လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ နှိမ်နင်းရေးရန်ပုံငွေအတွက် အမ်မာဝပ်ဆင် အပါအဝင် အနုပညာရှင်များက ပေါင် ၁ ဒသမ ၆ သန်းကျော် လှူဒါန်း

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ နှိမ်နင်းရေးရန်ပုံငွေအတွက် အမ်မာဝပ်ဆင် အပါအဝင် အနုပညာရှင်များက ပေါင် ၁ ဒသမ ၆ သန်းကျော် လှူဒါန်း
Published 22 February 2018

လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် တန်းတူညီမျှမှုရရှိရေး ရန်ပုံငွေလှူဒါန်းရန် ဗြိတိန်၏ ဂုဏ်သိက္ခာကြီးသော Bafta ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် တိုက်တွန်းခဲ့ပြီး တစ်ရက်အကြာတွင် အွန်လိုင်းမှ လှူဒါန်းမှု ပေါင် ၁ ဒသမ ၆ သန်း ရရှိခဲ့သည်။

ဟယ်ရီပေါ်တာဇာတ်ကားဖြင့် အောင်မြင်ခဲ့သည့် ဗြိတိန်သရုပ်ဆောင် အမ်မာဝပ်ဆင်က လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို နှိမ်နင်းရေးအတွက် UK Justice and Equality Fund သို့ ပေါင်တစ်သန်း လှူဒါန်းခဲ့သည်။

“အမျိုးသမီးထက်ဝက်ကျော်နဲ့ အသက် ၁၈ နှစ်ကနေ ၂၄ နှစ် အရွယ် အမျိုးသမီးသုံးပုံနှစ်ပုံခန့်က လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကြုံတွေ့ခဲ့ကြတယ်။ အင်္ဂလန်နဲ့ ဝေးစ်မှာ အမျိုးသမီးငါးဦးမှာ တစ်ဦးက အသက် ၁၆ နှစ်ပြည့်ပြီးတဲ့နောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကြုံတွေ့ခဲ့တယ်။ ဒီဖြစ်ရပ်တွေကို လက်သင့်မခံသင့်ပါဘူး” ဟု အမ်မာဝပ်ဆင်က ပြောကြားခဲ့သည်။

Justice and Equality Fund ကို လုပ်ငန်းခွင်များတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် စော်ကားမှုများကြုံတွေ့ရသည့် အမျိုးသမီးများကို ကူညီရန် တက်ကြွလှုပ်ရှားသူများနှင့် ဗြိတိန်အနုပညာလုပ်ငန်းမှ အမျိုးသမီး ၂၀၀ ကျော်က တည်ထောင်ခဲ့သည်။ ယင်းရန်ပုံငွေစတင်ခဲ့ပြီးနောက် အမည်မသိအလှူရှင်နှစ်ဦးကလည်း ပေါင် ၄၀၀,၀၀၀ နှင့် ပေါင် ၁၀၀,၀၀၀ စီ လှူဒါန်းခဲ့သည်။

ယင်းရန်ပုံငွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် စော်ကားမှုများ ကြုံတွေ့ခဲ့သူများအားကူညီသည့် အဖွဲ့အစည်းများကို ပံ့ပိုးပေးသွားမည်ဟု ဗြိတိန်ရုပ်ရှင်နှင့် ရုပ်သံနယ်ပယ်မှ အမျိုးသမီးများအဖွဲ့ကို ဦးဆောင်သည့် Kate Kinninmont က ပြောကြားခဲ့သည်။

Most Read

Most Recent