MoU လုပ်သားတွေက အေဂျင်စီအချို့ရဲ့ ရောင်းကုန်ဖြစ်နေပြီလား

MoU လုပ်သားတွေက အေဂျင်စီအချို့ရဲ့ ရောင်းကုန်ဖြစ်နေပြီလား
 မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်
မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်
Published 7 April 2019
ကိုရွှေသိန်း

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရဲ့ ပို့ဆောင်မှုနဲ့ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့တဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေဟာ MoU လုပ်သားအဖြစ် တရားဝင်သွားရောက်ခဲ့ပေမဲ့ အလုပ်နေရာ လက်ဆင့်ကမ်း ပို့ဆောင်ခြင်းခံရမှုတွေကြောင့် အေဂျင်စီ အချို့ရဲ့ ရောင်းကုန်တွေ ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ကျပ် ၁၀ သိန်းကျော် အကုန်အကျခံပြီး MoU လုပ်သားအဖြစ် မြန်မာဝေါကား အေဂျင်စီနဲ့ စာချုပ်ပြီး တရားဝင်သွားရောက်ခဲ့ပေမဲ့ စာချုပ်ပါအတိုင်း အလုပ်မရဘဲ မြဝတီမြို့ကို ပြန်ရောက်လာသူ မကွေးတိုင်း၊ ထန်းတစ်ပင်မြို့နယ်မှ မောင်ဇော်မင်းခိုင်က “ပင် လုံခန်းမမှာ မြန်မာဝေါကား ကုမ္ပဏီနဲ့ စာချုပ်ခဲ့ပါတယ်။ ဘန်ကောက်သို့ ပို့ဆောင်ခဲ့တယ်။ ဆောက်လုပ်ရေးမှာ လုပ်ရမယ်လို့ စာချုပ်ခဲ့တယ်။ ဘန်ကောက်ပို့ပေမဲ့ ဘန်ကောက်မရောက်ဘဲ ကာဘီဆန်ကို ရောက်ခဲ့တယ်။ အလုပ်ကလည်း မရှိဘူး။ ၁၉၇ ယောက်ကို စုပုံထားတယ်။ အိပ်စရာမရှိ။ နေစရာမရှိ။ အိမ်သာပျက်တွေမှာ ဝင်အိပ်ရတယ်။ နောက်တော့ အဖွဲ့တွေခွဲပြီး ပို့တယ်။ မသွားချင်ပေမဲ့ စားစရာမရှိ၊ နေစရာမရှိတော့လည်း လိုက်သွားခဲ့ရတယ်။ ဘယ်ကို ရောင်းစားလဲဆိုတော့ ပထုံဌာနီ၊ ဆာလာပူရီ၊ ပြီးတော့ နကော့ပထွန်။ လေးနေရာငါးနေရာ ပို့တယ်။ အလုပ်မရတော့ နေရာမှန် မဟုတ်တော့ စာအုပ်ပြန်တောင်းတယ်။ အဲဒီတော့မှ သူဌေးမက နင်တို့ကို ဘတ်တစ်သိန်းနဲ့ ဝယ်ထားတယ်လို့ပြောတယ်။ ဒီတော့ ကျွန်တော်တို့ MoU လုပ်သားတွေက ရောင်းကုန် ဖြစ်နေပြီလားပေါ့။ ရောင်းလို့စွံရင် တော်သေးတာပေါ့။ ဟိုပို့လိုက်။ ဒီပို့လိုက်။ ဟင်းရွက်ကန်စွန်းလို ခေါင်းပေါ်ရွက်ပြီး မရောင်းရုံတစ်မည်ပါပဲ။ တရားဝင်ဆိုပေမဲ့ ထိုင်းရဲဖမ်းရင်လည်း ခံရသေးတယ်။ ပြေးလည်း ပြေးခဲ့ရပါတယ်” ဟုဆိုပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ MoU လုပ်သားအဖြစ် သွားရောက်ခဲ့တဲ့ မြန်မာလုပ်သားတွေဟာ စာချုပ်ပါအတိုင်း အလုပ်မရဘဲ နေထိုင်စား သောက်ရေး အခက်အခဲများစွာနဲ့ နေရပ်မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာကြပေမဲ့ တာဝန်ရှိသူတွေက တာဝန်ယူဖြေရှင်းပေးဖို့ကို မျှော်လင့်ရင်း မြဝတီမြို့မှာ သောင်တင်နေသူ လုပ်သားတစ်ရာကျော် ရှိနေပါပြီလို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံကို တရားဝင် အလုပ်သွားရောက်လုပ်ကိုင်ခဲ့ကြပေမဲ့ အလုပ်လုပ်ကိုင်ရမှု မရှိခြင်း၊ အလုပ်ရသော်လည်း လုပ်အားခ မရရှိခြင်း၊ ရောင်းကုန်သဖွယ် အလုပ်ဆိုက်များစွာသို့ ပို့ဆောင်ခြင်းတို့ကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ပြန်လည်ရောက်ရှိလာတာကတော့ ပြည်ပအလုပ်အကိုင် ရှာဖွေပို့ဆောင်ရေး အေဂျင်စီတွေဖြစ်တဲ့ ရွှေလန်းပွင့် အေဂျင်စီနဲ ့ သွားရောက်ခဲ့သူ ၃၁ ဦး၊ ထက်မန်အေဂျင်စီနဲ့ သွားရောက်ခဲ့သူ ၁၀ ဦး၊ ရောင်ဝါဦး အေဂျင်စီနဲ့ သွားရောက်ခဲ့သူရှစ်ဦး၊ ငွေကြယ်စင်ဟိန်းအေဂျင်စီနဲ့ သွားရောက်ခဲ့သူ ၄၅ ဦး၊ ဒိုင်းမွန်းပုဂံ  အေဂျင်စီနဲ့ သွားရောက်ခဲ့သူ ၁၆ ဦး၊ မြန်မာဝေါကား အေဂျင်စီနဲ ့ သွားရောက်ခဲ့သူ ၁၉ ဦး (စုစုပေါင်း ၁၃၀) တို့ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ သို့ပေမဲ့ သက်ဆိုင်ရာ အလုပ်သမားတွေကို ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီတွေဘက်က ယနေ့အချိန်အထိ တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိသေးပါဘူးလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ကျော်က ပြောဆိုပါတယ်။

မြဝတီမြို့ကို ပြန်လည်ရောက်ရှိလာသူ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ကူညီထားပြီး မိဘနေရပ်သို့ ပြန်ရန်ပင် အခက်အခဲ ဖြစ်နေတဲ့အတွက် ကိုကျော်ကျော်က “MoU လုပ်သားအဖြစ် တရားဝင် သွားကြပေမဲ့ အလုပ်မရ၊ လုပ်ရပြန်တော့လည်း လုပ်အားခမရ၊ တရားမဝင်ပို့ကုန်တွေလို၊ အမှည့်လွန်သစ်သီးတွေလို ရောင်းမကုန်လို့ ပစ်ပယ်ခံနေကြရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝက ရင်နာစရာ ကောင်းလှပါတယ်” လို့ဆိုပါတယ်။

“ခုပြန်ရောက်လာတာလည်း မဖြစ်မနေ ပြန်လာခဲ့ကြတာပါ။  ကုမ္ပဏီကို သွင်းရမှာ တစ်သိန်းခွဲဆိုပေမဲ့ တကယ်ပေးရတာ ခုနစ်သိန်းခွဲ။ အထွေထွေစရိတ်နဲ့ဆိုရင် ၁၀ သိန်းကျော် ကုန်ကျခဲ့ပါတယ်။ ဒီငွေတွေကို အတိုးနဲ့ ချေးလာခဲ့ကြတာပါ။ တချို့ဆိုရင် ခြံတွေ၊ အိမ်တွေ ပေါင်နှံပြီး မိသားစုဘဝအတွက် လာခဲ့ရတာပါ။ တာဝန်ရှိသူတွေက ဖြေရှင်းပေးမှသာ ပြန်ဆပ်နိုင်မှာပါ။ ဘာလို့ဆိုတော့ အိမ်ပေါင်ပြီးတော့ လာခဲ့ကြရလို့ဖြစ်ပါတယ်” ဟု ကျပ် ၁၀ သိန်းကျော် အကုန်အကျခံပြီး MoU လုပ်သားအဖြစ် သွားရောက်ခဲ့ ပေမဲ့အလုပ်မရဘဲ ပြန်ရောက်လာသူ မကွေးတိုင်း ထန်းတပင်မြို့နယ်မှ မောင်ဇော်မင်းခိုင်က ဆိုပါတယ်။

ထို့အတူ ထိုင်းနိုင်ငံကို ရွံမုန်းပြီဟုလည်း အလုပ်မရဘဲ ပြန်ရောက်လာရသူ အောင်လံမြို့နယ်မှ မသန်းဌေးက “ထိုင်းမှာသုံးလ လုပ်ခဲ့ရပါတယ်။ လုပ်အားခလည်း မရပါဘူး။ မိဘတွေ သားသမီးတွေကို ထားခဲ့ရပါတယ်။ ခုချိန်အထိ မိဘ၊ သားသမီးတွေဆီ ဖုန်း တောင်မဆက်ရဲပါဘူး။ အိမ်ကိုပြန်ဖို့လည်း လမ်းစရိတ်မရှိပါဘူး။ ခုချိန်မှာ အိမ်ကိုလည်း မဆက်သွယ်ရဲဘူး။ အိမ်ကိုဘယ်လို ပြန်ရမှန်း မသိတော့ဘူး။ အမြဲတမ်း ဝမ်းနည်းနေရပါတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်တော့လည်း အဆင်မပြေတာနဲ့ ထိုင်းကိုသွားခဲ့ တာဖြစ်ပါတယ်။ ခုတော့ ဒုက္ခရောက်ပြီး ပြန်လာရတယ်။ ခုတော့ အိမ်ကိုဘယ်လိုတောင် ပြန်ရမလဲ မသိပါဘူးရှင်။ မိဘတွေဆီကိုလှမ်းအဆက်အသွယ် မလုပ်ရဲပါဘူး။ ဒီမှာနေရတာလည်း လူကလည်းအများကြီးနဲ့ စိတ်တွေလည်း ကျဉ်းကျပ်တယ်။ စိတ်တွေလည်းညစ်တယ်။ အမြဲတမ်းပဲ ဝမ်းနည်းနေရပါတယ်။ တာဝန်ရှိတဲ့ လူကြီးမင်းတို့ ကူညီပေးကြပါဦးရှင်။ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေကြတဲ့သူတွေက ငွေတွေပို့ကြတယ်။ အိမ်တွေဆောက်ကြတာကို အားကျပြီး ထိုင်းကို သွားခဲ့တာပါ။ ခုတော့ ထိုင်းနိုင်ငံကို ရွံမုန်းမုန်းခဲ့ပါပြီ။ နောက်နောင်သွားမယ့်သူတွေကိုလည်း ကျွန်မတို့လို မဖြစ်ရအောင် တားချင်ပါတယ်ရှင်” ဟု ဝမ်းနည်းစွာပြောဆိုခဲ့ပါတယ်။

မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသူရိန်မင်းထွန်းကလည်း “ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ပြီး အဆင်မပြေမှုတွေနဲ့ ပြန်ရောက်လာသူတွေကို အနန္တသုခကျောင်းမှာ ကူညီထားပါတယ်။ ပြန်လာပြီးတဲ့အခါ အလုပ်ရှင်နဲ ့အလုပ်သမားတွေကြား၊ အေဂျင်စီတွေရဲ့ကြားမှာ ဘယ်လိုဖြေရှင်းပေးမလဲ။ MoU စနစ်က စနစ်ကောင်းတာကို သဘောကျတယ်။ ဒါပေမဲ့ ဒီစနစ်ကိုခုတုံးလုပ်ပြီး လုပ်စားနေတဲ့ အေဂျင်စီတွေကနေပြီးတော့ ထိုင်းနိုင်ငံကိုပို့တယ်။ အလုပ်ကို အမှန်တကယ် သွားရမယ်။ လုပ်ခလစာမှန်ရမယ်။ ခုတော့ လုပ်ခလစာလည်း မမှန်ဘူး။ အလုပ်နေရာလည်း မမှန်တဲ့အခါကျတော့ အဆင်မပြေမှုတွေ ဖြစ်တယ်။ ဒီတော့ မြဝတီကို ပြန်ရောက်လာတာဖြစ်တယ်။ ဒီ MoU စနစ်နဲ့ပို့ဆောင်တဲ့ အေဂျင်စီတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိ ခြင်းတွေကို သက်ဆိုင်ရာက ဖြေရှင်းပေးဖို့လိုပါတယ်။ ရေရှည်မှာ ဒီလိုအဖြစ်မျိုးတွေမဖြစ်အောင်လို့ တကယ်တာဝန်အရှိဆုံးက နိုင်ငံတော်အစိုးရနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။အေဂျင်စီတွေ အနေနဲ့ မှားခဲ့တာကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတော့ ကလေးတွေက မျှော်လင့်နေကြတယ်။ ဒီလိုအေဂျင်စီတွေ မှားယွင်းနေတဲ့ ကိစ္စအရပ်ရပ်မှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုအပြစ်ပေးရမလဲ။ ဘယ်လိုအရေးယူရမလဲ ဆိုတဲ့အချက်တွေကိုလည်း နိုင်ငံတော်မှာ တာဝန်ရှိတဲ့ သူတွေအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ ့ ကျပ်တစ်သိန်းခွဲထက်မပိုတဲ့ ငွေကြေးသာ ပေးသွင်းရမယ်ဆိုပေမဲ့ တကယ်တမ်း ကျပ်ကိုးသိန်း၊ ၁၀ သိန်းကုန်ကျတဲ့သူတွေ၊ တချို့ဆိုရင် နယ်ကိုယ်စားလှယ်တွေ၊ ပွဲစားတွေနဲ ့ချိတ်ဆက်တဲ့အတွက် ကျပ်၁၀ သိန်း အထက် ကုန်ကျခံပြီးသွားရောက်ခဲ့တဲ့သူတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

“ဒီပြဿနာတွေ မဖြစ်ပေါ်ရအောင်ဆိုရင် တကယ့်တာဝန်အရှိဆုံးကတော့ နိုင်ငံတော် အစိုးရမှာ တာဝန်ရှိပါတယ်။ နိုင်ငံတော်အစိုးရကနေ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို စိစစ်ပြီး မထိန်းချုပ်နိုင်သေးသရွေ့ကတော့ နေ့စဉ်နှစ်ဆယ်၊ သုံးဆယ်ပြန်ရောက် နေတဲ့ ပြဿနာဟာ ပိုပိုကြီးလာမယ်။ ခုဆိုရင် တစ်ရာကျော်နေပြီ။ ဒီပြဿနာတွေ မဖြစ်အောင်ဆိုရင်တော့ အလုပ်သမားဝန်ကြီးဌာနတွေအနေနဲ့ နိုင်ငံတော်အစိုးရ G to G MoU စာချုပ်ပေါ်မှာ နှစ်နိုင်ငံချုပ်ဆိုတဲ့ MoU စနစ်ကို ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတဲ့ အချက်ပေါ် မူတယ်ပါတယ်လို့ ကျွန်တော် မြင်ပါတယ်” လို့လည်း ကိုသူရိန်မင်းထွန်းက ပြောဆိုပါတယ်။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာ နည်းပါးတဲ့အတွက် လုပ်ခလစာ ပိုမိုရရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကို MoU လုပ်သားအဖြစ်  အလုပ်သွားလုပ်ဖို့ မြဝတီ ချစ်ကြည်ရေးတံတားကနေ ထွက်ခွာနေသူ နေ့စဉ် ၅၀၀ နဲ့အထက် ရှိနေပါတယ်။ မမှန်မ ကန်ပို့ဆောင်ပေးတဲ့ အေဂျင်စီတွေကြောင့်လည်း  အလုပ်မရ၊ ဒုက္ခရောက်ရပြီး နေရပ်ပြန်လာရသူတွေလည်း လစဉ်ရာနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံထဲ နေရာပေါင်းများစွာကို ပို့ဆောင်ခြင်းခံရတဲ့အတွက် မြန်မာလုပ်သားတွေဟာ လက်ဆင့်ကမ်းရောင်းကုန်လို ဖြစ်နေတာဟာ ရင်နင့်စရာကောင်းလှပါတယ်။ MoU နဲ ့ ထိုင်းနိုင်ငံကို ့တရားဝင်သွားခဲ့ကြပေမဲ့ ထိုင်းရဲလာရင် အဖမ်းခံရတယ်။ ဘာလို့ ဖမ်းလဲမေးတော့ အလုပ်နေရာ မတူလို့ အဖမ်းခံရတယ်လို့ ဆိုတယ်။ နောက်လကုန်ရင်လည်း ဖမ်းမယ်ဆိုတော့ ထွက်ပြေးရပြန်တယ်။ ကိုယ်ဖြစ်ကိုယ်ခံဆိုတော့ ပြေးရတာပေါ့။ နေစရာမရှိ၊ စားစရာမရှိ၊ အိပ်စရာမရှိ၊ အိမ်သာပျက်တွေထဲမှာ အိပ်ရပါတယ်။ AAC ကို အကူအညီတောင်းပြီး ပြန်လာခဲ့ကြရတာပါ။ ဒီေရောက်တော့လည်း အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ခုထိဖြေရှင်းမပေးသေးဘူး။ ဒီလို တရားဝင်သွားတဲ့ ကုန်ကျစရိတ်တွေက အလကားရလာတာ မဟုတ်ပါဘူး။ လယ်တွေ၊ ကိုင်းတွေကို ရောင်းခဲ့ရတယ်။ ပေါင်ခဲ့ရတယ်။ ကျွန်တော်တို့ ဒုက္ခရောက်ခဲ့တာ တစ်ယောက်တည်း မဟုတ်ပါဘူး။ မိသားစုတွေ၊ အဖေတွေ၊ အမေတွေရှိတယ်။ ချေးငှားယူလာတဲ့ငွေတွေ  ပြန်မဆပ်နိုင်ရင် အိမ်ပေါ်ကဆင်ပေးရတော့မယ်။ ဒါကြောင့်မို့လို့ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်လို့လည်း ပဲခူးတိုင်း မိုးညိုမြို့နယ်မှ ကိုအောင်ဇော်မင်းက ပြောပါတယ်။

MoU စနစ်က သိပ်ကောင်းတဲ့စနစ်ဖြစ်တယ်။ ဒါပေမဲ့ ပြဿနာတက်နေတဲ့ အဓိက အကြောင်းရင်းက အလုပ်ခေါ်စာကို လက်မှတ်ထိုးလိုက်တဲ့သံရုံးက တိတိကျကျစစ်ဆေးဖို့ လိုတဲ့အတွက် ဖြစ်ပါတယ်လို့ မဲဆောက်မြို့မှာ နေထိုင်ပြီး အလုပ်သမားအရေးဆောင် ရွက်နေသူ KTG အထွေထွေ လူမှုကူညီရေးရုံးက မန်နေဂျင်းဒါရိုက်တာ ကိုသားကြီးက ပြောပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်နေသူ KTG အထွေထွေ လူမှုကူညီရေးရုံးက မန်နေးဂျင်းဒါရိုက်တာ ကိုသားကြီးက “MoU စနစ်က သိပ်ကောင်းတဲ့စနစ်။ MoU ဆိုတဲ့ စကားလုံးဟာ နှစ်နိုင်ငံသဘောတူမှု စာချွန်လွှာ။ G to G စာချုပ်ချုပ်ဆိုပြီးတော့မှ တရားဝင် စေလွှတ်တာပေါ့။ ဖြစ်လာတဲ့ ပြဿနာကို G to G တရားဝင် ဖြေရှင်းလို့ရအောင်လို့ပေါ့။ ဒါပေမဲ့ ဒီကနေ့ ပြဿနာတွေ အများကြီးဖြစ်နေတယ်။ MoU လုပ်သားတွေ ပြန်လာရတယ်။ ကျွန်တော်ပြောချင်တာ Demand ကို သံရုံးတွေမှာ တင်လိုက်တဲ့အခါကျရင် သက်ဆိုင်ရာ သံအရာရှိတွေက လက်မှတ်ထိုးလိုက်တဲ့ ဖြစ်စဉ်ကို တိတိကျကျစစ်ဆေးဖို့လိုတယ်။ ဒီမှာ သေချာတိကျမှု စစ်ဆေးမှုမရှိဘဲနဲ့ ရလာတဲ့ Demand ကို မီဒီယာမှာရော၊ ဆိုရှယ်မီဒီယာမှာရော ပြောနေကြပြီ။

အလုပ်နဲ့နေရာနဲ့ လွဲတာရှိတယ်။ စာချုပ်ထဲမှာ အလုပ်ကတစ်မျိုး၊ အလုပ်ထဲ ရောက်သွားတာက တစ်မျိုးနဲ့ လွဲမှားမှုတွေရှိတယ်။ ဒါ့ကြောင့် Demand ကိုလက်မှတ်ထိုးလိုက်တဲ့ တာဝန်ရှိသူတွေက မိမိလက်မှတ်ထိုးလိုက်တဲ့ Demand သည်ဘယ်လောက် အထိအလုပ်နဲ့ ဆက်စပ်မှုရှိလဲ။ ဘယ်လောက်အထိ သေချာတိကျမှုရှိလဲ ဆိုတာကိုလည်း ဝန်ကြီးဌာနက စစ်ဆေးပေးဖို့လိုတယ်” လို့ဆိုပါတယ်။

ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေဟာ မြဝတီမြို့ကို ပြန်ရောက်လာသူရာနဲ့ချီပြီး ရှိနေသလို ထိုင်းနိုင်ငံထဲမှာလည်း အမြောက်အမြား ရှိနေပါတယ်။ တာဝန်ရှိသူတွေ တာဝန်မဲ့နေတာကြောင့် မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေ အရေးကို ယခင်က အလုပ်သမားအရေး မလုပ်သူတွေကပါ မနေနိုင်မထိုင်နိုင် ဝင်ရောက်ကူညီနေရတာပဲဖြစ်ပါတယ် ဟုဆိုပါတယ်။

MoU  တွေဘာကြောင့် ရာနဲ့ချီပြီး မြဝတီမြို့ကို ပြန်ရောက်နေရတာလဲ။ ယခင်က အလုပ်သမားအရေး မလုပ်တဲ့ သူတွေကပါ မနေနိုင်မထိုင်နိုင် အလုပ်သမားအရေး ဝင်ရောက် ကူညီနေရတာ ဘာကြောင့်လဲဆိုတော့ တာဝန်ရှိတဲ့သူတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိလို ့ နီးစပ်ရာ အဖွဲ့တွေက ဝင်ရောက်ကူညီနေကြရတာဖြစ်တယ်။ ထိုင်းနိုင်ငံထဲကိုရောက်နေကြတဲ့ အလုပ်သမားတွေလည်း ဒုက္ခရောက်နေကြတာရှိတယ်။ ဒါဟာ တာဝန်ရှိသူတွေ တာဝန်မဲ့နေတဲ့ အတွက်ကြောင့် အလုပ်သမားတွေ အမြောက် အမြား ဒုက္ခရောက်နေတာ ဖြစ်ပါတယ်။ အလွယ်တကူ Demand ရရင်ပြီးရော။ ရှင်းရှင်း ပြောမယ်။ Demand ကိုပိုက်ဆံပေးပြီးတော့ ဝယ်ယူထားတဲ့သူတွေ ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့လိုတယ်။ ဝန်ကြီးဌာနအနေနဲ ့MoU စနစ်ကို တိတိကျကျ မှန်မှန်ကန်ကန် သိက္ခာရှိရှိ စီစဉ်ပေးထားတာကို အေဂျင်စီတွေက Demand ကို ဝယ်ယူပြီး ပြီးစလွယ်လုပ်ကြတယ်။ Demand နဲ ့စာချုပ်ပါ အလုပ်နဲ့တလွဲဖြစ်တော့ အလုပ်သမားတွေ ဒုက္ခရောက်ပြီး ပြန်လာရတယ်။ လုပ်သား ၁၀၀ မှာ ၁၀ ယောက် ပြန်လာတာ ကိစ္စမရှိပါဘူးဆိုပြီးနေတဲ့ အေဂျင်စီတွေလည်း အများကြီးရှိတယ်။ ဝန်ကြီးဌာနက ချမှတ်ထားတဲ့၊ စနစ်တွေ၊  စည်းကမ်းတွေကလည်း သိပ်ကောင်းတဲ့အတွက် အေဂျင်စီတွေအနေနဲ့ စည်းကမ်းရှိမယ်ဆိုရင် ပြဿနာဟာလည်း ပြေလျော့သွားနိုင်ပါတယ်လို့ ကိုသားကြီးက ဆိုပါတယ်။

MoU စနစ်မှာ စာချုပ်ပါအတိုင်း အလုပ်ပေးနိုင်ဖို့လိုတယ်။ စာချုပ်ပါအတိုင်း စည်းကမ်းကို အေဂျင်စီတွေ လိုက်နာဖို့ လိုသလို အလုပ်သမားဝန်ကြီးဌာနကလည်း တစ်ဖက်နိုင်ငံရဲ့ ဥပဒေကို သိဖို့လိုကြောင်းလည်း ၎င်းကဆိုပါတယ်။

G to G ကိစ္စကို G to G ဖြေရှင်းမယ်ဆိုရင် မြန်မာအလုပ်သမားတွေဟာ နှစ်နှစ်မပြည့်ဘဲ မိမိနိုင်ငံထဲကို ပြန်လာစရာ အကြောင်းမရှိပါဘူး။ ပြဿနာတွေကို G to G ဖြေရှင်းမယ်ဆိုရင် ကျွန်တော်တို့အလုပ်သမားတွေဟာ နှစ်နှစ်စာချုပ်ပြည့်မှသာ မိခင်နိုင်ငံကို ပြန်လာကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အလုပ်လက်မဲ့ ပြဿနာကြီးထွားနေမှုကို ဖြေရှင်းနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု လာလုပ်တဲ့ လုပ်ငန်းရှင်တွေကို အစိုးရက ယုံကြည်မှုပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

မန်နေးဂျင်းဒါရိုက်တာ ကိုသားကြီးက “ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအလုပ်လက်မဲ့ ဖြစ်နေတဲ့ ပြည်သူတွေကို အလုပ်အကိုင်ပေးနိုင်ဖို့ဆိုရင် အဓိကလိုအပ်ချက်က လာပြီးရင်းနှီးမြှုပ်နှံမှု လာလုပ်တဲ့လုပ်ငန်းရှင်တွေကို ကျွန်တော်တို့ အစိုးရက ယုံကြည်မှု ပေးနိုင်ရမယ်။ အရင်အစိုးရလုပ်သွားလို့၊ တို့အစိုးရလက်ထက် မဟုတ်လို့ မဆိုင်ဘူးဆိုပြီး တာဝန်မယူဘူးဆိုတဲ့ ပေါ်လစီရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘယ်အစိုးရက လုပ်သွား လုပ်သွား လက်ရှိတာဝန်ယူနေတဲ့ အစိုးရက မိမိအလုပ်ကို မိမိတာဝန်ကျေမယ်ဆိုရင် တစ်ဖက်နိုင်ငံကလာတဲ့ ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့ လုပ်ငန်းရှင်တွေကို ယုံကြည်မှုပေးမယ်ဆိုရင် အလုပ်လက်မဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်သလို ကျွန်တော်တို့နိုင်ငံက လူသားအရင်းအမြစ် ဆုံးရှုံး မှုကိိုလည်း တားဆီးကကွယ်ပြီးသားဖြစ်မှာ ဖြစ်ပါတယ်” ဟုဆိုပါတယ်။

MoU စနစ်ကို ခုတုံးလုပ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရောင်းကုန်လို သဘောထားကာ စာချုပ်ပါစည်းကမ်းနဲ့ မညီ၊ အလုပ်၊ နေရာအဆင့်ဆင့်သို့ ပို့ဆောင်ကုန်ကူးနေခြင်းတွေကို တာဝန်ရှိတဲ့ ဌာနတွေက ကူညီဖြေရှင်းပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတော့တယ်။

 

Most Read

Most Recent