လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ်အား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံ တောင်းခံ

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ်အား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံ တောင်းခံ
Published 18 October 2017

အောက်တိုဘာ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှွတ်တော် အစည်းအဝေးသို့ တက်ရောက် လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာ နှစ်အား ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ အစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ပြည် ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၁၇ ရက်က တင်ပြခဲ့သည်။

ထိုသို့ပြောင်းလဲပြင်ဆင် သတ်မှတ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ် တော်နာယကထံ စက်တင်ဘာ ၂၉ ရက် ရက် စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာနှစ်သတ်မှတ် ရာတွင် နိုင်ငံ၏စီးပွားရေးရည်မှန်းချက်၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒတို့ကို ချမှတ်ဆောင်ရွက်ရာတွင် ချမှတ်သည့် ရည်မှန်းချက်အတိုင်း အထမြောက်အောင်မြင်စေရန် အဓိကထား၍ သတ်မှတ်ကြခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ၏ ရာသီဥတု အခြေအနေ၊ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ နှစ်ချုပ်ဘဏ္ဍာရေးငွေစာရင်းများနှင့် နှစ်ချုပ်ကုန်ထုတ်လုပ်မှုဆိုင်ရာ စာရင်းများ ရေးဆွဲမှုတို့နှင့်လည်း လိုက်လျောညီထွေဖြစ်စေရန် သတ်မှတ်ကြကြောင်း၊ ဘဏ္ဍာနှစ် ဘတ်ဂျက်နှစ်ဟူသည် တစ်နှစ်တာ သို့မဟုတ် ၁၂ လကာလအတွက် အစိုးရ၏ ဘဏ္ဍာငွေအရအသုံးကိစ္စများ လျာထား အကောင်အထည်ဖော်ရန် အချိန်ကာလသတ် မှတ်ချက်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ ၂၂၇ နိုင်ငံ တွင် ကာလသတ်မှတ်မှုများမှာ အဓိကအားဖြင့် လေးမျိုးခွဲခြား တွေ့ရှိရကြောင်း၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ (ပြက္ခဒိန်နှစ်အတိုင်း) သတ်မှတ်သည့်နိုင်ငံ ၁၅၆ နိုင်ငံရှိကြောင်း၊ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်သည့်နိုင်ငံ ၃၃ နိုင်ငံရှိကြောင်း၊ ဇူလိုင် ၁ ရက်မှ  ဇွန် ၃၀ ရက်အထိ သတ်မှတ်သည့်နိုင်ငံ ၂၀ ရှိပြီး အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်သည့် နိုင်ငံ ၁၂ နိုင်ငံရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် သတ်မှတ်ခဲ့သည့် သမိုင်းကြောင်းကို လေ့လာပါက ဒုတိယ ကမ္ဘာစစ်မတိုင်မီက ဘဏ္ဍာနှစ်သည် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာနိုင်ငံအား ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်သည့် ၁၉၄၅ ခုနှစ်မှ လွတ်လပ်ရေးရရှိသည့် အချိန်အထိ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍လည်း ၁၉၇၃ ခုနှစ်အထိ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိကိုသာ ဘဏ္ဍာနှစ်အဖြစ် ဆက်လက် သတ်မှတ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကာလတွင် ဘဏ္ဍာနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိသို့ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ဘဏ္ဍာနှစ်ကို ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့စဉ်က အဓိကအားဖြင့် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သည့်နိုင်ငံ ဖြစ်ခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ မစတင်မီ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ကို မြန်မာသက္ကရာဇ်တို့နှင့် ညီညွတ်စေရေးတို့အတွက် ဖြစ်သည်ဟု သိရှိရကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

လက်ရှိကျင့်သုံးလျက်ရှိသည့် ဘဏ္ဍာနှစ်သည် ဧပြီ ၁ ရက်မှ စတင်သည့်အတွက်ကြောင့် တည်ဆောက်ရေး လုပ်ငန်းများကို မိုးရာသီကာလကျော်လွန်မှသာ လုပ်ငန်းစတင်နိုင်သဖြင့် လုပ်ငန်းဆောင်ရွက်ချိန် နည်းပါးခြင်း၊ ပြည်ပချေးငွေ၊ ပြည်ပအကူအညီ ရငွေများရယူရာတွင် ပေးအပ်သည့် နိုင်ငံ/အဖွဲ့အစည်း၏ ဘဏ္ဍာနှစ်နှင့် မကိုက်ညီပါက အချိန်များညှိနှိုင်းရခြင်း၊ အထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နှစ်တွင် နောင်အစိုးရအတွက် ဘတ်ဂျက်ကို လက်ရှိအစိုးရက ရေးဆွဲပေးရခြင်း စသည့်အားနည်းချက်များရှိကြောင်း၊ ဘဏ္ဍာနှစ်ကို ပြင်ဆင်သတ်မှတ်ပါက တည်ဆောက်ရေး၊ ဝယ်ယူရေး စသည့်လုပ်ငန်းများတွင် တစ်ဆက်တည်း ရှစ်လခန့် ပွင့်လင်းရာသီ ရရှိနိုင်ခြင်း၊ ဘဏ္ဍာနှစ် စတင်ချိန်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များ တိုက်ဆိုင်နေမှုမရှိတော့ခြင်း၊ ပွင့်လင်းရာသီ အစတွင် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ပြီး ဘတ်ဂျက်ကုန်ဆုံးခါနီး မိုးရာသီတွင် လုပ်ငန်းများအပြီးသတ်ဆောင် ရွက်နိုင်ခြင်း၊ သုံးလပတ်အလိုက်ဘဏ္ဍာငွေ သုံးစွဲမှု ပိုမိုညီညွတ်မျှတလာနိုင်ခြင်း အစရှိ သည့် အားသာချက်များရရှိမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဆိုသည်။

သို့ရာတွင် ၂၀၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၂ ဖြင့် အတည်ပြု ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပါ ဘတ်ဂျက်ရေးဆွဲတင်ပြရမည့်အချိန် နှင့်မကိုက်ညီတော့သဖြင့် အဆိုပါဥပဒေအား ပြင်ဆင်ရေးဆွဲရန်လိုအပ်ခြင်း၊ ပြည်ပအကူ အညီ၊ ချေးငွေများအတွက် မိမိဘဏ္ဍာနှစ်နှင့် မကိုက်ညီသည့်နိုင်ငံ၊ အဖွဲ့အစည်းများနှင့် အချိန်ညှိနှိုင်းရခြင်း၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နှစ်တွင် လက်ရှိအစိုးရက ရေး ဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ဘတ်ဂျက်သည် အစိုးရသစ်သို့ တာဝန်လွှဲပြောင်းပေးချိန်တွင် အကောင် အထည်ဖော် ဆောင်ရွက်မှု ခြောက်လသာ ရှိသေးခြင်း စသည့်အားနည်းချက်များရှိကြောင်း ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်တွင်ပြု လုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ငွေအပါအဝင် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်သွင်းခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ရှင်းလင်းတင်ပြချက်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုဌာန အဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ ဗဟိုအဖွဲ့အစည်းများမှ ကျပ် ၀ ဒသမ ၆၆၉ ဘီလျံ၊ ဝန်ကြီးဌာနများမှ ကျပ် ၂၄၁၈ ဒသမ ၃၂၆ ဘီလျံ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၅၆ ဒသမ ၅၇၉ ဘီလျံ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ မှ ၀ ဒသမ ၀၅၀ ဘီလျံ၊ နေပြည်တော်ကောင်စီ မှ ၉ ဒသမ ၆၈၄ ဘီလျံ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ကျပ် ၄ ဒသမ ၃၁၆ ဘီလျံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သော နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ ဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးမှ ကျပ် ၂၈ ဒသမ ၉၂၇ ဘီလျံ၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကျပ် ၂၂ ဒသမ ၇၃၃ ဘီလျံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ (လူမှုဖူလုံရေးအဖွဲ့) မှ ကျပ် ၃ ဒသမ ၄၅၃ ဘီလျံ စုစုပေါင်း ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စု အစိုးရအပ်ငွေ စာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်ဘီလျံ ၁၂၀၀ ကို ထုတ်ချေးရန် လွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက “ပြည်ထောင်စု အစိုးရအနေနဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ချေးငွေ ကျပ် ၅၂၀၀ ဘီလျံထက် မပိုစေရလို့ ပြဋ္ဌာန်းထားပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ ပြည်တွင်းမှ ချေးယူရန် လျာထားသည့် ပမာဏ ကျပ် ၃၄၄၆ ဘီလျံအနက် ကျပ် ၁၂၀၀ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူရန် လျာထားပါတယ်။... ပြည်ထောင်စုအစိုးရ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်လာမည့် ပြည်ထောင်စုအစိုးရ၏ အပ်ငွေစာရင်း လိုငွေအနက် ကျပ် ၁၂၀၀ ဘီလျံကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က အစိုးရငွေတိုက် လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုကိုရယူရန် တင်ပြခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

 

Most Read

Most Recent