မိုးကိုမျှော်လျက် မိုးကြောက်တယ်

မိုးကိုမျှော်လျက် မိုးကြောက်တယ်
Published 4 September 2018

မိုးရွာသွန်းမှု နည်းပါးသော ပခုက္ကူမြို့နယ်အတွင်း လယ်ယာလုပ်ငန်း တစ်ခုအား ဇူလိုင်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

မြန်မာနိုင်ငံ နေရာတော်တော်များမှာ မိုးများပြီး ရေကြီးတဲ့သတင်းတွေ နေ့စဉ်လိုလို ကြားနေရတယ်။ ရန်ကုန်ရေကတော့ နေ့စဉ်လိုလို တက်လိုက် ကျလိုက်ပါပဲ။ အိန္ဒိယနိုင်ငံ ကလယ်ဒေသ ရေကြီးရေလျှံဖြစ်ရာမှာ သေဆုံးသူဦးရေ နှစ်ရာနီးပါးရှိပြီး နှစ်သိန်းကျော်ခန့် ဒုက္ခသည်စခန်းတွေကို ရောက်နေကြတယ်လို့ သိရတယ်။ ရန်ကုန်မှာလည်း မိုးက နေ့စဉ်ရက်ဆက်လို ရွာနေတယ်။ လျှော်ဖွပ်မိတဲ့ အဝတ်အစားတောင် သဘာဝအတိုင်း ပြန်လည်ခြောက်သွေ့ဖို့ မလွယ်ဘူး။ ကျွန်တော့် ဇာတိမြေ ကြည်းကုန်းဒေသလေးမှာတော့ ခုချိန်တိုင်အောင် မိုးကောင်းကောင်း မရွာသေးဘူး။ အောက်ပြည်အောက်ရွာမှာ မိုးများပြီး အထက်အညာဒေသမှာ မိုးနည်းတာက သဘာဝဖြစ်ပါတယ်။ အထက်အညာဒေသ ကြည်းကုန်းအရပ်မှာ တခြားအရပ်ဒေသတွေထက် မိုးပိုနည်းလေ့ ရှိတာလည်း သဘာဝဖြစ်တယ်။ ဒါပေမဲ့ အဲဒီခြားနားချက်တွေ သဘာဝတရားတွေရဲ့ ပိုမိုလွန်ကဲမှုကတော့ နေရာဒေသအားလုံးကို ပိုမိုလွန်ကဲသော စိုးရိမ်သောကတွေကို ပေးဝေနေပါတယ်။ မယူချင်ဘူးလို့ ငြင်းမရလောက်အောင်ပါပဲ။ အောက်ပြည်အောက်ရွာနဲ့ မိုးများတဲ့ နေရာဒေသတချို့မှာ ပုံမှန်ထက် ပိုမိုများတဲ့ မိုးရေချိန်ကြောင့် ရေကြီးရေလျှံဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ကြည်းကုန်းဒေသလေးမှာ ခြောက်သွေ့ပူပြင်းတဲ့ နေရောင်အောက်မှာ ရာသီချိန် သီးနှံစိုက်ခင်းတွေ ပျက်စီးသေဆုံးသွားမှာ စိုးရိမ်ရလောက်သည်အထိ မိုးရွာသွန်းမှုက မရှိသလောက် နည်းပါးနေပါတယ်။

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုနက်ထဲက
မျှော့နက်မည်းကြီး တွယ်လိမ့်မယ်။

ဆိုတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ မိုးရာသီ ကဗျာလေးကို ငယ်ငယ်က သင်ယူ မှတ်သားဖူးခဲ့တယ်။ ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ မြန်မာစကားပုံလေးကိုလည်း မကြာမကြာ ကြားရလေ့ရှိတယ်။ တကယ်တော့ ဝါဆိုဝါခေါင်မှာ မိုးကောင်းပြီး မိုးရေဖွေးဖွေး မြင်ရလေ့ရှိတာက ရန်ကုန် ဧရာဝတီနဲ့ ပဲခူးဒေသများမှာသာ ဖြစ်ပါတယ်။ အထက် အညာဒေသမှာတော့ မိုးရွာစပြုတယ် ဆိုပေမယ့် ရေဖောင်ဖောင်မြင်ရလောက်သည် အထိတော့ မိုးရေချိန် မများလှပါဘူး။

ကျွန်တော်တို့ ကြည်းကုန်းဒေသဆို ပိုဆိုးပါတယ်။ မန္တလေးတိုင်း တောင်ဘက်ခြမ်းမှာ ကျောက်ဆည်နယ် တစ်ဝိုက်ကို လယ်တွင်းလို့ခေါ်ပြီး မိတ္ထီလာ၊ သဲတော၊ ဝမ်းတွင်းဒေသကို ကြည်းကုန်းလို့ ခေါ်ကြတယ်။ ကျောက်ဆည်၊ မြစ်သား၊ ဟန်မြင့်မိုရ် တစ်ဝိုက်က သီးပင် စားပင် အင်မတန် ဖြစ်ထွန်းပြီး စမုံဆည်နဲ့ ဇော်ဂျီမြစ်ကြောင့် လယ်ယာစိုက်ပျိုးရေးလည်း ဖွံ့ဖြိုးစည်ပင်ပါတယ်။ သဲတော ဝမ်းတွင်းနဲ့ မိတ္ထီလာကတော့ အဲဒီဘက်လို သီးပင် စားပင် မဖြစ်ထွန်းဘူး။ မိတ္ထီလာကန်ရေ သောက်ခွင့်ရတဲ့ နေရာဒေသတချို့ကတော့ ခြွင်းချက်ပေါ့လေ။ အဲဒီတချို့သော ခြွင်းချက် နေရာတွေတောင်မှ တခြားနယ်တွေမှာလို နွေစပါးတို့၊ မိုးကြိုစပါးတို့ ဆိုတာ မရှိဘူး။ မိုးစပါး တစ်မျိုးသာ ရှိတယ်။ မြန်မာ စကားပုံတွေထဲမှာ “ရေငန်သောက် မြက်ခြောက်စား” ဆိုတာ ရှိပါတယ်။ မိုးခေါင်ရေရှား အညာဒေသကို အစွဲပြုပြီး ဖြစ်လာတဲ့ စကားပုံဖြစ်ပေမယ့် ကောင်းသော ရည်ရွယ်ချက်နဲ့ ပြောဆို အသုံးပြုခဲ့ပုံတော့ မဟုတ်ဘူး။ နှိမ့်ချဖို့၊ စကားအရာ အနိုင်ရဖို့ အသုံးပြုခဲ့ပုံသာ ရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ သပြေသီးကောက် ကဗျာက အောက်ပြည်အောက်ရွာမှာသာ တွေ့ရလေ့ရှိတဲ့ မိုးရာသီအဖွဲ့မျိုး ဖြစ်တယ်။ မုံရွေးဆရာတော်ရဲ့ မိုးဖွဲ့အလင်္ကာကတော့ အညာရနံ့ပါတဲ့ ကဗျာဖြစ်တယ်။ မိုးရာသီ ဆက်တင်မှာ အထက်အညာနဲ့ အောက်အကြေမှာ မတူခြားနားတဲ့ ပုံရိပ်တွေ ရှိတယ်။ နွေဆိုလည်း နွေ၊ ဆောင်းဆိုလည်း ဆောင်း၊ မိုးဆိုလည်း မိုးပေါ့။ မုံရွေးဆရာတော်ရဲ့ အလင်္ကာ ကတော့

““တန်ခူးမည်မှတ်၊ ဖတ်ဆွတ်ရေတိုး၊
သြင်္ကန်မိုး။
-ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့။
-နယုန်မိုးသေး မြက်သားမွေး။
-ဝါဆိုလပြောင်း၊ မိချောင်းဖွေးဖွေး၊ မိုး အေးအေး။
-ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင် ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း။
-တော်သလင်းတိမ်ညို၊ စဖိုသည်ဆင်းရဲ၊ မိုးမစဲ။
-သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး။
-တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်။
-နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။
-ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်။
-တပို့တွဲမှာ၊ နွဲ၍ရွာခြင်း၊ သန်မိုးကြွင်း။ ...ရယ်လို့ဖြစ်ပါတယ်။ ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း ဆိုတဲ့အတိုင်း ဝါခေါင်လမှာ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင် စတဲ့ အညာဒေသမှာသာ တွေ့ရလေ့ရှိတဲ့ အပူပိုင်းဒေသ သစ်ပင်တွေဟာ အပွင့်ပွင့်လေ့ ရှိပါတယ်။ ဒီအချိန်မှာ မိုးရွာလေ့ မရှိဘူး။ အထူးသဖြင့် ဗွက်ပေါက်အောင်၊ အိုင်တည်အောင်၊ ကန်ရေရအောင် ရွာလေ့ မရှိဘူး။ ရွာရင်လည်း ဖွဲဖွဲလေး ရွာတယ်။ ဖုန်သိပ်ရုံ ရွာတယ်။ လယ်ယာ စိုက်ခင်းလေးတွေ စိုစွတ်ရုံသာ ရွာလေ့ရှိတယ်။ အဲဒီလို လေးရွာမှ သီးနှံစိုက်ခင်းတွေ ပိုးမကျ မခြောက်သွေ့ဘဲ မိုးသားဓာတ်နဲ့ သွေ့သွေ့လေး စိုစွတ်နေတဲ့မြေနဲ့ စိမ်းစိမ်းလန်းလန်း ဖြစ်မှာ မဟုတ်လား။ ယနေ့ခေတ် ယနေ့ အချိန်အခါမှာတော့ အညာဒေသက တချို့နယ်တွေမှာ ဆည်တွေ၊ တာတမံတွေ ဆောက်ထားကြတော့၊ ဆည်ရေ၊ တာတမံရေကိုပဲ အဓိက မှီခို အားထားကြတော့ မုံရွေးဆရာတော်ရဲ့ ဝါခေါင်တစ်ကြောင်း ဆိုတဲ့ အလင်္ကာထဲက မိုးရာသီရဲ့ ပုံရိပ်ကို ဖမ်းလို့ ရဖို့မလွယ်ဘူး။ ဆည်တွေ၊ တာတမံတွေ မရှိတဲ့ ဒေသမှာတော့ မိုးကိုသာ မျှော်လင့် အားထားရသူတွေ ဆိုတော့ သဲသဲမဲမဲ မဟုတ်တောင် အဲဒီလို ဖွဲဖွဲလေးရွာမယ့် မိုးကို မျှော်တလင့်လင့် စောင့်စားနေရလေ့ ရှိတယ်။ တောင်သူတွေ အနေနဲ့ နှမ်းမသိမ်းရသေးခင် မိုးရွာမှာ ကြောက်ပေမယ့် နှမ်းသိမ်းချိန်ပြီးရင်တော့ တစ်မိုးကောင်း နှစ်မိုးကောင်း ရွာစေချင် ကြတာ သဘာဝဖြစ်တယ်။ ဒါပေမဲ့ မိုးက ခုချိန်တိုင်အောင် ပုန်းခိုလို့ ကောင်းနေဆဲပဲ။

တစ်နေ့က ရွာအနောက်ဘက်မှာ ယာစိုက်ခင်းတွေဆီ အညောင်းအညာပြေ လမ်းလျှောက်သွား ဖြစ်တယ်။ နှမ်းစိုက်ခင်းတွေ မရှိတော့ဘူး။ အားလုံး ရိတ်သိမ်းပြီးကြပြီ။ ဖရဲစိုက်ခင်း၊ ခရမ်းချဉ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းတွေကို တွေ့ရတယ်။ အဲဒီအချိန်မှာ လှည်းတစ်စီးက တောလမ်းအတိုင်း ရွာဘက်ကို မောင်းလာတယ်။ ကျွန်တော့်ကို နှုတ်ဆက်မှ အိမ်နီးနားချင်း အစ်ကိုကြီး ဖြစ်နေတယ်။ နေတောင် မကျသေးဘူး ဘာလို့ပြန်လာတာလဲလို့ မေးဖြစ်တယ်။

“မိုးသားတွေ တက်လာလို့ ရွာမယ် မှတ်ပြီး ထွက်လာတာ။ တောထဲရောက်တော့ မိုးက ဘယ်လေနဲ့ ပါလို့ ပါသွားမှန်း မသိဘူးကွာ။ ပျိုးကြဲမရတာနဲ့ စိတ်ညစ်လို့ ပြန်လာတာ” တဲ့။ သူ့ကိုကြည့်ပြီး ကျွန်တော်ပါ ရင်မောသွားတယ်။ ဟုတ်တော့ ဟုတ်တယ်။ ဒီအချိန်က ပျိုးကြဲမိုးလေးတော့ ရွာသင့်ပြီ မဟုတ်လား။ ခုတော့ မိုးကခေါင်ချင်တိုင်း ခေါင်နေတာ စိတ်ပျက်မယ်ဆို ပျက်စရာပါပဲ။ ဖရဲစိုက်ခင်းထဲ ရောက်တော့ “ရန်ကုန်မှာ ရွာနေတဲ့မိုးကို ဒီကို နှစ်ရက်စာလောက် ရွှေ့ယူလို့ရရင် သိပ်ကောင်းမှာ” ဆိုတဲ့ စိတ်ကူးယဉ်ဆန်ဆန် စကားကို ကြားလိုက်ရသေးတယ်။ စိတ်ထဲက တရုတ်ပြည်မှာ မိုးအတု ဖန်တီးတဲ့အကြောင်း (Cloud Seeding System) ကို သတိရမိတယ်။ မိုးခေါင်တဲ့ နေရာဒေသ ဧရိယာတွေကို တိမ်ကို လိုသလို ဖမ်းယူပွားစေပြီး မိုးရွာသွန်းစေတာ ဖြစ်တယ်။ ဒီသိပ္ပံနည်းပညာသာ ကျွန်တော်တို့ ပိုင်ဆိုင်ထားမယ် ဆိုရင် သူပြောသလို ရန်ကုန်နဲ့ အောက်ပြည်အောက်ရွာက မိုးကို အညာ ကြည်းကုန်းဒေသလေးဆီ သယ်ဆောင်လာနိုင်ကောင်း သယ်ဆောင် လာနိုင်ပါလိမ့်မယ်။ ရသေ့စိတ်ဖြေအတွေးပါ။ အခြေခံ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းလွန်းတဲ့ ကျွန်တော်တို့အတွက် တိမ်ကိုဖမ်းပြီး မိုးအတု ဖန်တီးတဲ့ နည်းပညာ (Technique of Cloud Seeding) ဆိုတာ အရမ်းဝေးလွန်းပါတယ်။ လွယ်လွယ်ကူကူ ရလို့ အမှန်တကယ် ဖန်တီးနိုင်လို့ နည်းပညာကို အသုံးပြုတယ်ထားဦး။ ဒီနည်းပညာကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုက လက်ရှိ အနေအထားထက် အဆပေါင်းများစွာ ဆိုးမသွားဘူးလို့ အာမခံချက် မပေးနိုင်ပါဘူး။ တိမ်တွေအနေနဲ့ သူ့သဘာဝအတိုင်း ရွေ့လျားနေတာပဲ ကောင်းပါတယ်။ ကျွန်တော်တို့ကတော့ သစ်ပင်များများ စိုက်ကြတာပေါ့။

တောင်သူတစ်ယောက်ရဲ့ ပြောစကားအရ တချို့ယာကွက်တွေကို တစ်ရာသီအငှားနဲ့ ဖရဲ လာစိုက်သူတွေ ရှိတယ်လို့ ပြောတယ်။ သူကတော့ အဲဒီလို အငှားချရတာ သဘောမကျဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို ဖရဲစိုက်ဖို့ ငှားလိုက်တဲ့ ယာကွက်တွေဟာ နှစ်ရာသီ သုံးရာသီ စိုက်ပျိုးပြီးတာနဲ့ မြေ ကျစ်ကျပ်တီးတွေ ဖြစ်သွားတယ်။ ထယ်ထိုးလို့တောင် မရတော့ဘူးလို့ ဆိုပါတယ်။ အဲဒီလိုဖြစ်တာ ဖရဲစိုက်လို့ ဖြစ်တာလား၊ သီးနှံ ထွက်ကောင်းအောင် ဓာတ်မြေသြဇာတွေ သုံးလို့ ဖြစ်တာလားလို့ မေးကြည့်ပေမယ့် သူကိုယ်တိုင်လည်း ကောင်းကောင်း သိပုံမရဘူး။ သီးနှံစိုက်ရုံနဲ့တော့ ဒီလောက်မြန်မြန် မြေဆီလွှာ ခန်းခြောက် မသွားနိုင်ဘူးလို့သာ ကိုယ့်ဘာသာ တွေးလိုက်မိတယ်။ ကိုယ်က ပညာရှင်လည်း မဟုတ်၊ သုတေသီလည်း မဟုတ်တော့ ဒီထက်ပိုပြီးလည်း တိတိကျကျ မတွေးနိုင်ပြန်ဘူး။ မြေယာငှားပြီး ဖရဲစိုက်တာ ဘယ်သူတွေလဲ လို့တော့ မပြောတော့ပါဘူး။ မပြောလည်း သိနေမယ့်ကိစ္စပဲ မဟုတ်လား။ အရင်က အိမ်ခြံစည်းရိုးကိုတောင် ရှားစောင်း လက်ပတ်ပင်တွေ စီတန်းပြီး ခတ်ခဲ့တဲ့ရွာက အခု ရှားစောင်းလက်ပတ်ကို ရှားပါးမျိုးစိတ် တစ်ခုလို ပြန်လည်စောင့်ရှောက်ရမယ့် အခြေအနေဖြစ်နေပြီ။ တောထဲသွားရင် အရင်လို ပိုးထိမှာ မြွေကိုက်ခံရမှာ သိပ်ပြီး မစိုးရိမ်ရတော့ဘူး။ ငယ်ငယ် ကလေးဘဝက တောက်တဲ့ အော်သံကို နားထောင်ပြီး မိုးလား၊ လေလား။ လေလား၊ မိုးလား မှတ်ခဲ့ရတဲ့အကြောင်းက ပုံပြင်တွေလို ဖြစ်သွားပါပြီ။ အိမ်ပြန်လာတော့ လမ်းဘေးဝဲယာ အဝါမှိုင်းမှိုင်းအပွင့်တွေ ပင်လုံးမြိုင်အောင် ပွင့်နေတဲ့ ထနောင်းပင်တွေကို ငေးမောရင်း မုံရွေးဆရာတော်ရဲ့ “ဝါခေါင် တစ်ကြောင်း၊ ထနောင်းကြောင်ကျစ် ၊ ဆူးရစ် ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း” ဆိုတဲ့ မုံရွေးဆရာတော်ရဲ့ အလင်္ကာစာပိုဒ်လေးကို တိုးတိုးလေးပဲ အခေါက်ခေါက် အခါခါ ရွတ်ကြည့်ဖြစ်တယ်။ တစ်ဆက်တည်း ဝါခေါင်လ အကြောင်းကိုပါ တွေးမိလျက် ဖြစ်သွားတယ်။

ဝါခေါင်လရဲ့ အဓိမ္ပာယ် ဖွင့်ဆိုချက်က ဝါ-ရဟန်းတော်များ မိမိကျောင်းတွင် မိမိနေထိုင်၍ သီတင်းသီလ ဆောက်တည်ရာကာလကို ရည်ညွှန်းပါတယ်။ ခေါင်- ထိုသီတင်းသီလ ဆောက်တည်ရာကာလ။ ဝါဆိုဝါကပ်ရာကာလရဲ့ အလယ်၊ အတွင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဝါတွင်းသုံးလရဲ့ အလယ်ကာလဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာ ဝါခေါင်လရဲ့ ပွဲတော်က စာရေးတံမဲ ပွဲတော်ဖြစ်တယ်။ ဝါခေါင်လရဲ့ ကိုယ်စားပြု ရာပန်းကတော့ ခတ္တာပန်းပါ။ “သပြေကသီး၊ ရေကကြီး၊ ထန်းသီးကကြွေ၊ မိုးကစွေ” ဆိုတာလည်း ဒီဝါခေါင်လကို ရည်ညွှန်းလိုရင်း ဖြစ်ပါတယ်။ အညာဒေသမှာတော့ သပြေရှိပေမယ့် ပေါပေါများများ မဟုတ်ပါဘူး။ ထန်းကတော့ နေရာတိုင်းလိုလိုမှာ ရှိပြီး အနည်းအများသာ ကွာပါလိမ့်မယ်။ ခုအချိန် ထန်းသီးမှည့်တွေ ကောက်ပြီး ပုံထားကြတာကို နေရာ တော်တော်များမှာ တွေ့ရပါတယ်။ “ရေကကြီး၊ မိုးကစွေ” တဲ့။ လတ်တလောတော့ ကြည်းကုန်းဒေသလေးမှာ “မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း” ဆိုတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်း နေ့စဉ်ရက်ဆက် မိုးတွေ ရွာချမှာကိုလည်း ကြောက်ရပြန်တယ်။ အညာဒေသ ရေကြီးရင် အသက်တွေပါ စတေးရလေ့ ရှိတယ်ဆိုတာ အတွေ့အကြုံတွေ များခဲ့ကြပြီ မဟုတ်လား။

Most Read

Most Recent