ARSA အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ ဘင်္ဂါလီတွေကို ဘယ်လိုပုံစံနဲ့ ပြန်လက်ခံမလဲ

ARSA အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ ဘင်္ဂါလီတွေကို ဘယ်လိုပုံစံနဲ့ ပြန်လက်ခံမလဲ
Published 2 October 2017

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းမှ ထွက်ပြေးလာသော ဘင်္ဂါလီများအား မောင်တောမြို့နယ်စပ် ခြံစည်းရိုးအနီးတွင် တွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ လုပ်ငန်းစဉ် စတင်တော့မှာဖြစ်ပါတယ်။

ဒီလို ပြန်လည်လက်ခံရာမှာ ၁၉၉၃ ခုနှစ် သဘောတူညီချက်အတိုင်း အထောက်အထားတွေကို ပြန်လည်စိစစ်ပြီး မှန်ကန်သူကို လက်ခံမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို တရားဝင်အသိပေးခဲ့ပြီဖြစ်ပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း ဒီလိုထွက်ပြေးသွားတဲ့ ဘင်္ဂါလီအရေအတွက်ဟာ  UNHCR ရဲ့ ထုတ်ပြန်မှုအရ နေ့စဉ်မြင့်တက်နေပြီး စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက် မှာ ၅၀၁၀၀၀ ခန့်လို့ ဖော်ပြထားသလို  မြန်မာ နိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ကိုယ့်စိတ်ဆန္ဒနဲ့ ထွက်ခွာမယ့် ဘင်္ဂါလီတွေကိုလည်း မထွက်ခွာဖို့ ညှိနှိုင်းနေရတယ်လို့လည်း သတင်းထုတ်ပြန်ရေးကော်မတီက စက်တင် ဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့မှုအရ နေ့စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ခွာသူတွေရှိနေတာကိုလည်း တွေ့မြင်ရတာ မငြင်းနိုင်ပါဘူး။

ရိုဟင်ဂျာဟာ ဘယ်လိုပဲ မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ မြန်မာတစ်နိုင်ငံလုံးက လက်ခံထားပေမယ့် မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုခဲ့ပြီး လက်ရှိအချိန်အထိ အုပ်စိုးချင်နေသေးတဲ့ ဗြိတိန်နိုင်ငံရဲ့ ဖိအားပေးမှုနဲ့အတူ နိုင်ငံစုံရဲ့ ဖိအားတွေကြောင့် မြန်မာနိုင်ငံသား မဖြစ်ထိုက်သူတွေကို  မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးဖို့ လက်ခံစိစစ်ရတော့မှာပါ။ တခြားတစ်ဖက်မှာလည်း ခိုးဝင်ဘင်္ဂါလီတွေက ရိုဟင်ဂျာလူမျိုးလို့ သတ်မှတ်မပေးရင် လက်မခံဘူးဆိုတဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဆီအနှစ်တွေကို အနှစ် ၁၀၀ ကျော် စုပ်ယူသွားပြီး ဗြိတိသျှအစိုးရ အုပ်ချုပ်ခဲ့တဲ့သမိုင်းမှာ မြန်မာတိုင်းရင်းသား စာရင်းမှာ ရိုဟင်ဂျာဆိုတာ လုံးဝမပါခဲ့မှန်း သမိုင်းစဉ်သိလျက်နဲ့ ခိုးဝင်ဘင်္ဂါလီတွေကို လက်ခံဖို့ အဓမ္မဖိအားပေးနေတဲ့ ဗြိတိန်နိုင်ငံ ရဲ့ လုပ်ရပ်ဟာ စိတ်ဓာတ်ညံ့ဖျင်းလွန်းတာ တွေ့ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ မြန်မာ နိုင်ငံကို အဓမ္မအုပ်ချုပ်သွားပေမယ့် သူတို့အမှား သူတို့သိပြီး မြန်မာနိုင်ငံကို ဖေးကူနေတဲ့ ဂျပန်နိုင်ငံနဲ့ ယှဉ်တွေးမယ်ဆိုရင်တောင် ဗြိတိန်နိုင်ငံရဲ့ မရိုးသားမှုတွေကို အထင်းသားမြင်ရမှာပါ။

ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အစ္စလာမ္မစ်နိုင်ငံတွေရဲ့ ဖိအားပေးမှု၊ ကုလသမဂ္ဂရဲ့ ငါတကောကောပြီး ဖိအားပေးမှု၊ ဗြိတိန်မီဒီယာ BBC ရဲ့ သတ်ကွင်းနဲ့ အခြားပြည်ပမီဒီယာတွေက ဘယ်လိုပဲဖိအားပေးပေး မြန်မာ နိုင်ငံအနေနဲ့ ထွက်ပြေးသွားတဲ့ ခိုးဝင်ဘင်္ဂါလီ တွေကို ပြန်လည်စိစစ်လက်ခံရမှာ အဓိက လုပ်ဆောင်ရမယ့် စိစစ်မှုတစ်ခုက ကျန်နေဦးမှာဖြစ်ပြီး အဲဒီစိစစ်မှုကတော့ မြန်မာနိုင်ငံဆီ ပြန်လာမယ့် ဘင်္ဂါလီတွေက ARSA အကြမ်းဖက် အဖွဲ့နဲ့ဆက်နွှယ်ပြီး မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်မှာ တတိယအကြိမ် ကြီးကျယ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်မလုပ်လာဖို့ ကြိုတင်ကာကွယ်မှုနဲ့ လက်ခံရေးပါ။

နိုင်ငံတကာ ဖိအားပေးမှုကြောင့် ဘယ်လို ဘင်္ဂါလီပဲလာလာ မြန်မာနိုင်ငံအတွင်း ပြန်လက်ခံမယ်။ နိုင်ငံသားအဖြစ် စိစစ်လက်ခံပေးမယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်လို့မရဘဲ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုကို မလုပ်ဆောင်ရုံတင်မက တားဆီးကာကွယ်မယ့် ဘင်္ဂါလီတွေ၊ အကြမ်းဖက်အဖွဲ့ ARSA နဲ့ ထပ်ပြီးတော့ ချိတ်ဆက်လှုပ်ရှားမှု မပြုမယ့် ဘင်္ဂါလီတွေကို စိစစ်လက်ခံနိုင်ဖို့ဆိုတာ အရေးအကြီး ဆုံးဖြစ်ပြီး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်လို့ အထောက်အထားရှိတဲ့ ဘင်္ဂါလီတွေကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာအရေးယူဖို့ ကနဦးစိစစ်မှုမှာတင် လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။

“လက်ရှိ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတယ် ဆိုတဲ့သူတွေက သိပ်ပြီးတော့ မရိုးသားဘူး။ သူတို့ဟာ အစိုးရကလုပ်မယ့် National Verification Process မှာ အကျုံးမဝင်သူတွေ ဖြစ်နိုင်တယ်။ အရင်ကြိုပြေးပြီးတော့ မြန်မာအစိုးရက ဖိနှိပ်လို့ ပြေးလာတာဆိုတဲ့ ပုံစံမျိုး လုပ်နိုင်တယ်။ ဒီဘက်ကတော့ လက်ခံတဲ့အခါမှာ တော်တော်လေးကို သေသေချာချာ စိစစ်ပြီးမှ လက်ခံသင့်တယ်လို့ မြင်တယ်။ ဒီလူတွေကို လက်ခံပြီဆိုတာနဲ့ Bio Data အကုန်ယူရမယ်။  Bio Data ဆိုတာက လက်ဗွေရာတင်မကဘဲ မျက်လုံးတို့ဘာတို့ အကုန်ယူထားရမှာပေါ့။ လက်ဗွေဆိုလည်း ၁၀ ချောင်းလုံးပေါ့။ အဲဒီလူတွေရဲ့ အချက်အလက်တွေ အကုန်လုံးကို သီးသန့်ထားပြီး သူတို့အတွက် Data Base တစ်ခုထားရမှာပေါ့။ ဘာကြောင့်လဲဆို ဒီအထဲမှာ လူကောင်းလူဆိုးလည်း ပါနိုင်တယ်။ ဒီတော့ သူတို့ပေးမယ့် မှတ်ပုံတင်ကလည်း အတုလုပ်လို့မရအောင် လုပ်ပေးရမယ်။ သူတို့က မကောင်းတာ တစ်ခုခုလုပ်မယ်ဆိုရင်၊ မကောင်းတဲ့သူတွေနဲ့ ပူးပေါင်းလုပ်မယ်ဆိုရင် အချိန်ပြည့် ရှာဖွေရလွယ်ကူအောင် လုပ်ရမယ်။ လုပ်သင့်တယ်လို့လည်း ထင်တယ်။ နိုင်ငံသား တကယ် ဖြစ်ချင်တယ်ဆိုရင် နိုင်ငံအပေါ်မှာ သစ္စာရှိရမယ်။ မြန်မာ့ဓလေ့ထုံးစံ ယဉ်ကျေးမှုကို လေးစားလိုက်နာရမယ်။ နောက်ပြီး ၁၉၈၂  ဥပဒေကိုလည်း မပြင်သင့်ဘဲ ပြန်ဝင်လာမယ့်သူတွေက ၁၉၈၂  မြန်မာနိုင်ငံသား ဥပဒေနဲ့ ကိုက်ညီတဲ့သူတွေဖြစ်ဖို့ဆိုတဲ့ အချက်သုံးချက်နဲ့ ကိုက်ညီဖို့လိုတယ်” လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေး ကော်မတီဝင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပါတယ်။

 

■ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ ဘင်္ဂါလီတွေက ARSA အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်

သြဂုတ် ၂၅ ရက်ကစတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်ထွက်ပြေးတဲ့ ဘင်္ဂါလီတွေက ARSA အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက တရားဝင် ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် အမှတ်စဉ် ၅၂ မှာဆိုရင် 'ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူများရှိသော်လည်း အေးချမ်းစွာ နေထိုင်နေသူ အမြောက်အမြားရှိနေခြင်းက အခြေအနေမှန်ကို ပြသနေခြင်း' ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တာပါ။

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေဟာ သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်ကစပြီး မောင်တော၊ ဘူးသီး တောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း အကြမ်းဖက်တိုက်ခိုက်တာကြောင့် မြို့နယ် သုံးမြို့နယ်အတွင်းက ဘင်္ဂါလီတွေနေထိုင်တဲ့ ကျေးရွာ ၄၇၁ ရွာရှိတဲ့အထဲက ကျေးရွာ ၁၇၆ ရွာက ကျေးရွာသူကျေးရွာသားတွေဟာ တစ်ယောက်မကျန် ရွာလုံးကျွတ်ထွက်ပြေးသွားပြီး တစ်ဝက်တစ်ပျက် ထွက်ပြေးသွားတဲ့ ကျေးရွာ ၃၄ ရွာရှိတယ်လို့ သတင်း ထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်  ၅၂ က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဆီ ထွက်ပြေးတဲ့  ရွာ ၂၁၀ ဟာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိနေတဲ့ အဆက်အသွယ်ပြုနေတဲ့ ရွာတွေဖြစ်ပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ်ရှိတာကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ကြိုတင်ထွက်ပြေး စေတာတွေလည်းရှိပြီး လုံးဝထွက်မပြေးတဲ့ ကျေးရွာ ၂၆၁ ရွာဟာ လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်မှု မရှိတဲ့ ကျေးရွာတွေဖြစ်ပြီး လုံး၀ ထွက်မပြေးတဲ့ ရွာတွေက အကြမ်းဖက်နဲ့ အ ဆက်အသွယ်ရှိတဲ့သူတွေကို သူတို့ရွာတွေမှာ လက်မခံတဲ့အတွက် လုံးဝထွက်ပြေးနဲ့ တချို့တစ်ဝက် ထွက်ပြေးသွားကြတဲ့ ကျေးရွာတွေက ဘင်္ဂါလီတွေဟာ တစ်ဖက်နိုင်ငံဆီ ထွက်ပြေးနေကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီလို လုံးဝထွက်ပြေးသူ၊ တစ်ဝက်တစ်ပျက် ထွက်ပြေးသူတွေဟာ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်တွေအဖြစ် ပါဝင်မှုမရှိပေမယ့် အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ပါဝင်ပြီး ဖမ်းဆီး၊ အရေးယူခံရမှာကို ကြောက်တာကြောင့် တစ်ဖက်နိုင်ငံဆီထွက် ပြေးသွားတာဖြစ်ပြီး ထွက်မပြေးတဲ့ ကျေးရွာတွေကို ဥပဒေအတိုင်း အကာအကွယ်ပေးသွားမယ့်အပြင် လိုအပ်တဲ့စားနပ်ရိက္ခာ အကူအညီတွေကို ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့မှုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလို ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်တာကြောင့် ထွက်ပြေး နေမှုတွေအပြင် တပ်မတော်က စက်တင်ဘာ ၅ ရက်ကစပြီး နယ်မြေရှင်းလင်းမှု ရပ်တန့်ထားပေမယ့် ဘင်္ဂါလီတွေရဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးမှုတွေဟာ လက်ရှိအချိန်အထိ ရပ်တန့်မှုမရှိကြသေးပါဘူး။ ဒီလို ဘင်္ဂါလီတွေ ဘာကြောင့်ထွက်ပြေးနေတာလဲလို့ စုံစမ်းကြည့်ချိန်မှာ သူတို့ကို သူတို့ရဲ့ ဘာသာရေးဆရာ မော်လဝီတွေက ထွက်ပြေးခိုင်းနေတာလို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောကြားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေတဲ့ ဘင်္ဂါလီတွေဟာ မိန်းမတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်နေပြီး အရွယ်ကောင်း လူငယ်တွေ၊ လူလတ်ပိုင်းတွေ မပါဝင်တာကိုမြင်ရလို့ သတိပြုသင့်တယ်လို့ ဦးထွန်းအောင်သင်းက ဆိုပါတယ်။  ရန်ပြု တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဘင်္ဂါလီလူငယ်တွေဟာ ထွက်ပြေးတဲ့အထဲ မပါဝင်တာကြောင့် သူတို့ဟာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေဆီမှာ အကြမ်းဖက်သမားအဖြစ် ဝင်ရောက်သွားပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒါ့အပြင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဘင်္ဂါလီကလေးငယ်တွေရဲ့ ကျောင်းသားကတ်တွေ ကျကျန်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဘင်္ဂါလီ ကလေးငယ်တွေကလည်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွက် စဉ်းစားထားဖို့ လိုအပ်ပါတယ်။

“ဒီကထွက်ပြေးတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လဝက က ထုတ်ပေးထားတဲ့ အိမ်ထောင်စုစာရင်းတွေ ရှိမယ်။ လက်ရှိ အိမ်ထောင်စုစာရင်းတွေအရပဲ သူတို့ကို လက်ခံသင့်တယ်လို့ မြင်တယ်။ နောက်တစ်ခုက ထွက်ပြေးနေတဲ့အထဲမှာ လူငယ်လူရွယ်တွေ မပါဘူး။ ဒါတွေကို သတိချပ်သင့်တယ်လို့ ထင်တယ်။ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ စည်းရုံးမှုအောက်မှာ ကျောင်းသားလူငယ်တွေ အဓိက ပါနေတယ်။ လူငယ် လူရွယ်တွေ ပါနေတယ်။ အကြမ်းဖက်တိုက်ခိုက်တဲ့နေရာတွေမှာ ကျောင်းသားကတ်တွေ ကျကျန်ခဲ့တာတွေ့နေရတယ်။ ဒါ့ကြောင့် ဘင်္ဂါလီကလေးငယ်တွေဟာ အကုန်အကြမ်းဖက်သမားတွေ ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် အဲဒီကလေးတွေက ထွက်ပြေးနေတဲ့ အထဲမှာ ပါ မပါ စိစစ်သင့်တယ်။ လက်ခံတဲ့ အချိန်မှာလည်း ကျွန်တော်တို့ လဝက က ထုတ်ပေးတဲ့ အိမ်ထောင်စုစာရင်းတွေ ရှိနေတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ သူတို့က အမျိုးမျိုး ပုံမှားရိုက်ပြီးတော့ ဝင်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်”လို့ ဦးထွန်းအောင်သိန်းက ဆိုပါတယ်။

 

တူးဖော်တွေ့ရှိထားသည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှေ့တွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်

 

■ ထွက်ပြေးတဲ့ ဘင်္ဂါလီထက် ပိုဝင်တဲ့ သမိုင်းတွေရှိတယ်

ဘင်္ဂလားဒေ့ရှ်က စီးပွားရေးတိုးတက်တာကြောင့် တစ်ဖက်နိုင်ငံတွေဆီ ခိုးဝင်တာ မရှိပါဘူးလို့ ငြင်းနေမယ့် ဘင်္ဂလားဒေ့ရှ်ကို သက်သေပြနိုင်မှာက အိန္ဒိယနိုင်ငံဆီ ခိုးဝင် တာကြောင့် ပစ်သတ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေရဲ့ သက်မဲ့ခန္ဓာကိုယ်တွေကို သက်သေထူရမှာပါ။ တတိယနိုင်ငံတွေဆီသွားပြီး နိုင်ငံသားဖြစ်လိုတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအတွက်လည်း မြန်မာနိုင်ငံက အစိုးရက နှိပ်စက်နေတာကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာပါဆိုတဲ့ စကားကပဲ နိုင်ငံရေးအရ၊ လူ့အခွင့်အရေးအရ ခိုလှုံခွင့်ရစေမှာမို့ လူဦးရေပေါက်ကွဲမှု ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ တတိယကမ္ဘာမှာ နိုင်ငံသားခံယူခွင့်ရရေးမှာ မြန်မာနိုင်ငံဟာ အသုံးချခံဖြစ်နေတာ ဆယ်စုနှစ်ပေါင်း များခဲ့ပါပြီ။

ဘင်္ဂါလီတွေရဲ့ တတိယကမ္ဘာအိပ်မက်အတွက် မြန်မာနိုင်ငံဘက်ဆီ ခိုးဝင်ပြီး 'အိမ်တည်သားမွေး'အလုပ်ကို လုပ်နေတာတွေကြောင့် နဂါးမင်းစီမံချက်နဲ့ ခိုးဝင်ဘင်္ဂါလီတွေကို ၁၉၇၈ ခုနှစ်မှာ စိစစ်ခဲ့ပါတယ်။

နဂါးမင်း စီမံချက်မစခင်မှာ ၁၉၆၆ ခု နှစ်ကစပြီး ကျီးကန်းစစ်ဆင်ရေး၊ ရွှေကျီး စစ်ဆင်ရေးဆိုပြီး စီမံချက်တွေ လုပ်ခဲ့သလို ၁၉၆၉ ခုနှစ်မှာ မြတ်မွန်စစ်ဆင်ရေး၊ ၁၉၇၄ ခုနှစ်မှာ စံပါယ်စစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့တယ်လို့ ခိုင်ကျော်(ဥပဒေ) ရဲ့ ဘင်္ဂါလီ ပြဿနာနှင့် ရခိုင်ပြည် အနာဂတ်အရေးမှာ ဖော်ပြထားပါတယ်။

နဂါးမင်းစီမံချက်နဲ့ ခိုးဝင်ဘင်္ဂါလီတွေကို စိစစ်တာတွေကို ခိုးဝင်ဘင်္ဂါလီတွေက ရင်မဆိုင်ရဲတာကြောင့် ကျေးရွာ ၂၀ ကျော် က တစ်ဖက်နိုင်ငံဆီထွက်ပြေးကြပါတယ်။

နဂါးမင်းစစ်ဆင်ရေးပထမအဆင့်ကို စစ်တွေမြို့မှာလုပ်ခဲ့ပြီး စစ်ဆေးမှုအရ လူဦးရေ ၃၆၈၂၄ ဦးမှာ ဥပဒေဖောက်ဖျက် ကျုးလွန်သူ ၁၃၁၆ ဦးကို အထူးတရားရုံးက လဝက ဥပဒေနဲ့ အရေးယူခဲ့ပြီး ၁၀၂၅ ဦးကို နိုင်ငံခြားသားမှတ်ပုံတင်ရေးနဲ့ အမျိုးသား အက်ဥပဒေအရ အရေးယူခဲ့ပါတယ်။ စီမံချက် ဒုတိယအဆင့်ကို ဘူးသီးတောင် မောင်တောမှာ စခဲ့တာဖြစ်ပြီး ဘူးသီးတောင်မှာ အိမ်ထောင်စု ၁၇၉၁၃ စု၊ လူဦးရေ ၁၀၈၄၃ ကို စစ်ဆေးခဲ့ပြီး စစ်ဆေးမှုကို ကြောက်ရွံတဲ့  ၃၅၅၉၆ ဦးထွက်ပြေးခဲ့ပါတယ်။ မောင်တောမှာ အိမ်ထောင်စု ၃၉၄၁၈ စု၊ လူဦးရေ ၁၂၅၈၉၃ ဦးကို စစ်ဆေးခဲ့ပြီး စစ်ဆေးမခံရဲလို့ ထွက်ပြေးတဲ့သူ ၈၅၇၀၅ ဦးရှိခဲ့ပါတယ်။

နဂါးမင်း စီမံချက်ကို လက်မခံတဲ့ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ဗုံးတွေဖောက်ခွဲခဲ့သလို တံတားတွေ မီးရှို့ခဲ့တဲ့အပြင် အခြား အကြမ်းဖက်မှုတွေကိုလည်း လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီစီမံချက်အပေါ်မှာလည်း လက်ရှိကြုံနေရသလို ပြည်ပမီဒီယာတွေမှာ လိမ်လည်ဖော်ပြမှုရှိခဲ့ပြီး မြန်မာအစိုးရက ဘင်္ဂါလီတစ်သိန်းနီးပါးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ လိမ်လည်ဖော်ပြခဲ့ပြီး နဂါးမင်း စီမံချက်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ ဘင်္ဂါလီ ၂၅၀၀၀၀ ကျော်နေပါပြီဆိုတဲ့ အသံနဲ့ ၁၉၇၈ ခုနှစ် မေလမှာ UNHCR က ပါဝင်လာခဲ့ပါတယ်။

ဒီလို ဖိအားတွေ၊ UNHCR ရဲ့ စွက်ဖက်မှုတွေကြောင့် ဟင်္သာစီမံချက်နဲ့ ပြန်လည် လက်ခံခဲ့ရပြီး နှစ်နိုင်ငံ ပြန်လည်လက်ခံရေး အစီအစဉ်အရ မြန်မာနိုင်ငံက ပြန်ပြီးတော့ လက်ခံခဲ့ရတဲ့ ဘင်္ဂါလီဦးရေက ၁၈၉၇၃၃ ဦး ဖြစ်ပြီး ထွက်ပြေးတာထက် ၃၃၁၀၃ ဦးကို ပိုပြီးတော့ လက်ခံခဲ့ရတယ်လို့ ခိုင်ကျော် (ဥပဒေ) ရဲ့ ဘင်္ဂါလီ ပြဿနာနှင့် ရခိုင်ပြည် အနာဂတ်အရေးမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာဆိုရင်လည်း ဘင်္ဂါလီတွေ ထွက်ပြေးမှုက နေ့စဉ်မြင့်တက်နေပြီး စက်တင်ဘာ ၂၈ ရက် UNHCR ရဲ့ ထုတ်ပြန်မှုအရ  ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ ဘင်္ဂါလီ ၅၀၁၀၀၀ ခန့်ရှိနေပြီလို့ ဖော်ပြထားပါတယ်။ ဘူးသီးတောင်မြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ပြောကြားသလို မော်လဝီဆရာတွေက ထွက်ပြေးအောင် လှုံ့ဆော်နေရိုးမှန်ရင် ဆက်ပြီးတော့ ထွက်ပြေးကြမယ့် အလားအလာလည်း ရှိပါတယ်။ ဒီပြဿနာအတွက် မောင်တောမြို့နယ်မှာရှိနေတဲ့ မော်လဝီဆရာ ၁၆၅၉ ဦးထဲက မော်လဝီဆရာတွေအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံထားသလို အစိုးရရဲ့  နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို လက်ခံဖို့အတွက် အစိုးရနဲ့ ပူးပေါင်းကူညီဖို့ လိုအပ်မှာ ဖြစ်ပြီးတော့ တခြားနိုင်ငံတွေဆီ ထွက်ပြေးဖို့ သွေးထိုးနေတဲ့၊ အစိုးရရဲ့ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်ကို လက်မခံဖို့ တိုက်တွန်းနေမှုတွေကို ရပ်တန်းကရပ်ပါလို့ ဆိုရမှာပါ။ ဒါ့အပြင်  မြန်မာနိုင်ငံကနေ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေတာကို ဘယ်လိုတားဆီးမလဲ ဆိုတာကို လက်ရှိမှာတင် အဖြေရှာရမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့သူတွေကိုလည်း မြန်မာနိုင်ငံဘက်က စာရင်းဇယားတွေနဲ့ စိစစ်ဖို့ လိုအပ်မှာပါ။

ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လတ်တလောထုတ်ပြန်ထားတဲ့ အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြထားမှုအရ ရခိုင် ပြည်နယ်မှာ မူဆလင်ဦးရေဟာ ၁၉၇၃ ခုနှစ် တုန်းက ၅၁၅၄၈၄ ဦးရှိပြီး၂၀၁၆ ခုနှစ်မှာ ၁၀၅၄၇၉၀ ဦးအထိ နှစ်ဆမြင့်တက်လာတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ လူဦးရေကို UNHCR က ၅၀၁၀၀၀ ခန့် လို့ ဖော်ပြထားတာဟာ လုံးဝလက်ခံနိုင်စရာ အခြေအနေမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အခြေအနေမဲ့တွေနဲ့ တတိယကမ္ဘာ အိပ်မက်မက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ သေချာပေါက် ပါဝင်နေမှာပါ။

ဒီလို တစ်ဖက်နိုင်ငံဆီထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံအနေနဲ့ ၁၉၉၃ ခုနှစ် စည်းမျဉ်းအတိုင်း လက်ခံမှာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် စည်းမျဉ်းအရ မြန်မာ နိုင်ငံကနေ ထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို ပြန်လက်ခံရာမှာ ထွက်ပြေးတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ အမိုးအကာယူ ခိုလှုံနေသူတွေ ဖြစ်ဖို့လိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ အဝင်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပေးတဲ့ ဒုက္ခသည် မှတ်ပုံတင်ကတ်တွေနဲ့ ရောက်ရှိနေထိုင်တယ်ဆိုတာကို မှတ်တမ်းတင်ထားပြီးသူတွေဖြစ်ဖို့၊ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား၊ နိုင်ငံသား သက်သေခံကတ်၊ အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေ၊ သက်ဆိုင်ရာ မြန်မာ အာဏာပိုင်တွေက ထုတ်ပေးထားတဲ့ အခြား စာရွက်စာတမ်းတင်ပြနိုင်သူတွေ၊ မြန်မာ နိုင်ငံဘက်မှာ နေထိုင်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား လိပ်စာ ဒါမှမဟုတ် အခြားသက်ဆိုင်ရာ အချက်အလက်တွေကို ဖြည့်ဆည်းပေးနိုင်သူတွေကိုပဲ လက်ခံမယ်လို့ ဆိုလိုတဲ့အချက်ပါ။

ဒီအချက်တွေဟာ အတုအပ လုပ်နိုင်တာတွေရှိပြီး အထူးသဖြင့် USDP က ထုတ်ပေးထားတဲ့ ပါတီဝင်ကတ်မျိုးဟာ အတုအပလုပ်ဖို့ အလွန်လွယ်ကူမှာဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ ထွက်ပြေးတာထက်ပိုတဲ့ ဘင်္ဂါလီတွေကို လက်ခံရမယ်ဆိုတဲ့ အခြေအနေ သေချာပေါက် ဖြစ်နေခဲ့ပါပြီ။

ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့အတွက် လက်ရှိမှာ အစိုးရက ကျပ် နှစ်ဘီလျံနဲ့အထက် အကုန်အကျခံ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ဒီလိုပြင်ဆင်မှုတွေအပေါ်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက “ကျွန်တော်တို့က သူတို့ကို ပြန်လည်လက်ခံမယ်ဆိုတာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောထားပြီးသား။ ၁၉၉၃ နှစ်နိုင်ငံ သဘောတူညီထားတဲ့ အချက်အလက်တွေအရပေါ့” လို့ နိုင်ငံပိုင် သတင်းစာတွေကို ဖြေကြားထားပါတယ်။

ပြဿနာဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ထပ်ပြီးတော့ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေ မြင့်မားတယ်လို့ သုံးသပ်ထားတာကြောင့် နိုင်ငံပေါင်းစုံနဲ့ ကုလသမဂ္ဂက ဖိအားတွေက လွတ်ရင်ပြီးတာပဲဆိုတဲ့ ပုံစံနဲ့ ပြီးပြီးရော လက်ခံမယ့်ပုံစံ လုပ်လို့မရဘဲ စနစ်တကျလက်ခံမယ့် မဟာဗျုဟာ ချမှတ်ဖို့လိုအပ်မှာပါ။

“ဒီနေ့အခြေအနေက ဟိုတုန်းက အခြေအနေနဲ့ မတူဘူး။ စာရွက်စာတမ်းတွေကို အများကြီးအတုလုပ်လို့ရတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် လဝက မှာ တရားဝင်ရှိနေတဲ့ စာရင်းဇယားအတိုင်းပဲ လက်ခံသင့်တယ်လို့ မြင်တယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်။ အစိုးရက စက်တင်ဘာ ၅ ရက်ကတည်းက စစ်ဆင်ရေး ရပ်လိုက်တယ်။ အဲဒီရပ်လိုက်တဲ့နောက်ပိုင်း မှာလည်း သူတို့က ထွက်ပြေးနေတယ်။ သူ တို့ ဘာ့ကြောင့်ထွက်ပြေးနေလဲလို့ မေးမြန်းရာမှာ သူတို့ကို အပေါ်ကထွက်ပြေးခိုင်းတယ် လို့ ဆိုတယ်။ အပေါ်ဆိုတာ ဘယ်သူလဲ မေးမြန်းတော့ ရွာတွေမှာရှိနေတဲ့ မော်လဝီတွေက သူတို့ကို ထွက်ပြေးခိုင်းတယ်လို့ ဆိုတယ်။ ဒါတွေဟာ ကျွန်တော်တို့ကို နောက်ထပ် အကြမ်းဖက်လာနိုင်တဲ့ အခြေအနေပဲလားလို့ သုံးသပ်မိပါတယ်” လို့ ဦးထွန်းအောင်သင်းက ဆက်လက်ပြောပါတယ်။

 

■ ARSA အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၁၀ ရက်နောက်ပိုင်း ပြန်တိုက်ခိုက်မယ့် အခြေအနေ

အစွန်းရောက် ဘင်္ဂါလီ ARSA အကြမ်းဖက်အဖွဲ့ဟာ အပစ်အခတ် တစ်လရပ်စဲမယ် ဆိုပြီး တစ်ဖက်သတ်ကြေညာချက်ကို စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရဆိုရင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ဟာ အောက်တိုဘာ ၁၀ ရက်နောက်ပိုင်းမှာ နဂိုအတိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်မှာပါ။

အစွန်းရောက် ဘင်္ဂါလီ ARSA အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ရဲကင်းစခန်းသုံးခုကို တိုက်ခိုက်နိုင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် သြဂုတ်မှာတော့ ရဲကင်းစခန်း ၃၀ နဲ့ တပ်စခန်းတစ်ခုကို တိုက်ခိုက်နိုင်ခဲ့တာဖြစ်လို့ နောက်တစ်ကြိမ်တိုက်ခိုက်မှုကိုလည်း နိုင်ငံတကာက သူတို့ကို အာရုံစိုက်နေတဲ့ လက်ရှိကာလမှာပဲ လုပ်ဆောင်မှာဖြစ်လို့ အစိုးရအနေနဲ့ သတိပြုဖို့ လိုအပ်မှာဖြစ်ပြီး ဘင်္ဂါလီပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အပြင် ဝင်လာတဲ့ဘင်္ဂါလီနဲ့ ARSA အကြမ်းဖက်သမားတွေ ချိတ်ဆက်တိုက်ခိုက်မှာကိုလည်း တားဆီးနိုင်ဖို့ လိုအပ်မှာပါ။ ARSA အကြမ်းဖက်သမားတွေဟာ သူတို့အပေါ် ကျရောက်လာမယ့် နိုင်ငံတကာဖိအားတွေကို ရှောင်ရှားဖို့ IS ၊ အယ်လ်ကိုင်ဒါအဖွဲ့တွေ နဲ့ ဆက်နွှယ်မှုမရှိဘူးလို့ ဖော်ပြထားပေမယ့် သူတို့ဟာ IS ၊ ပါကစ္စတန်အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာက လူ့အခွင့်အရေး တိုက်နေပါတယ် အထင်ရောက်အောင် လေးခွ၊ ဓား၊ လှံ၊ လုပ်သေနတ်တွေနဲ့ တိုက်ခိုက်ပြနေတဲ့ ARSA မှာ လက်နက်တွေ သေချာပေါက်ရှိနေပြီး ရဲကင်း စခန်းတွေကို ဝင်ရောက်စီးနင်းချိန်မှာ ရယူသွားတဲ့ လက်နက်တွေကို လက်ရှိအချိန်အထိ မြန်မာအစိုးရဘက်က ပြန်လည်သိမ်းဆည်းနိုင်ခြင်း မရှိသေးတာကြောင့် အဝေးကနေ သေနတ်နဲ့ပစ်ခတ်၊ အလစ်အငိုက် ဝင်စီးနင်းပြီး ပထမအကြိမ်၊ ဒုတိယအကြိမ်တွေမှာ လုပ်သလို တုတ်၊ ဓား၊ လက်နက်တွေနဲ့ အနီးကပ်စစ်ပွဲ ဆင်နွှဲမှာကို သတိချပ်ဖို့ လိုအပ်မှာပါ။

“အဓိကကတော့ ကျွန်တော်တို့ ဘယ်လိုပဲ လက်ခံနေ လက်ခံနေ သူတို့ဟာ နိုင်ငံသား မဖြစ်သေးတဲ့အတွက်ကြောင့် သူတို့ကို ဒုက္ခသည်စခန်းတွေမှာပဲ ထားသင့်တယ်။  နိုင်ငံသားစိစစ်ပြီးတဲ့အချိန်ကျမှ သူတို့ကို လွတ်လပ်စွာ သွားလာခွင့်ပြုသင့်တယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် သူတို့ကို ထိန်းချုပ်နိုင်တဲ့နေရာမျိုးမှာပဲ ထားသင့်တယ် လို့မြင်တယ်”လို့ ဦးထွန်းအောင်သိန်းက သုံးသပ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာဆိုရင် ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ ပြည်သူတွေကို သူတို့ရဲ့ နေရာဆီ ပြန်ပို့နေပါတယ်။ ဒါပေမဲ့ မလုံခြုံမှုကို ခံစားနေရတဲ့ ပြည်သူတွေဟာ ကိုယ့်နေရင်း နေရာကို ပြန်သွားဖို့ခဲယဉ်းနေပြီးတော့ အစိုးရအနေနဲ့လည်း လက်ရှိမှာ လုံခြုံမှုတည်ဆောက်ဖို့ကို ကနဦးလုပ်ပြီးမှ အရင်တုန်းကလို အတူယှဉ်တွဲထားရေး ပြန်စဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာအစိုးရဘက်က အစွန်းရောက်ဘင်္ဂါလီ ARSA အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ လူ ၆၀၀ လောက်ကို ဖမ်းပေးဖို့တောင်းဆိုထားပြီး ဒီ လူ ၆၀၀ ကို ဖမ်းပြီးမှ ဘင်္ဂါလီတွေကို ပြန်လက်ခံသင့်ပြီး လောလောဆယ်မှာ ဖမ်းမရသေးခင် အကုန်လက်ခံလိုက်ရင် အကြမ်းဖက်သမားတွေရော ပါလာပြီး နောက်တစ်ကြိမ်အကြမ်းဖက်ဖို့ လူစုပေးသလို ဖြစ်နေမယ်လို့ ရခိုင်ပြည် နယ်အရေးအတွက် သတင်းယူဖို့သွားရောက်ခဲ့တဲ့ NHK သတင်းဌာနက ကိုသီဟသွေးက သုံးသပ်ပါတယ်။

 

ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်များ၏ တိုက်ခိုက်မှုများနောက်တွင် မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီများ နယ်စပ်ခြံစည်းရိုးကိုကျော်၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာနေသည်ကို တွေ့ရစဉ်

“အခြေအနေကတော့ တော်တော်လေးကို သတိထားပြီး လုပ်ရမယ့်အခြေအနေပါ။ ပြည်တွင်းမှာ ပြေးနေတဲ့သူတွေကိုလည်း သူ့နေရာသူ ပြန်ပို့နေရတဲ့အခြေအနေပါ။ လူတွေရဲ့ စိတ်ထဲမှာ လုံခြုံရေးအခြေအနေကိုလည်း ခံစားနေရတဲ့အခြေအနေမို့လို့ ပြည်တွင်းမှာ လုံခြုံရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေး အခြေအနေကောင်းမွန်မှ ပြန်ခေါ်ဖို့ လိုပါမယ်။ တစ်ဖက်ကလူတွေ ပြန်လက်ခံမယ်ဆိုရင်လည်း အဲဒီသဘောပဲ။ လူတွေအကုန်လုံးကို ပြန်စုပြီးတော့ လက်ခံမယ်ဆိုရင်လည်း နောက်ထပ်ပြဿနာတစ်ခုဖြစ်ဖို့ဆို တဲ့သဘောကိုလည်း မဖြစ်အောင်လုပ်ဖို့ဆိုတာ ဒီကိစ္စမှာ အရေးအကြီးဆုံးပဲ။ ကျွန်တော်တို့ကြားတာဆိုရင်တော့ အစိုးရဘက်က ဒီကိစ္စကို ARSA နဲ့ ဆက်နွှယ်ပတ်သက် တဲ့ လူ ၆၀၀ လောက်ကို ဖမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို အကြောင်းကြားထားတယ်လို့ ကြားတယ်။ ဒီကိစ္စတွေ အရင်လုပ်ရမယ်။ ဒီလိုလူတွေကို ဖမ်းပြီးမှ လူတွေကို ရွေးထုတ်ပြီးမှ ကျန်တဲ့သူတွေကို ခေါ်ဖို့ စဉ်းစားရမယ်။ ဒီသဘောကလည်း ၁၉၉၃ ခုနှစ် သဘောတူညီချက်ထဲမှာ ပါတယ်ဗျ။ အကြမ်းဖက်မှုတွေ မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်ပြီးပူးပေါင်း ဆောင်ရွက်မယ်လို့ပါတဲ့အတွက်ကြောင့် ဒီလို ဖမ်းဆီးပေးမှုကို ဘင်္ဂလားဒေ့ရှ်ဘက်က လုပ်ကိုလုပ်ပေးရမယ်။ လူ ၆၀၀ ကိုရှာပြီးဖမ်းပေးပြီးမှ ထွက်ပြေးတဲ့သူတွေကို ပြန်လက်ခံတဲ့ အလုပ်ကို ကျွန်တော်တို့ကလုပ်ရမယ်။  မဟုတ်ရင် လူတွေက အကုန်ရောပြီး အကြမ်းဖက် သူတွေ ရောပြီးပါလာမယ့် သဘောရှိတယ်။ နောက်တစ်ခုက နယ်စပ်လုံခြုံရေးမှာ သဘောမတွေ့တဲ့အချက်က လူတွေက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်သလိုဖြစ်နေတယ်။ ဒီလူငါးသိန်းက ပြည့်သွားတယ်ဆိုတာ တော်တော်လေး နားလည်ရခက်တယ်။ လူငါးသိန်း လောက်က ဖြည်းဖြည်းချင်း ထွက်သွားတယ်ဆိုတာက နယ်စပ်ဖွင့်ထားသလား။ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ ဘယ်လိုထိန်းသိမ်းမလဲ။ အစိုးရဘက်က နယ်စပ်လုံခြုံရေးကို စနစ်တကျ ပိတ်ဆို့ထားဖို့လိုပါတယ်”လို့ နိုင်ငံရေး ဆောင်းပါးရှင်လည်းဖြစ်တဲ့ သီဟသွေးက သူ့အတွေ့အကြုံအပေါ် အခြေခံပြီး သုံးသပ် ပါတယ်။

အမေရိကန်နိုင်ငံဟာလည်း နယ်စပ်ပြ ဿနာကြောင့် မက္ကဆီကိုတံတိုင်း ကာဖို့လုပ်နေသလို သူ့နိုင်ငံကို ဝင်လာသူတိုင်းကို နိုင်ငံသားပေးတာ မဟုတ်ဘဲ စိစစ်ပြီးမှ အမေရိကန်နိုင်ငံအပေါ်မှာ သစ္စာရှိမှ အမေရိကန် နိုင်ငံသားဖြစ်ဖို့ သတ်မှတ်ထားတဲ့ အရည်အချင်းမီမှ နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်။ ဘယ်လိုနိုင်ငံတွေပဲကြည့်ကြည့် လာချင်တဲ့သူလာ၊ ငါတို့နိုင်ငံသားပေးမယ်ဆိုတာမျိုး လက်ခံမှုမရှိဘဲ အဆင့်ဆင့်စိစစ်ပြီးမှ နိုင်ငံသားဖြစ်ခွင့်ပြုပါတယ်။ လက်ရှိ မြန်မာနိုင်ငံအစိုးရအနေနဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေတွေကိုလေ့လာပြီး မြန်မာနိုင်ငံသား ဖြစ်လိုတာထက်ပိုပြီး တိုင်းရင်းသားအဖြစ်ပါ ရချင်နေတဲ့ ဘင်္ဂါလီတွေရဲ့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာကို စနစ်တကျ တားဆီးထိန်းချုပ်ဖို့လိုအပ်ပြီး အစိုးရက နှိပ်စက်လို့ မဟုတ်ဘဲ အကြောင်းပြချက်မရှိဘဲ ထွက်သွားသူတွေကို မြန်မာနိုင်ငံအတွင်း ပြန်ဝင်ဖို့တောင် ခွင့်မပြုသင့်တော့ဘူးလို့ ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောပါတယ်။

“ကုလသမဂ္ဂက ဆွေးနွေးတာက သူ့ဘာသာ တံခါးပိတ်ပဲ ဆွေးနွေးဆွေးနွေး၊ တံခါးဖွင့်ပဲ ဆွေးနွေးဆွေးနွေး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိပါးတာကို လက်ခံလို့မရဘူး။ ဒီနေရာက အရင်ကတည်းက မြန်မာနိုင်ငံပိုင်နက်။ သူတစ်ပါးနိုင်ငံဆီက ကျူးကျော်တိုက်ခိုက်ပြီးတော့ ယူထားတာလည်း မဟုတ်ဘူး။ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ တောင် မတူဘူး။ ထိုင်းတောင်ပိုင်းဆိုတာ အရင်တုန်းက မလေးလူမျိုးတွေ နေထိုင်ခဲ့တာ။ ကျွန်တော်တို့က ဘိုးဘွားစဉ်ဆက် နေလာတာ။ အဲဒီနေရာမှာ ဘင်္ဂါလီလူဦးရေ များလာလို့သာ ဘောင်ကျော်တာ။ ဘောင်ကျော်တာတောင် ရိုးရိုးမဟုတ်တော့ဘဲ ရိုဟင်ဂျာလူမျိုးဆိုပြီး အမည်ပါ တပ်တောင်းနေတာ။ လက်ရှိမှာလည်း သူတို့ကို ရိုဟင်ဂျာလူမျိုး ရိုဟင်ဂျာတိုင်းရင်းသားလို့ သတ်မှတ်မပေးရင် NVC Process ကို လက်မခံဘူးဆိုတဲ့ အနေအထား။ ရိုဟင်ဂျာဆိုတာ ရှိမှမရှိဘဲ။ ဘင်္ဂါလီအနေနဲ့ပဲ သူတို့ NVC ကို လက်ခံလို့ရတယ်။ ဘာလို့ လက်မခံလဲ။ အဲဒါကိုမှ ပြင်သစ်၊ ဗြိတိန်၊ OIC တွေက ဖိအားပေးနေကြ တယ်။ ပြဿနာမကြီးကြီးအောင် လုပ်နေတယ်။ ပြင်သစ်တို့ ဗြိတိန်တို့ သူတို့နိုင်ငံတွေ မှာ အဲဒီလိုပြဿနာဖြစ်လာရင် ပေးမလား။ ဘယ်ပေးမလဲ။ လေဒီဒိုင်ယာနာ သေတာကတောင် ရိုးရိုးတန်းတန်းသေတာလား။ ယာဉ်  Accident ဖြစ်တယ်လို့သာ ပြောတာ။ သူ နောက်ထပ်ယူမယ့်သူက အစ္စလာမ်ဘာသာဝင်မို့လို့ လုပ်ကြံလိုက်တာလို့ အားလုံးက ပြောကြတယ်လေ။ သူတို့မွေးတဲ့ကလေးတွေက အခုချားလ်မင်းသားနဲ့တောင် ညီအစ်ကို တော်လာမှာမို့လို့လေ။ အဲဒီလိုမျိုးရှိနေတဲ့ နိုင်ငံမှာ ဘယ်လိုဖြေရှင်းသလဲ။ သူတို့လည်း သိနေတာပဲ။ ဗြိတိန်နိုင်ငံရေးမှာ အခုနောက်ပိုင်းက မဲရဖို့အရေး ဖြစ်လာတယ်။ Human Right ကို Voting Power အတွက်ကြည့်တော့ မဆိုင်တာတွေ ဘောင်ကျော်ပြီးပြောတဲ့ အနေအထားဖြစ်လာတယ်” လို့ ဒေါက်တာအောင်ကိုကိုက ဗြိတိန်၊ ပြင်သစ်စတဲ့  နိုင်ငံတွေက မြန်မာနိုင်ငံမှာ လုံခြုံမှုပြန်တည် ဆောက်နေတာကို လူ့အခွင့်အရေးဗန်းပြပြီး ဖိအားပေးနေမှုအပေါ် တုံ့ပြန်ပြောဆိုပါတယ်။

လုံခြုံရေးဆိုရာမှာလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာကနေ ၂၀၁၇ ခုနှစ် သြဂုတ်အတွင်းမှာ အစွန်းရောက်ဘင်္ဂါလီ ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့သူတွေကို ကြည့်မယ်ဆိုရင် အစိုးရနဲ့နီးစပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေ အယောက် ၅၀ ကျော်ကို အဓိက သတ်ဖြတ်ခဲ့တာပါ။

“ကျွန်တော် နားလည်သလောက်ပေါ့။ ဒီကိစ္စဖြစ်ပြီးမှ ထိတွေ့မိသလောက်ဆိုရင် နှစ်ပေါင်းများစွာကတည်းက ၁၉၇၀ လောက်ကတည်းက အဲဒီမှာ တာဝန်ကျတဲ့သူတွေက သာမန်တော့မဟုတ်ဘဲ တော်တော်လေး ဂရုစိုက်ရတယ်။ လာဘ်ပေးလာဘ်ယူနဲ့ ဝင် လာတဲ့သူတွေက မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူးဗျ ရှိတယ်။ သို့သော်လည်းပဲ ကိစ္စတွေ အားလုံးက လာဘ်ပေးလာဘ်ယူနဲ့ဝင်လာတဲ့ အပေါ်မှာလည်း မူမတည်သေးဘူး။ တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို တားဆီးဖို့ဆိုရင်တော့ ဝန်ထမ်းတွေကို သက်သာ ချောင်ချိရေးကအစပေါ့။ လက်ရှိဝန်ထမ်းတွေရဲ့ ပြဿနာက ဘာလဲဆိုတော့ အဲဒီဒေသမှာ တာဝန်ထမ်းဆောင်နေသူတွေက ဘယ်သူတွေလဲဆိုတာနဲ့ အဲဒီဝန်ထမ်းတွေရဲ့ ဘဝကို သေချာ မလေ့လာထားတာ။ ဒီဒေသမှာ ဝန်ထမ်းတွေ ခန့်မယ်ဆိုရင် မူဝါဒအသစ် ချရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်နေလို့။ ရှိပြီးသား မူဝါဒတွေကိုလည်း ပြန်သုံးသပ်ရမှာပေါ့။ ဒီထဲကမှ ဒီဒေသမှာ တာဝန်ကျနေသူတွေကို ထူးခြားတဲ့အခွင့်အရေးတွေ ထူးခြားအစီအမံတွေနဲ့ ပြန်ပြီးတော့ စီမံပြီးတော့ ပြန်ခန့်အပ်ပြီးတော့ အုပ်ချုပ်ရေးကို စီမံချက်အသစ်နဲ့ ပြန်လုပ်သင့်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရာမှာ မလုံခြုံမှု ခံစားနေရတဲ့ ရခိုင်တိုင်းရင်းသားတွေအပါအဝင် ဌာနေတိုင်းရင်းသားတွေရဲ့ ခံစားချက်ကိုလည်း နားလည်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

“ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းရင်းသားဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေးကို အရင်ဆုံး ဦးစားပေးရမယ်။ ဆိုလိုတာက ဒီအတိုင်း သွားနေကြပါဆိုလို့တော့ ဒီတစ်ခါမနေကြတော့ဘူး။ ကိုယ့်ဟာကိုယ်လုံခြုံပြီ၊ ကာကွယ်နိုင်ပြီလို့ စိတ်ချရတဲ့အနေအထားကို မရောက်သရွေ့ ကိုယ့်နေရပ်ကိုယ်ပြန်ဖို့ဆိုတာ မလွယ်ဘူး။ ဒီအချက်ကို အစိုးရက ထည့်တွက်စဉ်းစားရမယ်။ ဒါကြောင့် အိမ်ခြေအနည်းငယ်ရှိတဲ့ ရွာသေးတွေကို ရွာကြီးတွေအဖြစ် ပေါင်းပြီး ချထားပေးရမယ်။ တောင်ပေါ်မှာနေမှ အဆင်ပြေမယ်ဆိုတဲ့ မြိုလူမျိုးတွေအတွက်လည်း သီးသန့်စဉ်းစားပေးရမယ်။ ဘင်္ဂါလီတွေဘက် စဉ်းစားရင်တော့ သူတို့ပြေးရင် ဘင်္ဂလားဒေ့ရှ်ကိုပြေးတယ်။ သူတို့ရဲ့မူရင်းဒေသမှာ လုံခြုံတယ်ထင်လို့ ပြေးတယ်။ အဲဒီတော့ ပြန်လည်လက်ခံတဲ့နေရာမှာ သေသေချာချာ စိစစ်လက်ခံပြီးတော့မှ လက်ခံသင့်တဲ့ လူလောက်ကိုသာ လက်ခံသင့်ပြီးတော့ သူတို့ကို ရခိုင်တွေနဲ့ သီးသန့်ခြားနားထားတဲ့ နေရာ၊ မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေး တပ်ဖွဲ့တွေကို အန္တရာယ်မပေးနိုင်တဲ့နေရာ၊ ဘင်္ဂလားဒေ့ရှ်ကို အဝင်အထွက် မလွယ်တဲ့ နေရာတွေမှာ ချထားဖို့လိုတယ်။ ဒါကြောင့် စိစစ်ပြီး လက်ခံသင့်တဲ့လူကိုသာ လက်ခံနေ ရာချထားပေးဖို့ လိုပါတယ်။သူတို့ကိုလက်ခံတယ်ဆိုရင်လည်း နိုင်ငံသားစိစစ်ရေး ဥပဒေ နဲ့ စိစစ်ပြီးတော့မှ နိုင်ငံသားဖြစ်တဲ့လူနဲ့ နိုင်ငံသား မဖြစ်တဲ့လူနဲ့ သီးသန့်ခွဲထားဖို့ လိုတယ်လို့ သုံးသပ်မိပါတယ်” လို့ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ဆိုပါတယ်။

လက်ရှိ အစိုးရအနေနဲ့ ပြဿနာကြီး ကျယ်လွန်းတဲ့ ရခိုင်အရေးကို ကိုင်တွယ်ရာ မှာ ရှေ့လူတွေမှားခဲ့တာကို သင်ခန်းစာယူပြီး ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။ ရှေ့လူတွေ မှားခဲ့တာကို သင်ခန်းစာ မယူနိုင်ရင်တော့ ခိုးဝင်ဘင်္ဂါလီဟာ ရိုဟင်ဂျာလူမျိုးဖြစ်လာမယ်။ IS တို့မျှော်လင့်တဲ့ အစ္စလာမ္မစ်အစွန်းရောက် နိုင်ငံတော် ရခိုင်မြေမှာ ပေါ်လာမယ်။ ရခိုင် ပြည်နယ်ကနေ ရိုဟင်ဂျာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး ဖဲ့ယူကြပြီး နောက်ဆုံးမှာ ရိုဟင်ဂျာပြည်နယ်ဆိုပြီး ခွဲထွက်မယ်။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံမှာ မြေတွေ အများ ကြီးပိုနေတယ်ဆိုပြီး မျက်စောင်းထိုးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ယူကရိန်းရဲ့ ခရိုင်းမီးယားလိုခွဲထွက်ပြီး သွားပေါင်းကြမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြန်မာ့မြေကိုရရှိရေး တွက်ဆထားတဲ့ Great Bengal အိပ်မက်ကို ရခိုင် မြေနဲ့ ရခိုင် တိုင်းရင်းသားတွေရဲ့အသက်ကို စတေးပြီး ပေးလိုက်ရသလိုပဲ ဖြစ်လာပါစေလိမ့်မယ်။

“အလုပ်တစ်ခုလုပ်မယ်ဆိုရင် ရှေ့ရေးကို မျှော်တွေးပြီး လုပ်ကြရတယ်။ ရှေ့ရေးကို ကြည့်မယ်ဆိုရင် အားနည်းချက်တွေ၊ သင်ခန်းစာ ယူစရာတွေက ရှေ့မှာရှိခဲ့ပြီ။ ရှေ့မှာ ရှိခဲ့ပြီဆိုတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိတာတွေပဲ လုပ်ကြရတော့မှာပေါ့။ လုပ်ကြရမယ့်အချိန်မှာ ဘယ်လောက်အထိ ထိရောက်မယ် မထိရောက်ဘူးဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ရင်ထဲက စေတနာအပေါ် အများကြီးမူတည်ပါတယ်။ လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုတွေ က သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တကယ့်ကို စေတနာမှန်မှန်နဲ့ အကောင်အထည်ဖော်မှု လက်တွေ့ကျကျ လုပ်ဆောင်မှုတွေအပေါ် မူတည်တယ်။ လုပ်နည်းလုပ်ဟန် တော်တော်များများကိုလည်း တော်တော်များများဂျာနယ်တွေမှာ ဖော်ပြပြီးသား။ ကောင်းပါတယ်။ အဲဒီလိုဖော်ပြပြီးသားတွေကို ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ ပြောမယ်ဆိုရင်တော့ ဒီလုပ်ငန်းကတော့ ကြိုက်တဲ့အချိန်မှာ စနိုင်တာပေါ့။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောထားသလို ၁၉၉၃ ခုနှစ် အချက်လေးချက်အပေါ်မှာ ကျွန်တော်တို့က အခြေခံပြီး မူတည်ပြီးတော့ ဒီလုပ်ငန်းစဉ်ကြီးကို လုပ်မယ်ပေါ့။ ဒီလိုလုပ်တဲ့အချိန်မှာ ထွက်ပြေးသွားတယ်ဆိုတဲ့ အရေအတွက်က သူတို့ ပြောနေသလောက် ရှိချင်မှရှိမယ်။ သမိုင်း ကြောင်းတွေအရဆို ကျွန်တော်တို့ဆီက ထွက်သွားတယ်။ သောင်းဂဏန်းပေါ့။ သူတို့ဆီက ပြန်ဝင်လာတယ်။ သိန်းဂဏန်းပေါ့။ ဒါတွေက ရှေ့မှာဖြစ်ခဲ့ပြီးပြီ။ ဖြစ်ခဲ့ပြီးပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ National Verification Process မှာ တော်တော်လေးကို အသေးစိတ်ရပါမယ်။ အသေးစိတ်မယ်ဆိုရာမှာ အများကြီးအများကြီး လိုအပ်ပါတယ်။ သက်ဆိုင်ရာဌာနတွေရဲ့ အထောက်အထားတွေ တစ်ဖက်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု၊ တစ်ခါ ကာယကံရှင်တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်တဲ့ ဘင်္ဂါလီတွေရဲ့ ပြန်လာလိုခြင်း သဘောထားအသီးသီးနဲ့ ပြည်ပနိုင်ငံတွေရဲ့ တစ်ဖက်သတ် စွပ်စွဲ ပြောဆိုနေတာတွေရှိတယ်။ အဲဒီ Global Political Situation ရော ပါဝင်ပူးပေါင်းတဲ့ stakeholders အသီးသီးပေါ်မှာ မူတည်ပါလိမ့်မယ်” လို့ ရခိုင်ပြည်နယ်လွှတ်တော်က ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဖွဲ့စည်းခဲ့တဲ့ မောင်တော၊ ရသေ့တောင် ဘင်္ဂါလီအကြမ်းဖက်မှု စုံစမ်း လေ့လာရေးကော်မတီရဲ့ အတွင်းရေးမှူးဖြစ်ခဲ့သူ ရခိုင်ပြည်နယ်လွှတ်တော် ဘူးသီးတောင် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က သုံးသပ်ပါတယ်။

Most Read

Most Recent