လမ်းဇာတ်ကြောင်း

လမ်းဇာတ်ကြောင်း
Published 4 September 2018

Photo: behance.net

လမ်းတစ်လမ်း၏အကြောင်း စစ်စစ်ပေါက်ပေါက် စဉ်းစားမိသည့် အခိုက်အတန့် လူ့ဘဝ၌ ဘယ်နှကြိမ် ရှိခဲ့ပါသနည်း။

ငြိမ့်ငြိမ့်ညောင်းညောင်း အထိအတွေ့နှင့်တကွ ဘယ်မှ ညာ၊ ညာမှ ဘယ်သို့ လှလှပပ ထိုင်ယိုင်နိုင်သည့် အဝေးပြေးကား၏ ခုံပေါ်မှာ လမ်းဇာတ်ကြောင်း စတွေးသည်။ လူ့သမိုင်းပေါ်စ လမ်းရှိပါသလား။ လမ်းနှင့် လူ၊ လူနှင့် လမ်း ဘယ်အရာက စပေါ်ပါသနည်း။ တကယ်တော့ လမ်းဟူသည် အရှိတရားအစစ် မဟုတ်ဘဲ လူတို့၏ ဟုတ်ယောင်ထင်မှု များစွာထဲမှ အကြီးကျယ်ဆုံးသော လိမ်ဆင်ကြီးဟု ကျွန်တော် ထင်သည်။ အကြောင်းမှာ စကြဝဠာ၏ ဖြစ်တည်ပုံကို ရှင်းသည့်အခါတိုင်း ဂြိုဟ်ပတ်လမ်း၊ နေသွားလမ်းနှင့် တွင်းနက်ဆီ သွားရာလမ်း အစရှိသည့် ဝေါဟာရတို့ တွင်တွင်သုံး၏။ ထိုဝေါဟာရ မဖြစ်တည် မီကပင် နေနှင့် ကြယ်တာရာအနန္တတို့သည် မဟာပေါက်ကွဲမှုကြီးမှ မဟာပြန့်ကျဲမှုဆီသို့ သူ့အဖြစ်နှင့်သူ ရွေ့လျားအခြေပြောင်းပြီးသား ဖြစ်နေခဲ့ပါသည်။

အမှောင်ထုကြားမှ မိုးစက်မိုးပေါက်တို့ကား မှန်ဆီကို တရွေ့ရွေ့ တိုးဝင်လျက်။ ကားကြီးက မိုးမှုန်တို့ကြား အရှိန်ဖြင့် ဝင်သွားခြင်း ဆိုလျှင်လည်း ငြင်းရန်မရှိပါ။ မိုးသည်းနေသည်ဟူသော အမြင်အသိ၏နောက်တွင် ကားထဲ၌ လွှင့်ထားသည့် လေအေးစက်အငွေ့တို့က စီးနင်းသူကို ပိုချမ်းလာစေပုံရသည်။ “မှောင်နေရင်လေ ××× မီးထွန်းလိုက် ××× နာကျင်သူကို ××× ပြုစုလိုက်×××” အလားတူ သီချင်းစာသားအတိုင်း ယခုလို “အေးနေရင်လေ ××× စောင်ခြုံလိုက်” ခရီးသည်ယာဉ် ဝန်ဆောင်မှု လိုက်ပေးနေသည့် ချာတိတ်မ သိပ်မချော။ မျက်နှာပေးလည်း သိပ်မပျော့လှ။ ၁၁၅ မိုင် မီးလင်းလင်းအောက် ရောက်ချိန်ကျမှ (မေ့မသွားဘူးဆိုလျှင်) သူ့ကိုယ်ခန္ဓာ တစ်ချက်လောက် ကြည့်လိုပါသေးသည်။ သတင်းစာကွန်ဖရင့် သွားတက်နေသည့် ဟိုအကောင် ဆိုင်ဂုံမြို့ဘေးမြစ်ထဲက မီးရောင်စုံထိန်ထိန်လင်းသော သင်္ဘောပေါ်မှာ ဘီယာမူးနေလောက်ပြီ။ အဲဒီ သဒ္ဒါကိစ္စကလည်း အကြီးကြီး။ သိုးဆောင်းတို့၏ Grammer အရ “in the boat on the river.” မြစ်ပေါ်က လှေထဲမှာ ဆိုကြပါစို့။ သူလည်း ရေလမ်း၊ ကိုယ်လည်း ကုန်းလမ်း။

ဆာလောင်သူကို ကိုယ့်အထဲက တစ်ဝက်ဝေမျှသောအရပ် ဤကမ္ဘာမှာ ရှိပါသလား။ လမ်းပြပါ. . .။ ခုတော့ ဆာသူရှိမှန်း မသိဘဲ ပြည်တော်သာလျက်ရှိသည်။ လမ်းကို မယုံကြည်သူ တစ်ယောက်ယောက်က လမ်းတောင်းသည့်အခါ လမ်းမှာရှိနေသူအပေါင်း ရယ်မောလှောင်ပြောင်လျက် လမ်းပျောက်၍ ကောင်းနေဆဲပင်။ ၁၀ နာရီသာသာ အမြန်လမ်းမ အစမိုင် ဝ။၀ ကိုရောက်မှာပါရှင့်။ အသံရမှတ် ၆၅ လောက် ထားပေးလိုက်မည်။

ကြယ်များ၊ နေများ၊ ဂြိုဟ်များ၏ ကိစ္စ ခဏထားကာ ဤကမ္ဘာပေါ်ရှိ လမ်းများအကြောင်း အစနည်းနည်း ပြန်ဖော်ကြည့်မည်။ တိုက်ကြီးများကို သမုဒ္ဒရာတို့က ကာဆီးထားလျက် အရှေ့မှ အနောက်၊ အနောက်မှ အရှေ့ ဒေသမတူ၊ လူအချင်းချင်း တွေ့ရန် စရွှေ့ခဲ့သည်မှာ ရေလမ်းဖြစ်သည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲသို့ သင်္ဘောများ ရွက်လွှင့်ရဲစေရန် ကနဦးလိုအပ်ချက်မှာ ကမ္ဘာကြီး လုံးရန်သာ။ “အဲယားကွန်း ပိတ်ပေးပါဦးဟဲ့” “ပိတ်လို့မရဘူး” ထိုကမ္ဘာ မလုံးဝန်းခဲ့သော် သမုဒ္ဒရာရေအဆုံး ချောက်ထဲကျသွားမည်။ လုံးခဲ့သည့်အဖြစ် သေချာလျှင် တူရူစူးစူးအရပ်သို့ ယုံယုံကြည်ကြည် ရွက်လွှင့်ပါက မူလနေရာသို့ ပြန်ရောက်မည်။ နယ်ချဲ့စနစ်၏အစ၊ ကိုလိုနီပြုခြင်း၏ နိဒါန်းဟု စွပ်စွဲပါသော်ငြား ရေလမ်းပေါက်ပြီးသား ပြန်ပိတ်၍ မရနိုင်တော့သည့်ခေတ်၌ ငါတို့ လူဖြစ်သည်။

ကျွန်တော် တစ်သက်လုံး ရေကြောက်တတ်သည်။ ချက်မြှုပ်ဇာတိမြို့ကလေး၏ဘေးမှာ ဆယ်နှစ်ရာသီ စီးဆင်းသည့် ချောင်းတစ်ခု ရှိသော်ငြား ကျွန်တော် ရေမကူးတတ်ခဲ့ပါ။ ခြောက်တန်းတုန်းက ကျောင်းလစ်ပြီး ပြောင်းခင်းများ အပြိုင်းအရိုင်းဖူးနေသော ကိုင်းတောကိုဖြတ်လျက် မန်းချောင်းရေ ခိုးချိုးခဲ့သည့် ပထမအခေါက်၌ပင် ကျွန်တော် ရေနစ်ခဲ့သည်။ အတန်းတူနှစ်ကြီးများ ဆင်းကယ်၍သာ ကိစ္စမချောခဲ့ခြင်းဖြစ်သည်။ တစ်ခါလစ် တစ်ခါမိပြီး ဆရာစိန်၏ ကြိမ်စာကို ၀၀လင်လင် စားခဲ့ရ၏။ ထို့နောက်ပိုင်း မြစ်ရေ၊ ချောင်းရေ ဆင်းရသည့်အခါတိုင်း ခါးဆစ်သာသာထက် ပိုနက်သည့်နေရာ ကျွန်တော် မသွားရဲတော့။ ပင်လယ်ကမ်းခြေ အခေါက်ခေါက်ရောက်သော်ငြား ကျွန်တော် လှိုင်းမစီးရဲခဲ့ပါ။ တက္ကသိုလ်ရက်များ၌ ရေကူး သင်တန်းတက်ရန် စဉ်းစားမိခဲ့သော်လည်း ညနေဘက် လက်ဖက်ရည်ဆိုင်ထိုင်၍ ကောင်မလေးများကို အပြန်ပြန် အလှန်လှန် ကြည့်ရခြင်းက ပိုမိုသာယာသည်ဟု ထင်မြင်သည့်အလျောက် ဘဝမှာ ရေကူးတတ်သူ မဖြစ်ခဲ့ပါ။ တကယ်တော့ ရေလမ်းသွားကာ အသက်မွေးမှုပြုသူတိုင်း ရေကူးတတ်ချင်မှ တတ်ကြောင်း ကျွန်တော် သိရချိန်မှာ အလွန်နောက်ကျခဲ့ပါသည်။ သိပ္ပံမောင်ဝ၏ အောက်စဖို့ဒ် တက္ကသိုလ်သွား မှတ်တမ်းဖြင့်သာ ပင်လယ်လမ်း၊ သမုဒ္ဒရာလမ်း၊ ရေလမ်းကို ချင်ခြင်း ဖြေရသည်။ (ဒါတောင် TITANIC ရုပ်ရှင်ကား ၁၅ ခေါက်လောက် ကြည့်ပါသေး) ဂျက်နှင့် ရို့စ် အခန်းထဲတွေ့ပြီး လုံးထွေးရစ်ပတ်နေပုံကို မကြာခဏ ပြန်ရစ်ကြည့်လိုသော်လည်း ကျွန်တော်သည် ဗီဒီယိုအောက်စက် တစ်လုံးသော်မှ ပိုင်ဆိုင်ခဲ့ဖူးသူ မဟုတ်ပါ။

မိုးတို့ စဲစပြုပြီ။ မရွာသည်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။ ညမှောင်မှောင် ၉ နာရီခွဲကမှ ရန်ကုန်ကထွက်သည့် ကားဖြစ်၍ ဖြတ်သန်းရာ ဤအရပ်တွင် ညနေပိုင်းက မိုးရွာခဲ့၊ မရွာခဲ့ တပ်အပ်သေချာ မခန့်မှန်းနိုင်ပါ။ ခန့်မှန်းနိုင်လျှင်လည်း ဟုတ်ချင်မှ ဟုတ်တတ်သည့် သဘောကို ကျွန်တော် သိသယောင်ယောင်ရှိ၏။ မီးတစ်ထိုးစာ အကွာအလှမ်းဆီမှ လမ်းဆိုသည့် အရာမှာ ကားဘီးအောက်သို့ ပြေးဝင်နေသည်။ ရေသုတ်တံတို့ မနားရသည့် ထိုအခိုက်မှာပင် မြေသင်းနံ့ ရိသဲ့သဲ့ နှာသီးဖျားသို့ မထိတထိ တိုးဝင်၏။ ဖိုးဖိုးဖောက်ဖောက် အတွေ့သည်လည်း တရှဲရှဲမြည်သံပေး၏။ ကားရှေ့မှန်ကို ဖြတ်ကြည့်သည့်အခါ ရေစပ်စပ် ချိုင့်ခွက်ထဲ မိုးစက်တို့ နေရာလုနေ၏။ တကယ်တော့ ကားလမ်းဆိုသည့် ဟောသည်အကောင်၏ရှေ့မှာ ဆရာကျသည့်အရာ ရှိသေးသည်။

ရေလမ်းကိုအခြေပြုလျက် အနောက် အရှေ့ ကုန်သွယ်မှု အားကောင်းလာချိန်တွင် ကုန်းမြေပေါ်၌ လူအစုလိုက်အပြုံလိုက် ရွှေ့ပေးသည့် ရထားဆိုသောအကောင် ပေါ်လာခဲ့သည်။ ဤအကောင် သွားနိုင် ပြန်နိုင်ဖို့ ရထားလမ်း၊ တက်နိုင် ဆင်းနိုင်ဖို့ လွန်းထိုးခြင်းစသည့် ပြုဖွယ်ကိစ္စအ၀၀မှာ ကပ်လျက်ပါလာသည်။ သူဆိုက်ကပ်ရပ်နားသည့် ဘူတာရုံဆိုသည့် အရာက လူတို့၏ စုဆုံရာ ပွိုင့်အဖြစ် တလေးတစား နေရာပေးရသည်။ ဘူတာအဆင်းအတက်၊ ရပ်တန့် ထွက်ခွာခြင်း၊ ကျန်ရစ်လွမ်းမောခြင်းစသည့် လူ့ဇာတ်ထုပ် အဖုံဖုံတို့ ထိုပွိုင့်မှာ ဖြစ်ခဲ့၏။ ၁၉၈၇၊ စက်တင်ဘာလဆန်း ငွေစက္ကူများ တရားမဝင်ကြောင်း မဆလ အစိုးရက ကြေငြာခဲ့သည်။ သမိုင်းကောလိပ်ဝင်း၏ စာမေးပွဲဖြေဆဲ ထိုကြားရက် စနေနံနက်သည် တိုင်းပြည်ပျက်မည့်အစမှန်း ကောင်းကောင်း မစဉ်းစားမိပါ။ ကျောင်းသားကျောင်းသူတို့ကို မုန့်ဖိုးပေး၊ လမ်းစရိတ်အခမဲ့ဖြင့် နေရပ်ပြန်စေ၏။ ထို့ကြောင့် ဆိုရှယ်လစ်ပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက်ကြမည်ဟု အလေးအနက် အဓိဋ္ဌာန်ပြုသည်။ နိုဝင်ဘာတွင် မပြီးပြတ်သေးသည့် စာမေးပွဲဖြေရန် စာမေးပွဲခန်း ခေတ္တပြန်ဖွင့်သည်။

ထိုစဉ် ခဏလာရတဲ့ စာမေးပွဲဖြေအပြီး မန္တလေး အဆန်ရထားပေါ် အိမ်ပြန်သွားတော့မည့် တစ်ပြည်သူအတွက် ဆရာနှင့်အတူ စောစောထ၊ ဖိုင်နယ်ကျောင်းသူတို့ နှုတ်ဆက်ရာ မာလာဆောင်ကနေ ဘူတာကြီးထိ ကြည့်စရာမလိုတော့သည့် နှုတ်ခမ်းများ၊ ပြောစရာမလိုတော့သည့် မျက်လုံးများ၊ ကြားစရာ မလိုတော့သည့် သစ်ခွပြာပြာသုံးပွင့်။ ရထားဟူသည် အစုန်အဆန် ရှိသော်ငြား ထိုအပေါ် လိုက်ပါသွားသည့် ခရီးသည်နှင့် လိုက်ပို့သူ တစ်ယောက်ယောက်တို့ လမ်းရှိသည့်တိုင် ပြန်မဆုံတော့ပါ။ လေးလေးနက်နက် သတိရမိနေဆဲပါ မမထား။

ရထား၏သမိုင်းကို လှပ်သော် ရေနွေးငွေ့၊ ကျောက်မီးသွေး၊ ဒီဇယ် စသဖြင့် ရုန်းအား ဆွဲအားကောင်းသည့် ခေါင်းတွဲစနစ်တို့ အပြောင်းအလဲကို တွေ့ရမည်။ ကုန်းမြေပေါ်တွင် သူ့ကို အလဲထိုးမည့် ချန်ပီယံ ၁၉၀၅ ခုနှစ်တွင် အလုံးအရင်းနှင့် ထွက်ပေါ်လာသည်။ စည်းပတ်လမ်း၏ဖခင် ဟင်နရီဖို့ဒ်၏ Model-T တည်းဟူသော လေးဘီးကောင်များဖြစ်သည်။

သူတို့အဖြစ်ကလည်း ထူးတော့ထူးသည်။ စက်ရုံက အပြွတ်လိုက် မွေးထုတ်လိုက်သော်လည်း သွားစရာလမ်းက မရှိသေး။ ပြေးစရာ မြေမရှိဆိုသည့် စကားမှာ သူတို့၏ ဘဝမှန်ကို ဒက်ထိပေါ်စေသည့် အဆိုဖြစ်သည်။ ယခုတော့ ဒီမိုကရေစီ ရှစ်နှစ်သား ရန်ကုန်မြို့ကြီးက လေးဘီးကောင်များခမျာ ထိုဆိုရိုးအတိုင်း ဖြစ်ကြရပြန်သည်။ ကားသမိုင်းအစက ဖောက်ထားသည့် လမ်းမရှိခြင်းနှင့် မြန်မာ့ဒီမိုကရေစီ ခေတ်ကူးအစမှာ လမ်းလည်ပင်းနင်၍ ကားအန်ထွက်ခြင်းတို့သည် ပြေးစရာ မြေမရှိတည်းဟူသော အဆို၌ လာ၍ဆုံနေသည်။ နေရစ်တော့ . . . လမ်းကျပ်၊ လူကျပ်၊ ကားကျပ်၊ အိမ်ကျပ်၊ အနေကျပ်၊ အသေကျပ် မြို့ကြီး . . . ကော်မာရှယ်ဆစ်တီးရေ။

ယခုသွားနေသည့်မြို့။ ထိုမြို့။ ကျွန်တော့် ဘဝတစ်လျှောက်လုံး သိပ်လွမ်း၊ သိပ်ချစ်၊ သိပ်ခရေဇီဖြစ်ရသည့် မြို့။ ရေလမ်းက ဆန်တက်ခဲ့သူ မျက်နှာဖြူတစ်ယောက်က Road to Mandalay ဟု ရေးခဲ့သည့်မြို့။ ဟိုးအရင် ဆယ်စုနှစ်ခုလောက်က နိုဝင်ဘာကုန်ကာနီးတိုင်း ဘဝတစ်ခုလုံး လူထုထံ မြှုပ်နှံခဲ့သူ အမေအိုတစ်ယောက်၏ မွေးနေ့ဆီ အသည်းများ တဆတ်ဆတ်တုန်၊ ရင်ခုန်စွာ ချီတက်ခဲ့ရသည့် မြို့။ ယခုတော့ အီကြာကွေးမြို့၊ ပေါက်စီမြို့၊ ဘူးသီးငါးပေါင်းကြော် ဆိုင်းဘုတ်များနှင့်မြို့။

လမ်းတို့၏ အလျားသည် သမုဒ္ဒရာနယ်၊ မြေသားနယ်တို့သာမက ဝေဟင်ပေါ်ပါ လိုက်လံ ခရီးဆန့်သည်။ တိုက်များ၊ တောင်များနှင့် တိမ်များကို ဖောက်ထွင်းကာ မြန်သည်ထက် မြန်မြန်သွားလိုသူတို့အတွက် ဒုတိယကမ္ဘာစစ်အပြီး ငှက်မြန်ကြီးများ ပေါ်လာသည်။ အရှိန်ချင်း မယှဉ်နိုင်သည်နှင့်အမျှ လူတို့ခန္ဓာမှ ဇီဝနာရီ လိုက်မမီတော့အောင် မြန်လာသည်။ ကော်နဲလ်တက္ကသိုလ်၏ နံနက် ၉ နာရီ အတန်း၌ စာသင်သားတို့ လန်းဆန်းတက်ကြွချိန် ရွှေပြည်စကော်လာမောင် သစ္စာတစ်ယောက် အိပ်ငိုက်ချင်လှပြီ။ တမြန်နေ့က သူ ထွက်ခွာခဲ့ရာ တောင်ဥက္ကလာ၊ တကောင်းလမ်းမှ အမေ့အိမ်တွင် ည ၉ နာရီခွဲဖြစ်လိမ့်မည်။ ဒီအချိန်ဆို အဖေ တရားမှတ်ရောပေါ့။ နှမလေး မနက်ဈေးထွက်ဖို့ ပစ္စည်းအစုံ သိမ်းထုပ်ပြီးရောပေါ့။ ဆီးချို နေ့စဉ်တိုင်းနေရတဲ့ အမေ့ကို အချိုလျှော့စားဖို့လည်း ပြောခဲ့တာပဲလေ။

အဆိုပါ ငှက်မြန်ကြီးပေါ် အိုင်စတိုင်း၏ အလင်းအလျင် နှစ်ထပ်ကိန်းဒြပ်ထုကြီးတင်၍ ဟီရိုရှီးမား၏ အဏုမြူပြတိုက်ဖွင့်နိုင်ရန် အလို့ငှာ အမေရိကန်တို့ခမျာ စစ်ကိုမုန်းပါလျက် စစ်တိုက်ခဲ့ရရှာ၏။

ကွိကွိကွကွ စိနသားများ။ အဝေးပြေးကားပေါ် အစားကလည်းမပြတ်၊ အသံကလည်း ဆူ။ မင့်အမေအိမ် မှတ်နေလား။ ဒေါ်လာပေးသော တူးရစ်များမဟုတ်။ ငွေလာရှာသော အလွှာစုံ ပြည်ကြီးပေါက်များ။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပဲ၊ ဒီလောက်တော့ ရှိပေမပေါ့။ မှန်လည်း သည်းခံ ××× မှားလည်း သည်းခံ ××× ခံလက်စနဲ့ ××× ခံ။ နားကြပ်ကို ဖြတ်သန်းလျက် ကျားပေါက် သီချင်းဆိုနေသည်။ ပြဿနာမပေါ်သရွေ့ ဗီဇာမလို။ ပြဿနာပေါ်၍ မန်နေဂျာ ထွက်ပြေးတော့လည်း ကောင်မလေးများ သနားစရာ။ ဓာတ်ပုံ သတင်းထောက်များကလည်း ရန်ကုန်မြို့ကြီး၌ အလုပ်အကိုင် အခွင့်အလမ်း ပေါလွန်း၍ လာအားပေးသည့် ယူနန်သူများ ရုံးထုတ်အလာကို မျက်နှာပေါ်အောင် ရိုက်မပြ။

“ကို့ဆီ လာချင်တယ်၊ ပြန်ချင်တယ်လို့ ခွင့်တောင်းရအောင် မေမိုးကလည်း ဖော်ရိန်နာ မဟုတ်ဘူး။ ကိုကလည်း သံရုံးမဟုတ်ဘူး ရှင်ရေ့။ ဒါ မိခင်နိုင်ငံ။ နေရင်း တိုင်းရင်းသား . . . သိလားကို”။ ထိုအချစ်စကားမျိုးကို နေညိုမည် မထင်သည့် ငမိုက်သားတစ်ယောက် စပါးရွှေဝါ မဝင်းသော၊ ပန်းရနံ့ မသင်းသော၊ ငှက်ကလေးတို့ မိုးတိမ်ကြား မပျံသန်းသော ဤအရပ်မှာ ရှိခဲ့ဖူးပါသည်။

စီးစရာယာဉ်များ ထုတ်လုပ်နေသမျှတော့ သွားစရာလမ်းများ လိုအပ်နေပါလိမ့်မည်။ ထိုနှစ်ခု ပြည့်စုံရုံမျှဖြင့် လောကအလယ် ဘာအရွေ့မှ မရှိသေးပါ။ သွားရန်ကိစ္စနှင့် သွားမည့်ခရီးသည်တို့ ဖြည့်တင်းလိုက်မှသာ လမ်းတို့၏ အနှစ်သာရနှင့် ခရီးတို့၏တာ ပေါ်လာပါလိမ့်မည်။ တကယ်တော့ ကျွန်တော်တို့အားလုံး အူဝဲလေးမှသည် သုဿန်အထိ ခရီးတာ၌ လမ်းများစွာကို ယာဉ်အမျိုးမျိုးစီးကာ သွားမြဲသွားလျက် ရှိနေကြပါဦးမည်။

ကျွန်တော်အပါအဝင် သာမန်လူအများ အတွက်တော့ မသွားချင်ဆုံး ခရီးသည် တမလွန်ဖြစ်ပြီး မစီးချင်ဆုံးယာဉ်မှာ နိဗ္ဗာန်ယာဉ် ဖြစ်ပါသည်။ ဖြန့်ထွက်တွေးသော် ထိခိုက်မှု တစ်ခုခုကြောင့် ဘဝကူးသွားရသူများအတွက်တော့ သူတို့စီးသွားသည့် နောက်ဆုံးယာဉ်သည် နိဗ္ဗာန်ယာဉ်ဖြစ်ကြောင်း မောင်းနှင်သူ၊ စီးနင်းသူနှင့် ပြုံးပျော်ရွှင်ပျ သို့မဟုတ် ကြေကွဲတသစွာ ခရီးလိုက်ပို့သူ မည်သူကမျှ တွေးထင်ခဲ့ကြမည် မဟုတ်ပါ။ တကယ်တော့ မြင်နေရသော လမ်းမှာပင် ကြိုတင်မသိမမြင်နိုင်သည့် လားရာအသီးသီး စောင့်စားလျက် ရှိပါသည်။ ခရီးသည်အဖို့ရာမှာလည်း လမ်းရှိရာကို သင့်ရာယာဉ်နှင့် ဖြတ်သန်းပြီးမှသာ လိုရာအရပ်သို့ ရောက်နိုင်ပါလိမ့်မည်။

မှတ်ထား။ ကို့ လမ်းဟာ မေမိုးလမ်း မဟုတ်သလို မေမိုးလမ်းဟာလည်း ကို့လမ်းမှ မဟုတ်တာကွယ်။ လမ်းက သပ်သပ်၊ လူက သပ်သပ်ပဲကို။ မှဲ့နီနီလေး တဖျပ်ဖျပ်ခုန်နေသည့် ထိုမေမိုးဦး၏ နှုတ်ခမ်းကို သံသရာ အာမခံ သေတ္တာအတွင်း လျှို့ဝှက်နံပါတ် မမှတ်သားဘဲ ကိုယ်သိမ်းထားလိုက်ပါသည်။

တကယ်တော့ ကျွန်တော်တို့အားလုံးသည် မျှော်လင့်ရာ၊ ယုံကြည်ရာ၊ အားထားရာ၊ ကိုးစားရာ အစရှိသည့် ထင်ရာမြင်ရာ လမ်းခရီးအသီးသီး သွားကြရင်း ခရီးလမ်းတစ်နေရာရာမှာ အဆုံးမသတ်ဘဲ ရပ်လိုက်ရသူများချည်းသာ ဖြစ်ကြပါသည်။

မေမိုးဦးက မတမ်းတတော့သည့် လမ်းမအလယ်မှာ ကျွန်တော့်ကို ခဏနေခွင့်ပြုပေးပါ။

Most Read

Most Recent