာချက်များ ပြန်လည်သုံးသပ်၍ ပိုမိုထိရောက် အကျိုးရှိစေရန် နည်းလမ်းရှာ ကြံဆောင်ရွက်သင့်ကြောင်း သုံးသပ် အကြံပြုထားသည်။

 

Most Read

Most Recent