မျှယူသူတို့၏ နွေဂယ်လာရီ

မျှယူသူတို့၏ နွေဂယ်လာရီ
Published 6 April 2019
လင်းခါး

ငါသေရင် စတုမဟာရာဇ်ဘုံကို ရောက် မှာ။ ဒါပေမဲ့ အဲဒီမှာ ပန်းချီဆွဲလို့ရ၊ မရက မသေချာတော့ သေတောင် မသေချင်ဘူးကွာ

မနက်အစောကြီး မူးယစ်ရီဝေနေပုံရတဲ့ ပန်းချီဆရာတစ်ယောက်ကပြောတယ်။ ကျွန်တော်တော့ အဲဒီလူရဲ့ ပန်းချီကားဆိုလို့ တစ်ကားပဲ မြင်ဖူးတယ်။ အဲဒါလည်း တစ်ခါက သူ့မိတ်ဆွေတစ်ယောက်ကို ပေးဖို့ လက်ဖက် ရည်ဆိုင်ကို ယူလာတုန်းက မြင်ဖူးလိုက်တာ။ Abstract ပဲနဲ့ တူပါတယ်။ အဲဒီရက်မတိုင်ခင် ညကတော်တော်ပဲ မူးအောင်သောက်ထားမိတော့ မနက်ခင်းကျွန်တော့်မှာ ခေါင်းတွေတဒိတ်ဒိတ်နဲ့ ကိုက်နေတာ။ သူ့ပန်းချီကား ကို ကြည့်ပြီး ကျွန်တော် မြင်လိုက်တာတော့ ရေပြင်နှစ်ခုကို အလယ်ကနေ ပုံဆိုးပန်းဆိုး နဲ့ ခွဲခြမ်းထားလိုက်တဲ့ ကျွန်းတစ်ခုပုံပဲ။ သူဘာဆွဲသလဲတော့ ဘယ်သိမလဲ။ ကျွန်တော်တော့ အဲဒီ ရုပ်ဆိုးဆိုး ကျွန်းပုံပန်းချီကားကို ကြည့်ပြီး နောင်ဘဝတစ်လျှောက်လုံး ဒီနေ့ အထိပေါ့လေ၊ သူ့ပန်းချီကား ထပ်မမြင်ဖူး တော့ပေမဲ့ သူဟာ ပန်းချီဆရာလို့ပဲ သိထား လိုက်တယ်။

ပန်းချီဆရာရဲ့ လက်ထဲမှာ ငါးဆင့်စတီး ချိုင့်ကြီး ဆွဲလို့။ ကျွန်တော့်ရဲ့ ရှေ့တည့်တည့်၊ အဲဒီနေရာကို သူ ရောက်တာ ငါးမိနစ်ပြည့် တော့မယ်ဆိုပေမဲ့ ဆိုင်ကယ်ပေါ်က မဆင်း၊ စက်လည်း မသတ်။ ပန်းချီဆရာဟာ သူ့စိတ် ရူးပေါက်ပေါက်စကားတွေ ပြောဖို့သက်သက် ကျွန်တော့်ရှေ့ လာရပ်နေပုံရတယ်။ ဘေးမှာ တခြားလူတွေလည်း ရှိနေတယ်ဆိုပေမဲ့ ကျွန် တော့်ကို အမှူးထားပြောဆိုနေပုံပါပဲ။

ဘုန်းကြီး ဆွမ်းသွားကပ်မယ်ကွာ၊ အပြန် ဘီယာနှစ်ခွက် ဝင်သောက်မယ်။ ဘယ့် နှယ်လဲ မလှဘူးလားတဲ့။ သူ ဆက်ပြောနေတယ်။ ကျွန်တော့်စိတ်ထဲတော့ ဘယ်နေရာမှ မလှပါဘူး။ သူ့ပုံစံကလည်း စုတ်တီးစုတ် ပြတ်နဲ့ရယ်။ နေကလည်း ပူလိုက်တာ၊ ငရဲဆိုတာ ဒါမျိုးပဲဟေ့လို့ အရပ်ထဲက အမူးသမား ကျိန်းဝါးသလို ကျိန်းဝါးပြီး ပူနေတာ။

နေပူပူထဲ သူ့အသံကြီးကြားနေရတာ ကိုက တော်တော်ရုပ်ဆိုးလှပြီ။ ပန်းချီဆရာကတော့ သိဟန်မတူဘူး။ သူ့ဘာသာသူ ဂုဏ်တွေ ယူနေတယ်။ သူ့ပုံစံကြည့်ရတာလည်း သူလုပ်သမျှ အကုန်ဂုဏ်ယူစရာချည်းလို့ ထင်နေတဲ့ ပါရမီရှင်အရူးတွေလိုမျိုးပဲ။ ဒီပန်းချီဆရာဟာ ပါရမီရှင်ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိဘူး။ သူ့ပန်းချီကားဆိုလို့ တစ်ကားပဲ ကျွန်တော်မြင်ဖူးတယ်။

ဘာမှ ပြန်ပြောချင်စိတ်မရှိဘူး။ ကျွန်တော်လည်း သူ့ကို ငေါင်စင်းစင်းနဲ့ပဲ ကြည့်နေလိုက်တယ်။ လောင်မြိုက်နေတဲ့ မြင်ကွင်းကို ကြည့်မဲ့အစား အရိပ်ကျနေတဲ့ သူ့ကိုယ်ခန္ဓာကို ကြည့်နေလိုက်တဲ့သဘောပဲ။ သူ့နေရာမှာ သူမဟုတ်ဘဲ တခြားတစ်ယောက်ယောက်ဆိုရင်လည်း ကျွန်တော်ကြည့်နေလိုက်မှာ။ မိန်းမတစ်ယောက်ယောက် ဖြစ်နေဦးတော့ ကာယိအိန္ဒြေပျက်ပြားစေ ဘာစေမဟုတ် ကြည့်နေမိမှာပဲ။ လတ်တလော နေပူတာကို ဘယ်သူမှ ပြုပြင်လို့ မရဘူး။ ရပ်ကြည့်နေရုံအပြင် ဘာမှမတတ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ သစ်သားရုပ်တုတစ်ခု သူ့ကို ကြည့်နေသလို သူခံစားသွားရတဲ့အထိ ကြာသွားတော့မှ ဆိုင်ကယ်ကို ဝူးခနဲ မောင်းထွက်သွားတယ်။ မသွားခင်ကလေး ပြောသွားသေးတယ်။ “သိပ်ပူတယ်ကွာ၊ အရောင်တောက် တောက်တွေ ငါ မကြိုက်ဘူးတဲ့။

ဒီရက်ပိုင်းမှာ အနုပညာရှင်ဆိုတာတွေ နဲ့ ကျွန်တော့်မှာ တော်တော်ဆုံရတယ်။ ဆုံရ လွန်းလို့ ကျွန်တော်ကိုယ်တိုင်များ အနုပညာရှင် ဖြစ်မှန်းမသိ ဖြစ်နေပြီလားလို့ (အဲဒီ အနု ပညာရှင်ဆိုတဲ့ သောက်စကားကြီးကို ကြား ရဖန်များလို့ ရွံ့မုန်းနေပြီမို့) ကြောက်ကြောက် လန့်လန့်နဲ့ တွေးမိတယ်။ ပန်းချီဆရာနဲ့ တွေ့ ပြီး နောက်တစ်နေ့ လက်ဖက်ရည်ဆိုင်မှာတော့ တင်ပါးမှာ သွေးစုနာပေါက်နေတဲ့ ကလပ် စစ်ကယ် ဂီတာသမားနဲ့ ဆုံမိပြန်တယ်။ လူပုံစံက အမြဲအလုပ်ရှုပ်နေတဲ့ ပိုးကောင်လေးတွေလို၊ မီးခိုးလို အူတူတူပုံစံပဲ။ တင်ပါးမှာ အနာနဲ့ မို့ ထင်တယ်၊ လူက အလိုလိုနေရင်း တစ်ခြမ်း စောင်းနေတယ်။ ဆံပင်တွေက ဦးရေကနေ တိုင်းရင်တစ်လက်မလောက်အထိ အငမ်းမရ ဖြူခဲ့ပြီးမှ မောသွားဟန်နဲ့ အဖျားပိုင်းကျတော့ မည်းသွားတယ်။ အဲဒါ ဘယ်လောက် ကြည့်ရဆိုးတယ်ဆိုတာ တစ်လောကလုံး သိပေမဲ့ အဲဒီ ကလပ်စစ်ကယ် ဂီတာသမားကတော့ သိပုံမရဘူး။ အဲဒီအတိုင်းကြီးပဲ တစ်နေဝင် တစ်မိုးချုပ်၊ တစ်လမ်းဝင်တစ်လမ်းထွက်။ ဂီတာသမားဆိုတဲ့သူတွေ တော်တော်များများ ကျွန်တော် ကြုံခဲ့ဖူးတယ်။ သူတို့မှာ သူတို့ လက်ချောင်းသွယ်သွယ်တွေကို ဂီတာကြိုး တွေပေါ်တင်၊ ဟိုကုတ်ဒီကုတ် လုပ်ရာကနေ ထွက်လာတဲ ့ငြိမ့်ညောင်းဖွယ်ဂီတကလွဲလို့ မက်မောစရာ ဘာဆိုဘာမှ မရှိတဲ့လူတွေ။

အဲဒီ ကလပ်စစ်ကယ် ဂီတာသမားဟာ လက်ဖက်ရည်ဆိုင်ထဲကို အရှိန်ကြီးနဲ့ ဝင်လာ၊ ပြီးတော့ နင်းစားလာတာ ခင်ဗျားတို့ ကျွန်တော်တို့ တစ်သက်ပဲမို့ ကျွမ်းကျင်ပိုင်နိုင်လွန်းတဲ့ ဆိုက်ကားဆရာတစ်ယောက် သူ့ဆိုက်ကားကို ဗာဒံပင်အောက်က ဂိတ်မှာ ထိုးလိုက် သလိုမျိုး ခွေးခြေခုံပေါ်ကို ဝင်ထိုင်လိုက်တယ်။ အဲဒီနောက် သူ့ချွေးတွေကို သူ့လက်ခုံကြီးနဲ့ သုတ်တယ်။ စားပွဲပေါ် တစ်ရှူးတွေရှိနေပါလျက်ကယ်နဲ့ ချွေးတွေပေနေတဲ့ သူ့လက်ခုံ ကြီးကို သူ့အကျႌအနားစွန်းတွေနဲ့ သုတ်လိုက်တယ်။

အမ်ပီသရီး သီချင်းဖိုင်တွေကို ဖြတ် ညှပ်ကပ်လုပ်တတ်လားတဲ့။ ကျွန်တော့်ကို သူ ပြောတယ်။ ခေါင်းပဲ ခါပြလိုက်တယ်။ ဒီလိုရာသီဥတုမျိုးမှာ သီချင်းဖိုင် ဖြတ်ညှပ်ကပ် မပြောနဲ့၊ တော်လှန်ရေး လုပ်တတ်တောင် မလုပ်ဘူး။ လုပ်ချင်ပေမဲ့  ပူလွန်းတယ်လေ။ ဘယ်လိုလုပ် အဆင်ပြေမလဲ။ ပစ္စည်းမဲ့လူ တန်းစားတွေအတွက် စိတ်မကောင်းဖြစ်မိ ပေမဲ့ ကိုယ်ကိုယ်တိုင်ကလည်း ကျောမွဲပဲ။ ကျောက မွဲပါတယ်ဆိုမှ ပူက ပူနေသေးတယ်။

ကြိုးတွေတောင် ပူနေတယ်ကွာ၊ ဒီကြိုး ပူကြီးတွေကို နိုင်လိုမင်းထက် ကုတ်ဖဲ့ပြီး မညှဉ်း ပန်းရက်တော့ပါဘူး။ ကလပ်စစ်ကယ် ဂီတာသမားဟာ အဲဒီစကားကို ပြောလိုက်တုန်းကတော့ တကယ့်စိတ်ရင်းနဲ့ ပြောတာ၊ ခံစားရ လွန်းလို့ မအောင့်နိုင်လွန်းလို့ အန်ချလိုက် သလိုမျိုး။ ဒါပေမဲ့ ပြောပြီးကာမှ သူ့စကား က အလွန်ကြီး၊ အလှကြီး ဖြစ်မှန်းမသိဖြစ်နေတယ်လို့ ခံစားလိုက်ရပုံမျိုးနဲ့ “အယ်လဲ့ဆို တဲ့တစ်လုံး ၀ါကျနောက်က ဖြည့်လိုက်တယ်။

ရုပ်ရှင်ဇာတ်လမ်းတွေ၊ ကာတွန်းတွေမှာ ကြည့်ဖူးပါရဲ့။ လူတွေရဲ့အတွေးကို သိနေ တဲ့ စွမ်းအားရှင် လူတစ်ယောက်အကြောင်းပေါ့။ အဲဒီကောင် တော်တော်ဒုက္ခများမယ်။ လူတွေကို ရွံမုန်းသွားမယ်လို့ ထင်တယ်။ လူတစ်ယောက်ရဲ့ တခြားလူတွေ မသိနိုင်တဲ့ ခေါင်းထဲက အတွေးတွေဆိုတာ ကြောက်စရာ ကောင်းလောက်အောင် ညစ်စုတ်တာတွေ လည်း ရှိမှာပဲ။ ထုတ်ပြောဖို့ မသင့်လောက်အောင် ကြီးကျယ်တဲ့ ခမ်းနားရူးသွပ်တဲ့ စိတ်ကူးယဉ်မှုတွေလည်း ရှိမှာပဲ။

ကလပ်စစ်ကယ်ဂီတာသမားလည်း ပူလွန်းတော့ ရူးသွားသလား မပြောတတ်ဘူး။ သူ့အိမ်ကနေဆိုရင် အလွန်ဝေးတဲ့ လက်ဖက် ရည်ဆိုင်အထိ သူ့စိတ်နဲ့သူ ရောက်လာခဲ့ပြီးမှ ဘာမှ မသောက်မစားဘဲ အိမ်ပြန်တော့မယ်ကွာ၊ ပူလွန်းတယ်ဆိုပြီး ငါးမိနစ်လောက်နဲ့ ထပြန်သွားတယ်။ အဲဒီကနေ နောက်တစ်ရက် မှာတော့ ကဗျာဆရာတွေ ထိုင်နေကျဝိုင်းကို ကျွန်တော်ရောက်သွားပြန်တယ်။

လူ့ဘဝရဲ့ အနှစ်သာရအကြောင်း စကား စပ်မိရာက ကျွန်တော်တို့ အာကာသအ ကြောင်း စကားစ ရောက်သွားတယ်။ တစ်ယောက်က စကြာဝဠာကြီး ပြန့်ကားနေသလို ငါတို့ပါ လိုက်ပြီး ပြန့်ကားမနေတာ တော် သေးတယ်ကွာလို့ အရွှန်းဖောက်တယ်။ ကျွန်တော်လည်း ပူလွန်းတဲ့ရာသီဥတုအကြောင်းကို ရတုန်း ထည့်ပြောတယ်။ မပြန့်ကားပေမဲ့ ပူလွန်းတော့ လူတွေလည်း ပွယောင်းယောင်း ဖြစ်နေပါပြီဗျာ။

အေးဗျာ။ မတ်၊ ဧပြီပဲ ရှိသေးတယ်။ ဒီလောက်ပူနေရင် မေ၊ ဇွန်၊ ဇူလိုင်ကျရင် ပူ စရာရော ကျန်ပါဦးမလားကဗျာဆရာ တစ် ယောက်က ငေါ့ပြော ပြောတယ်။ အဲဒီနောက်မှာ သူကပဲ စကားဆက်တယ်။

ခုနက ဒီကို အလာ ကောင်မလေးတစ်ယောက်ကို ကျွန်တော့်ဆိုင်ကယ်နဲ့ တိုက်ခဲ့မိတယ်ဗျာ၊ ဘာမှတော့ ဖြစ်မသွားပါဘူး။ ဒါပေမဲ့ ကောင်မလေးခမျာ သနားပါတယ်၊ လူလယ်ကောင် ဆိုင်ကယ်တိုက်ခံရပြီး လဲကျတော့ ရှက်လည်း ရှက်တယ်နဲ့တူတယ် တန်းထပြေး ပါလေရော၊ ကျွန်တော်က “ဟဲ့ မိန်းကလေး ဘယ့်နှယ်တုန်း၊ ဘာဖြစ်သွားသေးတုန်းမေး တော့ ကျွန်တော့်ကို တစ်ချက်ကြည့်၊ သူက တောင် ပြန်တောင်းပန်ပြီး ထပြေးတာပဲ၊ ကလေးမ ငယ်ငယ်ရှိသေးတယ်။ ဆယ့်လေး ငါးနှစ်လောက်ပေါ့။ ရွာဘက်ကနဲ့ တူပါတယ်။ ဝမ်းဆက်ကလေးနဲ့ လှတပတကလေး ဝတ်စားလို့ မျက်နှာမှာလည်း သနပ်ခါးအပြည့်၊ ပါးကွက်ကလေးတွေနဲ့ ကျွန်တော့်လည်း ကိုယ့်ဆိုင်ကယ် ကိုယ်ပြန်ထူ ပြေးထွက်သွားတဲ့ ကောင်မလေးနောက်ကျောကို လှမ်းကြည့် ရင်း စိတ်မကောင်းဖြစ်နေမိတယ် အဲဒါနဲ့ ...

ကဗျာဆရာဟာ ပြောလက်စတန်းလန်း နဲ့ သူ့ဖုန်းကို ဖွင့်ပြီး တစ်ခုခုရှာနေတယ်။ ကျန်တဲ့ ကဗျာဆရာတွေရော ကျွန်တော်ပါ အဲဒီ ကဗျာဆရာရဲ့ စကားကို နားထောင်ပြီး စကားထဲပါတဲ့အတိုင်း ဖြစ်ပျက်ပုံကလေးကို ပုံဖော်တွေးကြည့်နေမိကြတယ်။ အောက်ကကတ္တရာလမ်းကြီးကလည်း ပူနေမှာ၊ ပူပါတယ်ဆိုမှ ဆိုင်ကယ်က တိုက်မိ၊ အပျိုဖော်ဝင်စ ရွာက ကောင်မလေးတစ်ယောက် လူလယ်ကောင် ဆိုင်ကယ်တိုက်ခံရတဲ့အဖြစ်ဟာ (ပြင်းပြင်းထန်ထန်မဟုတ်လို့ မကျိုးမပဲ့သွား တဲ့တိုင်အောင်) အတော်ကြေကွဲဖို့ ကောင်း တာပဲလို့ အားလုံး လက်ခံကြဟန်တူပါတယ်။

ကာယကံရှင် ကဗျာဆရာမှာလည်း အတော်လေးကို မျက်နှာမကောင်းဘူး။ သူ့ခမျာ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့ရသလိုကို ခံစားနေရပုံပေါ်တယ်။

ဒီမှာ ဒီမှာ တွေ့ပြီ ကျွန်တော်လည်း ရှက်ရှက်နဲ့ ထွက်ပြေးသွားပုံရတဲ့ သူ့ကို ကြည့် ရင်း စိတ်မကောင်းဖြစ်တာနဲ့ နောက်ကနေ ဓာတ်ပုံ လှမ်းရိုက်လိုက်တယ် ဒီမှာ . . .သူက သူ့ဖုန်းထဲကပုံကို တခြားသူတွေ မြင်အောင် ပြတယ်။ ကဗျာဆရာတွေလည်း သူ့ဖုန်းကို လှမ်းယူပြီး တစ်လှည့်စီ ကြည့်ကြတယ်။ ကျွန် တော့်အလှည့်ရောက်တော့လည်း ကျွန်တော်လည်း အဲဒီပုံကို ကြည့်လိုက်တယ်။ ကလေးမလေးက တော်တော်ဝေးဝေး ရောက်နေပြီ။ထဘီအနားစလေးတွေ ခတ်နေပုံမို့ ပြေးနေတုန်းပဲရှိသေးတဲ့ပုံလေး။ အကျႌထဘီ အနီဝမ်း ဆက်ကလေးနဲ့ ကျောပေါ်မှာ ကျစ်ဆံမြီးကလေး ကခုန်နေတာကို ခံစားမြင်ရတယ်။ ဒါ ပေမဲ့ တော်တော်လေး မှုန်ဝါးနေတယ်။ ကဗျာ ဆရာရဲ့ ဖုန်းကင်မရာကလည်း သိပ်ကောင်း ပုံမရတဲ့အပြင် နေပူလွန်းလို့ ဝန်းကျင်တစ်ခွင် လုံးကလည်း ဖွေးဆွတ်ဆွတ်ကြီးဖြစ်နေတော့ မပီဝိုးတဝါးပါပဲ။

မပီဝိုးတဝါးဆိုပေမဲ့လည်း ကောင်းကောင်းခံစားလို့ရပါတယ်။ ကလေးမသနား ပါတယ်။ လှတပတကလေး ဝတ်စားထားတဲ့ နေ့မှ ဆိုင်ကယ်အတိုက်ခံရတယ်လို့။ သူ့ အဖေ သူ့အမေသာသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ “မှန်းစမ်း၊ ဘယ်နေရာ နာသေး တုန်း၊ ငါ့သမီးလေးရဲ့လို့ ရင်ဘတ်ကလေး ဖိလို့ စိုးရိမ်ပြော ပြောနေမှာ အသေအချာ။ အင်းဘာမှတော့ ဖြစ်မသွားလောက်ပါဘူး။ အဲဒါကြောင့်မို့လည်း သူထပြီး ပြေးသွားနိုင် တာနေမှာပေါ့လို့ ကဗျာဆရာအစား ဖြေတွေး ကြည့်နေမိတယ်။ ဘာမှ ဖြစ်မသွားဆိုပေမဲ့ လည်း နာတော့ နာမှာပဲဗျာ။

အဲဒီပုံလေး ကျွန်တော့်ကို Zapya  နဲ့ ပေးစမ်းပါဗျာကျွန်တော် ပြောလိုက်တယ်

ဘာလုပ်မို့တုန်းဗျာ ခင်ဗျားကကဗျာ ဆရာက အူကြောင်ကြောင်မျက်နှာပေးနဲ့ ကျွန်တော့်ကို ပြန်မေးနေသေးတယ်။

ခင်ဗျားရော အဲဒီပုံ ဘာလို့ ရိုက်ယူလာ တာတုန်းဗျ

အေးဗျာ ကျွန်တော်လည်း မသိဘူး

ဓာတ်ပုံကိုကျွန်တော် တောင်းလိုက် တော့ ကျန်တဲ့ကဗျာဆရာတွေလည်း ပူပြင်းတဲ့ နွေနေ့လယ်မှာ ဘဝနဲ့ပတ်သက်လို့ အ လင်းပွင့်မှု တစ်ခုခုများ ရလိုက်ကြသလား မပြောတတ်ဘူး။ အကုန်လုံးက အဲဒီပုံလေး သူတို့ဆီလည်း ပို့ပေးဖို့ တောင်းဆိုကြတယ်။ ဒီတော့လည်း ကာယကံရှင် ကဗျာဆရာခမျာ သူ့လုပ်ခဲ့တဲ့ အပြစ်ကျေပါစေတော့ရယ်လို့ သဘောထားပြီး တစ်ယောက်ချင်းစီကို အလှည့်ကျ ပုံပို့ပေးလို့ နေပါတယ်။ နေက တဖြည်း ဖြည်း မြင့်လာလို့ အတော့်ကို ပူနေပြီ။ တစ်ဖက်ဝိုင်းမှာ စားပွဲထိုးလေးက ၀ါးခနဲ တစ်ချက် သမ်းလိုက်တယ်။ ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်အမျိုးသမီးကလည်း ဆိုင်အပြင်ဘက်က ဖုန်ထူထူ နေပူပူလမ်းမကို ငေးရင်း ငြိမ်သက်လို့ နေတယ်။ ခပ်ဝေးဝေးကို ထွက်ပြေးသွားတဲ့ ကောင်မလေးတစ်ယောက် ရဲ့ပုံဟာ ကျွန်တော်တို့အားလုံးရဲ့ ဂယ်လာရီ ထဲကို ရောက်ရှိလာခဲ့ပါပြီ။

Most Read

Most Recent