မြန်မာ့အချုပ်အခြာအာဏာကို လေးစားရန်လို

မြန်မာ့အချုပ်အခြာအာဏာကို လေးစားရန်လို
Published 21 September 2017

ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက် ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်က နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ်အား ပြောကြားခဲ့သည်။

မိနစ် ၃၀ ကြာခန့် ပြောကြားခဲ့သည့် အဆိုပါမိန့်ခွန်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စစ်ဆေးမှုကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး စိစစ်မှုလုပ်ငန်းစဉ်ကို စတင်နိုင်ရန် ပြင်ဆင်ထားကြောင်းတို့ကို ထည့်သွင်းပြောကြား ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရသူ အားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း၊ အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေးရသူ အများအပြားရှိကြောင်း၊ ထိုသို့ထွက်ပြေးရသူများတွင် မွတ်စလင်သာမကဘဲ ရခိုင်နှင့် အခြားလူနည်းစုများ ဖြစ်ကြသည့် ကမန်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သလို အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝန်းများကြား သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ပြန်လည်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း၊ ထွက်မပြေးသည့် မွတ်စလင်ရွာ အများအပြား ရှိကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ရခိုင်ဒေသသို့ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်အရေးနှင့် ပတ်သက်၍ မှားယွင်းသော အချက်အလက်များ ပျံ့နှံ့ခဲ့ကြောင်းလည်း ရှင်းလင်းထားသည်။

ယင်းအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရခိုင်အရေးနှင့် ပတ်သက်သော နိုင်ငံတော်အခြေပြမိန့်ခွန်း မပြောကြားမီ ရက်ပိုင်းအလိုတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွက် အကျပ်အတည်းနှင့် အရေးကြီးသော ကိစ္စတစ်ရပ်အဖြစ် ရှိနေသည့် ရခိုင်အရေးနှင့် ပတ်သက်ပြီး အမှန်တရားကို အခိုင်အမာ သက်သေပြနိုင်ရေးအတွက် ညီညွတ်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။

ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော နယ်စပ်ဖြတ်ကျော်ကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်ရမည့် ကိစ္စရပ်သာဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဆိုင်ရာ ပြဿနာရပ်ပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေမှုအား မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံနှင့် အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ထောက်ခံထားပြီး ရုရှားနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုကြရန် သဘောထားမှတ်ချက် ထုတ်ဖော်ထားသည်။ ယင်းအပြင် အာဆီယံဒေသတွင်း နိုင်ငံများ အနေဖြင့်လည်း အာဆီယံမူဝါဒများအတိုင်း နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအား လိုအပ်သည်ထက် ပိုမိုစွက်ဖက်နိုင်မည် မဟုတ်ပေ။

သို့သော် ရခိုင်အရေးနှင့် ပတ်သက်၍ UN အပါအဝင် အနောက်နိုင်ငံတချို့က ဝေဖန်မှုနှင့် ဖိအားပေး တောင်းဆိုမှုများ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှနှင့် မြန်မာနိုင်ငံအား ကိုလိုနီအဖြစ် သိမ်းပိုက်ခဲ့ဖူးသော ဗြိတိန်တို့အနေဖြင့် မြန်မာနိုင်ငံအပေါ် လိုအပ်သည်ထက် ပိုမိုသည့် ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်လျက်ရှိနေသည်။ ရခိုင်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ကုလ၏ ဗြိတိန်သံအမတ်က တောင်းဆိုခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက နယူးယောက်တွင် ဘင်္ဂလားဒေ့ရှ် တက်ကြွလှုပ်ရှားသူများကို တွေ့ဆုံရာတွင် ရခိုင်အကျပ်အတည်းအတွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာက ပိုမိုကြီးမားသော ဖိအားပေးရန် တောင်းဆိုခဲ့ပြီး ရခိုင်ပြည်နယ်တွင် ပဋိပက္ခကြောင့် ထွက်ပြေးခဲ့ကြသည့် ဘင်္ဂါလီမွတ်စလင် ၄၂၀,၀၀၀ ကျော်ကို မြန်မာက ပြန်လည်လက်ခံရမည်ဟု တောင်းဆိုချက် တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ဘင်္ဂါလီမွတ်စလင်များ ပြန်လာရေးကို ဟန့်တားသည့် အနေဖြင့် မြန်မာနယ်စပ်၌ မိုင်းများထောင်ထားကြောင်းလည်း စွပ်စွဲပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကို စောင့်ထိန်းကြောင်း နိုင်ငံတော်၏ အခြေခံမူများအဖြစ် ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားပြီးဖြစ်သည်။

သို့ပါ၍ နိုင်ငံတကာ၏ အခြေခံ စည်းမျဉ်းစည်းကမ်းများနှင့်အတူ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအား ကျော်လွန်၍ ဖိအားပေးလာခဲ့မည် ဆိုပါက မြန်မာနိုင်ငံအနေဖြင့် အခြားရွေးချယ်စရာလမ်း မရှိဘဲ အစိုးရ၊ တပ်မတော်နှင့် နိုင်ငံသူ နိုင်ငံသားအားလုံး အနေ ဖြင့် ညီညွတ်စွာဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူများ အနေဖြင့်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရခိုင်အရေးနှင့် ပတ်သက်သော ရှင်းလင်းရပ်တည် ဆောင်ရွက်ချက်များအတိုင်း တပ်မတော်၏ ရပ်တည်ချက်များအတိုင်း အခိုင်အမာ ရပ်တည်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည့်အတွက် ရခိုင်အရေးနှင့်ပတ်သက်၍ ဗြိတိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ဝေမည့် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent